တောင်ကြီး ဩဂုတ် ၁၄
ရှမ်းပြည်နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲ ကို ယနေ့မွန်းလွဲ ၂ နာရီ က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ‘၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန်၊ မဲစာရင်း မှန်မှန်ကန်ကန် ရှိစေရန်၊ မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချမ်းမြေ့စွာ မဲပေးနိုင်ရန်၊ အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများ ပြည့်စုံစွာ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ယနေ့တွေ့ဆုံဆွေးနွေးရခြင်း ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ကိုလည်း ပြည်နယ်ဝန်ကြီးချုပ်က ဦးဆောင်ပြီး အဖွဲ့ဝင် (၅)ဦးဖြင့် ညွှန်ကြားချက်နှင့်အညီ ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ (၅၅)နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ (၁၂)နေရာ၊ ပြည်နယ်မဲဆန္ဒနယ်မြေ (၁၁၀)နေရာနှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မြေများအဖြစ် ဗမာ၊ ကချင်၊ လီဆူ၊ လားဟူ၊ အင်းသား၊ အာခါနှင့် ကယန်း တိုင်းရင်းသားလူမျိုးရေးရာ မဲဆန္ဒနယ်များသတ်မှတ်ထားရှိမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်များ ထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းအနေဖြင့် မြို့နယ်ပေါင်း (၅၀)မြို့နယ်မှ မဲဆန္ဒရှင် စုစုပေါင်း (၃၅) သိန်းကျော်ကို စာရင်းပြုစုဆောင်ရွက်ထားရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှစတင်၍ သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲရုံးများတွင် အမည်စာရင်းကြေညာ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဆောင်ရွက်ရမည့် ကဏ္ဍအလိုက် လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်’ တိုက်တွန်းပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးထင်ကျော် က မဲဆန္ဒရှင်များ မဲစာရင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းနှင့် တက်ရောက်လာသည့် ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးများမှ လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို တင်ပြဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(ပြန်/ဆက်)