ဟားခါး သြဂုတ် ၁၇
၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ချင်းပြည်နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး ပြည်နယ်အဆင့် ပံ့ပိုးကူညီရေးအဖွဲ့၊ ပြည်နယ်ရွေးကောက်ပွဲကောင်မရှင်အဖွဲ့ခွဲနှင့် တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတိတ်ထန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအုပ်နောလ် အတွင်းရေးမှူး ဦးလင်းကျော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်းအခွင့်အရေးများဆုံးရှုံးမှု မရှိစေရေးတို့အတွက် ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်ကြရန် အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအုပ်နောလ်က ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ပတ်သက်၍လည်းကောင်း၊ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးလင်းကျော်က ပြည်နယ် အတွင်းမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာမဲဆန္ဒနယ်များအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ရွေးကောက်ပွဲနှင့်ဆက်စပ်လျက်ရှိသော လုပ်ငန်းများကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးနေလင်းက ပြည်နယ်အတွင်း လူဦးရေစာရင်းများ၊ မှတ်ပုံတင်စာရင်းများနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အသက် ၁၈ နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကိုလည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြသည်။
ယင်းနောက်တက်ရောက်လာကြသည့် ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တက်ရောက် လာကြသည့်ပြည်နယ်အဆင့် ပံ့ပိုးကူညီရေးအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ကျရာနေရာ၊ ကျရာတာဝန်တွေကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်နှင့်ပြည်သူတွေရဲ့အကျိုးကို ရည်မျှော်မှန်းကာ အလေးထားဆောင်ရွက်ပေးကြရန် နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့သည်။
မြင့်နိုင်စိုး (ပြန်/ဆက်)