ရေတာရှည် သြဂုတ် ၁၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ငူခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးထက်နှင့် တာဝန်ရှိသူများသည် ရေတာရှည်မြို့၊ အ.ထ.က၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သော မူလွန်-စိမ့်ရွာကျောင်းဆောင် အပြီးသတ် ဆောက်လုပ်နိုင်ရေးနှင့် ကျေးရွာမီးလင်းရေး အတွက် အလှူငွေများ ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးမှုအခက်အခဲဖြစ် ပေါ်လျက်ရှိသော ပေါက်ချောင်းကျေးရွာအုပ်စု၊ စိမ့်ရွာ၌ လိုအပ်လျက်ရှိသော စာသင်ကျောင်းဆောင်နှင့် ကျေးရွာမီးလင်းရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းနိုင်မှု အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း အဖွင့်အမှာစကား ပြောကြားသွားခဲ့သည်။
ထို့နောက် Myanmar Top Business Group Co.Ltd မှ ဦးတင်မောင်နိုင်က စာသင်ကျောင်းဆောင် ဆောက်လုပ်ရန် အလှူငွေကျပ် ၇၄ သိန်းကိုလည်းကောင်း၊ ကျေးရွာမီးလင်းရေးအတွက် အလှူငွေကျပ်သိန်း ၅၀ ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညိုဝင်းနှင့် ကျေးရွာမီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်တို့က လက်ခံရယူခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ပြီး ကျေးလက်ဒေသများ လျှစ်စစ်မီးလင်းရေးအတွက် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲလုပ်ငန်းများကိုလည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေး နေမှုအခြေအနေများကို လည်းကောင်း သက်ဆိုင်ရာဌာနအလိုက် တင်ပြမှုများ အပေါ် ဆောင်ရွက်ရန်လိုအပ်ချက်များကို ဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆု(ပြန်/ဆက်)