နေပြည်တော် ဩဂုတ် ၁၈
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်လင်းအောင်နှင့်အတူ ဩဂုတ် ၁၄ ရက်မှ ၁၇ ရက်အထိ ကချင် ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော မဂွေဇ-ခေါင်လန်ဖူး ကားလမ်း (၆၅/၄) မိုင်၏ မေခမြစ် (ရီဒမ်း) အရှေ့ဖက်ခြမ်း လမ်းဆက်လက်ဖောက်လုပ်နေမှု၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဩဂုတ် ၁၄ ရက်တွင် မဂွေဇ-ခေါင်လန်ဖူး (၆၅/၄) မိုင် လမ်းဖောက်လုပ်ရေးလုပ်ငန်းခွင်သို့ရောက်ရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်များတွင် ဆောင်ရွက်ပြီးစီးခဲ့သည့် မြေလမ်း၊ ကျောက်လမ်း၊ တံတားများ၊ Box Culvert များ၏ ကောင်းမွန်မှု၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် တံတား (၄) စင်း တည်ဆောက်ပြီးစီးမှုနှင့် မေခမြစ်ကူး မူလကြိုးတံတားအဟောင်းကို (၃/၄)တန် ယာဉ်ငယ်များ ယာယီဖြတ်သန်းအသုံးပြုနိုင်ရေးအတွက် တံတားကြံ့ခိုင်မှု၊ ပြုပြင်ထိန်းသိမ်းထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းပံ့ပိုးပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဩဂုတ် ၁၅ ရက်တွင် မဂွေဇ-ခေါင်လန်ဖူးကားလမ်း (၆၅/၄)မိုင်အနက် ဖောက်လုပ်ပြီးစီးခဲ့သည့် မေခမြစ်(ရီဒမ်း) အရှေ့ဖက်ခြမ်း မိုင်တိုင်(၄၇/၇)မိုင် လုပ်ငန်းခွင်သို့ရောက်ရှိခဲ့ပြီး ကျောက်တောင်များ မိုင်းခွဲရန် ပြင်ဆင်နေမှု၊ ယန္တရားများဖြင့် လမ်းဆက်လက်ဖောက်လုပ်နေမှုကို ခြေလျင်ခရီးဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းလုပ်ငန်းဆောင်ရွက်နေကြသည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ စစ် မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ စစ်သည်များ၊ ဒေသခံဌာနေလုပ်သားများအား လမ်းဖောက်လုပ်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ သတ်မှတ်ကာလအတွင်း လုပ်ငန်းများအချိန်မီပြီးစီးရေးအတွက် ဝီရိယစိုက်ထုတ် ကြိုးပမ်းဆောင် ရွက်သွားကြရန်၊ ယခုလိုကြမ်းတမ်းသည့် မိုးရာသီကာလ၌ ခက်ခဲသည့်မြေပြင်အနေအထားတွင် လုပ်ငန်းဆောင်ရွက်နေကြသူများကို ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်းမှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင် ရွက်ပေးသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဩဂုတ် ၁၆ ရက်တွင် ဇီဝဒမ်းလမ်းလုပ်ငန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ လမ်းလုပ်ငန်းပြီးစီးမှုနှင့် ရှေ့ဆက်လက်လမ်းဖောက်လုပ်သွားမည့်အစီအမံများအား အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်လတ်နှင့် လမ်းအပိုင်းလိုက်တာဝန်ယူဆောင်ရွက်နေကြသည့် တာဝန်ခံအင်ဂျင်နီယာများ၊ စစ်မြေပြင်အင်ဂျင် နီယာတပ်ရင်းမှ တာဝန်ခံအရာရှိများက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းများအောင်မြင်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီး လမ်းစီမံကိန်းတွင် ပါဝင်ဆောင်ရွက်နေသည့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များနှင့် ဒေသခံဌာနေလုပ်သားများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
မဂွေဇ - ခေါင်လန်ဖူးကားလမ်း (၆၅/၄) မိုင်အား နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်၊ တပ်မတော်၏ ထောက်ပံ့ ပူးပေါင်းဆောင်ရွက်မှု၊ ဒေသခံပြည်သူများနှင့်လက်တွဲ၍ နယ်စပ်ရေးရာဝန်ကြီးဌာနက အဖွဲ့ (၂) ဖွဲ့ခွဲ၍ ဟန်ချက် ညီညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုကြောင့် ပွင့်လင်းရာသီတွင် ပူတာအို - မဂွေဇ - ရီဒမ်း (မေခမြစ်ကူးကြိုးတံတား)အထိ မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ရီဒမ်းမှ ခေါင်လန်ဖူးအထိ ဆိုင်ကယ်များဖြင့်လည်းကောင်း နေ့ချင်းပေါက်သွားလာနိုင်ပြီဖြစ်ပြီး မကြာမီကာလအတွင်း ခေါင်လန်ဖူးမြို့အထိ ကားလမ်း ပေါက်အောင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆက်လက်ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခရီးစဉ်အတွင်း ပူတာအိုမြို့နယ်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းနှင့် ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးများသို့ ရောက်ရှိခဲ့ပြီး ကျောင်းအုပ်များ၊ နည်းပြများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများနှင့် သင်တန်းသူများအားတွေ့ဆုံ၍ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပြီး ထောက်ပံ့ငွေများပေးအပ်ကာ သင်တန်းကျောင်းဝန်းအတွင်းရှိ ကျောင်းသားအိပ်ဆောင်များ၊ စားရိပ်သာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)