Skip to main content

Coronavirus Disease 2019 (COVID - 19) အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးပပြုလုပ်

လွိုင်ကော်၊ မတ်  ၂၇

ကမ္ဘာတစ်ဝှမ်းဖြစ်ပွားလျက်ရှိသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID – 19) နှင့်စပ်လျဉ်း၍ ကယားပြည်နယ်အနေနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်အဆင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ  ၂ နာရီအချိန်က  ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် သက်ဆိုင်ရာ ဌာနမှတာဝန်ရှိသူများမှ တက်ရောက်ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က အဖွင့်အမှာစကား ပြောကြားပြီး Coronavirus Disease 2019 (COVID – 2019) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ပြည်နယ်အဆင့် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ Coronavirus Disease 2019 (COVID – 2019) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ အချိန်နှင့်တပြေးညီစနစ်တကျဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံရပ်ခြားမှပြန်လည် ဝင်ရောက် လာသူများနှင့်စပ်လျဉ်း၍ ထပ်မံရောက်ရှိလာမည့်သူများအား Quarantine ပြုလုပ်သွားနိုင်ရန်အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင်လိုအပ်သည့် ပစ္စည်းကိရိယာများအား ပြည်ထောင်စုအဆင့်သို့တင်ပြနိုင်ရေးစီမံရမည်ဖြစ် ကြောင်း၊ မယ်စဲ့၊ ရွာသစ်၊ ရှားတော ဒေသများတွင် အဓိကစိစစ်ရန်လိုအပ်ပြီး ယင်းဒေသများတွင် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်နေမှုများ ရှိနေပါကြောင်း၊ ယင်းသို့ဝင်ရောက်လာသူများအနက် ကျန်းမာရေးကောင်းမွန်သူများကို Quarantine ဖြင့် ထားရှိရန်နှင့် ရောဂါဖြစ်ပွားလာပါက လွိုင်ကော်ပြည်သူ့ ဆေးရုံကြီးတွင်သာ ကုသရန်ဖြစ်ပြီး လိုအပ်သည့် ပစ္စည်းဆေးဝါးများ၊ အောက်ဆီဂျင်ဆက်စပ်ပစ္စည်းများ ပြည့်စုံရန်လိုအပ်ကြောင်း၊ နယ်စပ်များတွင် တရားဝင် ၊ တရားမဝင် ပါ ဝင်ရောက်လာမှုများ ရှိနေပြီး စနစ်ကတျ ကြပ်မတ်သွားရန် လိုပါကြောင်း၊ နယ်စပ်ဝင်ပေါက်များ ဖြစ်သည့် မယ်စဲ့၊ ရှားတောနှင့် ရွာသစ်ဒေသတွင် နယ်စပ် မှဝင်ရောက်လာသူများ အတွက် Quarantine ပြုလုပ်နိုင်ရန် လိုအပ် သည်များ ကြိုတင် ပြင်ဆင်ထား ရန် ဖြစ်ပြီး လိုအပ်သည့် ရန်ပုံငွေများအား အချိန်နှင့် တပြေးညီ တွက်ချက်တင်ပြ ပေးရန် ဖြစ်ပါကြောင်း၊ Quarantine ထားရှိ နိုင်ရန်အတွက် ဝိုင်းဝန်း ဆောင်ရွက်ပေးနိုင်ရန် ဖြစ်ပါ ကြောင်း၊ Quarantine ဆောင်ရွက်ရာတွင် ကျန်းမာရေးရှုထောင့် နှင့်အညီ ဆောင်ရွက်နိုင်ရေးစီမံရန် လိုပါကြောင်း၊ ပြည်သူများအား အသိပညာပေးလုပ်ငန်း များစွာပြုလုပ်ရန်လိုအပ်ကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးနှင့် သက်ဆိုင်ရာကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ စားသောက်ကုန် ဈေးနှုန်းများ မြင့်မားမှုမရှိစေရေးနှင့် ဆေးပစ္စည်းများ ဈေးနှုန်းမြင့်တက်မှု မရှိစေရေး ကြပ်မတ်ရန်လိုပါကြောင်း၊ နိုင်ငံခြားမှ ပြန်လည်ဝင်ရောက်လာပြီး မိမိတို့ နေအိမ်များသို့ ရောက်ရှိနေသူများ အနေနှင့် ၎င်းတို့၏ နေအိမ်တွင်သာ နေထိုင်ကြရေး စနစ်တကျကြပ်မတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဆွေးနွေးလမ်းညွှန်ပြော ကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ကဏ္ဍအလိုက် ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။

ထွန်းလေး(ပြန်/ဆက်)