Skip to main content

ကချင်ပြည်နယ်ဝန်ကြီးချုပ် လွယ်ခေါ-မလိခ ကျေးရွာချင်းဆက် လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ကျေးရွာများ ဖွံ့ဖြိုး တိုးတက်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မြစ်ကြီးနား  သြဂုတ်  ၁၈

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် မြစ်ကြီးနားမြို့နယ်၊ လွယ်ခေါ - မလိခ ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ကျေးရွာများဖွံ့ဖြိုး တိုးတက်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွယ်ခေါ - မလိခ ကျေးရွာချင်းဆက်လမ်းကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို လမ်းတစ်လျှောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မလိခကျေးရွာ၊ နှစ်ခြင်းခရစ်ယာန် အသင်းတော်ဘုရားကျောင်း၌ ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိ၊ ရပ်ဖများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ကျေးလက်နေပြည်သူများ ဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ဘတ်ဂျက်ခွဲဝေလျာထားပြီး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဆက်လက်၍လည်း လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားပြီး ကျေးရွာအတွက် လိုအပ်သည့် လမ်း၊ တံတား၊ လျှပ်စစ်မီးလင်းရေးနှင့် လူမှုကူညီရေးအတွက် ကားတစ်စီး ချထားပေးနိုင်ရေး ဌာနဆိုင်တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ အသင်းတော်အတွက် အလှူငွေများပေးအပ်ခဲ့သည်။

ယင်းနောက် သီရိရတနာဘုန်းတော်ကြီးကျောင်းအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လွယ်ခေါ - မလိခ ကျေးရွာချင်းဆက် လမ်းပိုင်း ၄/၇ မိုင်အား   ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ၊ GRF ရန်ပုံ ငွေ၊ CF ရန်ပုံငွေတို့ဖြင့် ဘဏ္ဍာနှစ်အလိုက် ကျေးလက်လမ်းဦးစီးဌာန တာဝန်ယူ၍ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွယ်ခေါကျေးရွာ၊ ထွယ်ဆန်ယန်လီဆူနှစ်ခြင်းအသင်းတော် ဘုရားကျောင်း၌ အသင်းတော် တာဝန်ရှိသူများ၊ ရပ်မိ၊ ရပ်ဖများနှင့်တွေ့ဆုံပြီး ကျေးရွာဖွံ့ ဖြိုးရေးအတွက် လူမှုကူညီရေး ကားလိုအပ်ချက်၊ ကျေးရွာနယ်မြေ အပိုင်းအလိုက် လမ်းလိုအပ်ချက်များနှင့် အခြေခံပညာ ကျောင်းအတွက် စာသင်ခုံလိုအပ်ချက်များကို ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အသင်းတော်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

ပြည်နယ်ပြန်/ဆက်