နေပြည်တော် ဇန်နဝါရီ ၁၂
နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲက မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် စက်မှု၊စွမ်းအင်နှင့် လျှပ်စစ်ရေးရာ ကော်မတီဥက္ကဋ္ဌ ဦးလှိုင်ဝင်း၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ၊ ဦးစီးဌာန၊ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ဓာတ်အားပေးစက်ရုံမှူးများ၊ ပင်မဓာတ်အားခွဲရုံမှူးများ၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်တို့၏ လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်းလုံးသို့ လာမည့်နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလတွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း၌လည်း အစည်းအဝေးပြုလုပ်၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သလို ယခုမန္တလေး လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းတွင်လည်း ဌာနအလိုက် ဆောင်ရွက်ထားမှုအပေါ် ပေါင်းစပ်ညှိနှိုင်းရန်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ အနာဂတ်လျှပ်စစ် ဓာတ်အားသုံးစွဲနိုင်ရေး ရည်မှန်းချက်အဖြစ် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ မီးသုံးစွဲနိုင်မှု ၅၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ရာနှုန်းပြည့် လျှပ်စစ်မီး သုံးစွဲနိုင်အောင် စီမံဆောင်ရွက်လျက်ရှိသည်ကို အားလုံးသိရှိထားပြီးဖြစ်သဖြင့် ဝိုင်းဝန်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ တစ်ဖက်တွင်လည်း လာမည့်နွေရာသီ ကာလအတွက် လျှပ်စစ်သုံးစွဲမှု တိုးတက်လာသည်ကို ဖြည့်ဆည်းနိုင်ရန် လျှပ်စစ်ထုတ်လုပ်မှုကိုလည်း (၁၁၆၆ မဂ္ဂါဝပ်) တိုးတက်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်၍ သတ်မှတ်ကာလများတွင် အချိန်မီ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း။
ဓာတ်အားပြတ်တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန် စေရေးတို့အတွက် လိုင်းသန့်ရှင်းရေး ပြုလုပ်ခြင်း အပါအဝင် ထိန်းသိမ်းပြုပြင်ခြင်း၊ အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများကို ကြိုတင်ဆောင်ရွက် ထားရန်လို အပ်ကြောင်း၊ ဓာတ်အားလိုင်းများအနေဖြင့်လည်း လိုင်းတစ်လိုင်းအပြစ် ဖြစ်ပွားချိန်၌ အခြားလိုင်း တစ်လိုင်းမှ ပြန်လည်ဓာတ်အားပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများသည် ပြည်သူလူထုနှင့် အနီးကပ်ဆုံးဖြစ်သည့်အ လျောက် မိမိတို့၏လုပ်ဆောင်ချက်များ၊ တွေ့ကြုံရသည့် စိန်ခေါ်မှုများကို ပြည်သူလူထုသိရှိအောင် ထိတွေ့ချ ပြရှင်းလင်းနေရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေရသည့် ဌာနဖြစ်သည့် အလျောက် မိမိတို့လုပ်ဆောင်မှုများအပေါ် ပြည်သူ များမှ နားလည်လက်ခံလာစေရေး ထိတွေ့ပြောဆို ချပြဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် Customer Services ကို အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မကြာမီကာလတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုချိန်များ၊ စာကျက်ချိန်များ ရောက်ရှိလာမည်ဖြစ်သည့်အတွက် လျှပ်စစ်မီးပြတ်တောက် မှုမရှိစေရေး ကြိုတင်စီမံဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ဝန်ဆောင်မှုပိုင်းတွင် တိုးတက်ကောင်းမွန် လာအောင် ရည်မှန်းချက်ထား ဆောင်ရွက်ရန်နှင့် ပြည်သူလူထုသို့ အရည်အသွေးပြည့်ဝပြီး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားများ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးဌာန၊ လုပ်ငန်းများမှ တာဝန်ရှိသူအသီးသီးက ၂၀၂၀ ပြည့်နှစ် နွေရာသီကာလတွင် ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး ဓာတ်အားပေး စက်ရုံများမှ ဓာတ်အား ထုတ်လုပ်မည့်အစီအမံများ၊ တိုးတက်သုံးစွဲလာမည့် ဝန်အားအခြေအနေ၊ ဓာတ်အား ပြတ်တောက်မှု မဖြစ်ပေါ်စေရေး ဆောင်ရွက်သွားမည့်အစီအမံများ၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းစေရေးအတွက် ဆောင်ရွက်မည့်အစီအမံများနှင့် ပတ်သက်၍ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများက ခရိုင်အတွင်းရှိ မြို့နယ်များ၏ တိုးတက်သုံးစွဲလာနိုင်သည့် ဝန်အားအခြေအနေနှင့် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူး ပေးနိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများအားလည်းကောင်း ရှင်းလင်းတင်ပြကြပြီး မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ်နှင့် ခေတ္တဥက္ကဋ္ဌ တို့က ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက တင်ပြမှုများ အပေါ် သုံးသပ်ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)