Skip to main content

စာအုပ်အသစ်ပေါင်း တစ်သန်းပါဝင်သည့် ကမ္ဘာ့အကြီးဆုံး စာအုပ်ရောင်းပွဲတော် ရန်ကုန်မြို့တွင် ကျင်းပ

ရန်ကုန် ဇန်နဝါရီ

စာအုပ်အသစ်ပေါင်း တစ်သန်းပါဝင်သည့် ကမ္ဘာ့အကြီးဆုံး စာအုပ်ရောင်းပွဲတော် (The Big Bad Wolf) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သာကေတမြို့နယ် Fortune Plaza ရှိ Myanmar Expo Hall ၌ ကျင်းပသည်။

အခမ်းအနားတွင် The Big Bad Wolf စာအုပ်ရောင်းပွဲ၏ ပွဲစီစဉ်သူ Ready 2 Read မြန်မာ၏ ဒါရိုက်တာ ဦးမျိုးအောင်၊ ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့မှ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ဆွေထွန်းနှင့် Save the Library မှ တာဝန်ရှိသူတို့က အမှာစကားပြောကြားကြသည်။

ထို့နောက် ပွဲစီစဉ်သူ Ready 2 Read မြန်မာ၏ ဒါရိုက်တာ ဦးမျိုးအောင်၊ ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ် အကဲဖြတ်ရေးအဖွဲ့မှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ဆွေထွန်းနှင့် တာဝန်ရှိသူများက ကမ္ဘာ့အကြီးဆုံး စာအုပ်ရောင်းပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စာအုပ်အရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုကြသည်။

စာအုပ်ရောင်းပွဲနှင့်စပ်လျဉ်း၍ ပွဲစီစဉ်သူ Ready 2 Read မြန်မာ၏ ဒါရိုက်တာ ဦးမျိုးအောင်က “စာအုပ်တွေဆိုတာ အသိပညာအတွက် တံခါးပေါက်တစ်ခုဖြစ်ပြီး ၂၁ ရာစုမှာ လေ့လာသင်ယူမှု အတွက် မရှိမဖြစ်လိုအပ်တဲ့ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်တွေကို မြှင့်တင်ပေးတဲ့နေရာမှာ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ အခုပွဲမှာ စာအုပ်အသစ်ပေါင်းများစွာကို ရှားရှားပါးပါး အထူးလျှော့ဈေးတွေနဲ့ ရောင်းချသွားမှာဖြစ်ပြီး လာရောက်သူတွေအနေနဲ့လည်း နှစ်သက်ခံစား နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။

စာအုပ်ရောင်းပွဲတော်လာ မြောက်ဒဂုံမြို့နယ်မှ ဦးထွန်းထွန်းဝင်းက “ဒီနေ့စာအုပ်ရောင်းပွဲမှာ လူငယ်တော်တော်များများ လာရောက်ဝယ်ယူတာ တွေ့ရပါတယ်။ လူငယ်တွေ စာဖတ်တာက သူတို့အတွက် ကောင်းသလို နိုင်ငံအတွက်လည်း ကောင်းပါတယ်။ ဒီနေ့ စာအုပ်ရောင်းပွဲမှာ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ စာအုပ်တွေ တွေ့ရတဲ့အတွက် အင်္ဂလိပ်စာကို လေ့လာနိုင်မယ့်အပြင် ဒီစာအုပ်တွေပေါ်က တန်ဖိုးမဖြတ်နိုင်တဲ့ ဗဟုသုတတွေရမှာ ဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ကလေးစာပေပွဲတော်တွေ နေရာတော်တော်များများမှာ ကျင်းပပေးနေသလို ပုဂ္ဂုလိကလုပ်ငန်းရှင်တွေ အနေနဲ့လည်း အခုလို စာအုပ်ရောင်းပွဲတွေ များများပြုလုပ်ပေးစေချင်ပါတယ်” ဟု ပြောသည်။

စာအုပ်ရောင်းပွဲတော်တွင် အရောင်းရဆုံးစာအုပ်များ၊ ဂန္ထဝင်ဝတ္ထုများ၊ သိပ္ပံစိတ်ကူး ယဉ်ဝတ္ထု များ၊ အချစ်ဝတ္ထုများ၊ သုတစာပေများ၊ သရုပ်ပြစာအုပ်များ၊ စီးပွားရေး၊ တက်ကျမ်း၊ ဗိသုကာနှင့် ဟင်းချက်နည်းဆိုင်ရာ စာအုပ်များအပြင် အင်္ဂလိပ်ဘာသာနှင့် စာအုပ်ပေါင်း တစ်သန်းကျော်ကို မူရင်းဈေး၏ ၅၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ အထူးလျှော့ဈေးဖြင့် ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။

ထို့ပြင် ကလေးများအတွက် ပုံပြင်စာအုပ်များ၊ ဉာဏ်စမ်းစာအုပ်များ၊ ဆေးရောင်ခြယ် စာအုပ်များနှင့် ရုပ်ပြစာအုပ်များအပြင် အပြန်အလှန် လေ့ကျင့်သင်ကြားပေးနိုင်သည့် စာအုပ်များစသည်ဖြင့် အမျိုးအစားစုံလင်စွာကို တစ်နေရာတည်း ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

အဆိုပါ စာအုပ်ရောင်းပွဲတော်ကို ဇန်နဝါရီ ၁၀ ရက်မှ ၂၀ ရက်အထိ ၁၁ ရက်တိုင်တိုင် နံနက် ၉ နာရီမှ ည ၁၂ နာရီအထိ သာကေတမြို့နယ် Fortune Plaza ရှိ Myanmar Expo Hall ၌ အများပြည်သူ ဝယ်ယူနိုင်ရန် ဖွင့်လှစ်ထားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ဝင်ရောက်နိုင်ကြောင်း သိရသည်။

သတင်း - မင်းသစ်(MNA)

ဓာတ်ပုံ - ဇော်မင်းလတ်