Skip to main content

အဋ္ဌမအကြိမ် လေးမြိုင်ဓမ္မပူဇာ စာပေဆုချီးမြှင့်ပွဲနှင့် ထေရဝါဒ ဓမ္မစာမူဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၁

ဓမ္မဝါဒဖော်ဆောင်ရေးအဖွဲ့က ကြီးမှူး ကျင်းပသည့် အဋ္ဌမအကြိမ် လေးမြိုင် ဓမ္မပူဇာ စာပေဆုချီးမြှင့်ပွဲနှင့် ထေရ ဝါဒ ဓမ္မစာမူ ဆုချီးမြှင့်ပွဲအခမ်းအနား ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဓမ္မဗိမာန် တော်၌ ကျင်းပသည်။

အခမ်းအနားတွင် ဓမ္မဝါဒ ဖော် ဆောင်ရေးအဖွဲ့ နာယကဆရာတော် ဗိုလ်ကလေး အရှင်ပဏ္ဍိတက ဩဝါဒ အမှာစကားမြွက်ကြားကာ အမျိုးသား စာပေတစ်သက်တာဆုရ စည်သူ လယ်တွင်းသားစောချစ်က မုဒိတာ စကား ပြောကြားသည်။

ထို့နောက် ဆုအလှူရှင် အမျိုးသား စာပေတစ်သက်တာဆုရ ဓမ္မရံသီနှင့် ဓမ္မရတနာ ဓမ္မမဂ္ဂဇင်းများ၏ အယ်ဒီတာချုပ် ဆရာကြီးစည်သူ ဦးလေးမြိုင်က လေးမြိုင်ဓမ္မပူဇာစာပေ ဆုရရှိကြသည့် တရားကိုဘယ်လို ချစ်ကြမလဲနှင့် ဓမ္မစာစုများ စာပေဖြင့် အရှင်အဂ္ဂဝံသ (မော်ကျွန်း)၊ သဘော ထားမှန်မှန် အမြင်မှန်မှန် စာပေဖြင့် အရှင်အာစာရ(ကံယုံ)၊ ပြိတ္တာများနှင့် တွေ့ဆုံခြင်းစာပေဖြင့် သုန္ဒရဝင်း (ချောင်းဦး)၊ ပထမထွတ်ခေါင် ဆရာ တော်ကြီး၏ ကမ္မဋ္ဌာန်းသံပေါက်များ ဖွင့်ဆိုချက်စာပေဖြင့် ဦးညွန့်မောင် (ဓမ္မာစရိယ၊ ဘီအေ၊ အာရ်အယ်လ်)နှင့် မန္တန်နှင့် ပရိတ်ရောမကြိတ်ပါနဲ့ စာပေဖြင့် အောင်ထိုက်(ရွှေဘို)တို့ကို ဆုများ ပေးအပ်သည်။

ယင်းနောက် လေးမြိုင်ဓမ္မပူဇာ စာပေဆုရရှိသူများကိုယ်စား ဆရာ တော် အရှင်အဂ္ဂဝံသ(မော်ကျွန်း)က ကျေးဇူးတင်စကား မြွက်ကြားပြီး ဓမ္မဝါဒဖော်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာကြီး ဦးညွန့်မောင် (ဓမ္မာစရိယ၊ ဘီအေ၊ အာရ်အယ်လ်)က ထေရဝါဒ ဓမ္မစာမူဆု ချီးမြှင့်ရခြင်းနှင့်စပ်လျဉ်း ပြီး ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆုအလှူရှင်များက ဓမ္မဝါဒဖော်ဆောင်ရေးအဖွဲ့မှ ပေးအပ် သည့် ထေရဝါဒဓမ္မစာမူဆုများထဲမှ ဓမ္မအဓမ္မဆိုင်ရာ စာမူဆု၌ “ဓမ္မကို ငြင်းပယ်သူများနှင့် မှားယွင်းစွာ ဟောကြသူများ” စာမူဖြင့် ပထမဆုရ အောင်အောင်ဇော်(လှိုင်သာယာ)နှင့် “ဘယ်ပုံ ဘယ်နည်း ကာကွယ်ကြမှာ လဲ” စာမူဖြင့် ဒုတိယဆုရ ဓမ္မိက (စကားဝါမြေ)၊ အယူအမြင် စင်ကြယ် ရေးဆိုင်ရာ စာမူဆု၌ “ပညာမပါ သဒ္ဓါမစစ်” စာမူဖြင့် ပထမဆုရ ဇော်မြင့်ထွန်း၊ “သူတော်ကောင်း တရားတု”စာမူဖြင့် ဒုတိယဆုရ သက်ဝေမှူး(မြဝတီ)နှင့် “မှားလျှင် အပြစ် မှန်လျှင်အကျိုး” စာမူဖြင့် တတိယဆုရ ကိုချို(မြကိုင်း)တို့ကို ဆုများ ပေးအပ်ကြသည်။
ယင်းနောက် ဆုရရှိသူများကိုယ်စား ဓမ္မိက(စကားဝါမြေ)က ကျေးဇူးတင် စကားပြောကြားပြီး သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးစိုးဝင်းက မုဒိတာစကား ပြောကြားသည်။

သတင်း - နေလင်း၊
ဓာတ်ပုံ - မင်းသစ်(MNA)