Skip to main content

ထိုင်းနိုင်ငံတွင် ပြန်လာရန်အခက်အခဲများကြုံတွေ့ခဲ့သော မြန်မာနိုင်ငံသားများအနက် မွန်ပြည်နယ်မှ နေရပ်ပြန်သူများအား တပ်မတော်(ရေ) စစ်ရေယာဉ်များဖြင့် မော်လမြိုင်မြို့သို့ စီစဉ်ပို့ဆောင်ပေးခဲ့

နေပြည်တော် ဖေဖော်ဝါရီ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ လမ်းညွှန်မှာကြားချက်အရ ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲကြုံတွေ့ခဲ့ရသော နေရပ်ပြန်မြန်မာနိုင်ငံသား (၆၇၉) ဦးတို့အနက် ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ နေရပ်ပြန်မြန်မာနိုင်ငံသား (၁၇၀) ဦးတို့အား တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ပို့ဆောင်ပေးရန် စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် တင်ဆောင်လာစဉ် စစ်ရေယာဉ်ရှိ အရာရှိ၊ စစ်သည်များက နွေးထွေးစွာကြိုဆိုနှုတ်ဆက်ပြီး ရေယာဉ်အပေါ်၌ စနစ်တကျနေရာချထားပေးခြင်း၊ အာဟာရပြည့်စားသောက်ဖွယ်ရာများကျွေးမွေး၍ ကိုယ်လက်လေ့ကျင့်ခန်းများဆောင်ရွက်စေခြင်း၊ အားကစားပြိုင်ပွဲများကျင်းပပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ အနီးကပ်ဆောင်ရွက်ပေးခြင်းနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် စိတ်ရွှင်လန်းအပန်းပြေစေရန် ဆောင်ရွက်ပေးကြသည်။

အဆိုပါ စစ်ရေယာဉ်သည် ယနေ့နံနက်ပိုင်းတွင် ကျိုက္ခမီအဝအနီးသို့ရောက်ရှိပြီး မွန်ပြည်နယ်မှ နေရပ်ပြန်မြန်မာနိုင်ငံသား(၅၂)ဦးတို့အား တပ်မတော်(ရေ)မှ ကမ်းထိုးရေယာဉ်ပေါ်သို့ ပြောင်းလဲတင်ဆောင်၍ မော်လမြိုင်မြို့သို့ စီစဉ်ပို့ဆောင်ပေးသည်။

မော်လမြိုင်မြို့သို့ ပြန်လည်ရောက်ရှိလာကြသော နေရပ်ပြန်မြန်မာနိုင်ငံသားများအား မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နေရပ်ပြန်မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များက နွေးထွေးလှိုက်လှဲစွာ လာရောက်ကြိုဆိုကြသည်။ နေရပ်ပြန်မြန်မာနိုင်ငံသားများအား နေ့လယ်စာပေးဝေပြီး မော်လမြိုင်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌စုဝေးကာ တာဝန်ရှိသူများက လိုအပ်သည်များမှာကြား၍ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများထံသို့ စနစ်တကျအပ်နှံကာ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မိသားစုများနှင့် အမြန်ပြန်လည်တွေ့ဆုံနိုင်စေရန် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။