Skip to main content

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဆိပ်ကြီးခနောင်တိုမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

ရန်ကုန် သြဂုတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန် တောင်ပိုင်းခရိုင် ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။ 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လမ်းတံတား ဆိုင်ရာ လုပ်ငန်း တာဝန်ခံအဖွဲ့မှ ခနောင်တိုအနောက်ရပ်ကွက်၌ အရှည် ပေ ၃၀၊ အကျယ် ၁၆ ပေ ရှိသော ဓညဝတီတံတား တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။  

ထို့နောက် ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး၊  ကိုဗစ်−၁၉ ရောဂါ ကာလဖြစ်ခြင်းကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထား သော လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင် စေရေး ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆိပ်ကြီးအရှေ့ရပ်ကွက် ရွှေရန်ကုန် စက်တပ်သမ္ဗန် ကူးတို့ဆိပ်အနီး သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်က ရေတိုက်စားမှုကြောင့်  ကမ်းထိန်းနံရံအတွင်း အလျားပေ ၁၂၀၊ အနံ ၃၀ ပေခန့်ရှိ မြေပြိုကျမှု ဖြစ်ပွားရာ နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများအား အချိန်မီ ပြန်လည်ပြုပြင် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်အား ဆက်သွယ်တည်ဆောက်မည့် တံတားမြေနေရာသို့ သွားရောက်ခဲ့ကာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ တာဝန်ရှိသူများက တည်ဆောက်မည့် တံတားပုံစံငယ်နှင့် တံတားအူလမ်းကြောင်း မြေနေရာ ကို ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့သို့ ဆက်သွယ်တည်ဆောက်မည့် တွံတေးတူးမြောင်းကူးတံတား အမျိုးအစားမှာ သံမဏိ သံပေါင် တံတား၊ နှစ်လမ်းသွားဖြစ်ပြီး၊ တံတားအရှည် ၇၇၅ မီတာ၊ အကျယ် ၁၀ မီတာ၊ ချဉ်းကပ်လမ်း အပါအဝင် စုစုပေါင်း အရှည် ၂၅၄၂  ပေ ရှိရာ၊ စုစုပေါင်းငွေကျပ် ၂၅ ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး၊ ဂျပန်နိုင်ငံ၌ နောက်ဆုံး တည်ဆောက်နေ သော တံတားဒီဇိုင်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁) မှ တာဝန်ယူ တည်ဆောက်သွား မည်ဖြစ်သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

နိုင်လင်းကျော်(ဒလ)၊ ဝေယံ(ဆိပ်ကြီးခနောင်တို)