နေပြည်တော် နိုဝင်ဘာ ၂၃
ဥပဒေရေးရာဝန်ကြီးဌာန၏ စီးပွားရေး စာချုပ်စာတမ်းများဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေရေးရာဝန်ကြီးဌာနသည် အခြားသော ပြည်ထောင်စုဝန်ကြီးဌာနများအတွက် စီးပွားရေး စာချုပ် စာတမ်းများ ချုပ်ဆိုခြင်းဆိုင်ရာ အခြေခံသင်တန်းဖွင့်လှစ်၍ သင်တန်း တက်ရောက် ပြီးသော အရာထမ်းများမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဆင့်ပွားသင်တန်းများ ပို့ချ နိုင်စေရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုသင်တန်းသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် ဥပဒေ ရေးရာဝန်ကြီးဌာနတို့မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄၀ တို့သည် ကိုဗစ်ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်း ကာလမှာ နိုဝင်ဘာ ၂၃ ရက်မှ ၂၆ ရက်ထိအဖြစ်ကြောင်း။
ယခုသင်တန်း ဖွင့်လှစ်ရခြင်းမှာ ဥပဒေရေးရာဝန်ကြီးဌာန၊ တရားမျှတရေးအတွက် ဥပဒေ ဝန်ဆောင်မှု မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄)၏ မဟာဗျူဟာ ရည်မှန်းချက်နှင့်အညီ ဥပဒေ ရေးရာဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနများမှ စာချုပ်စာတမ်းပြုစု စိစစ်ရသည့် တာဝန်ရှိသူ များအနေဖြင့် စီးပွားရေးစာချုပ်စာတမ်းများပြုစုခြင်း၊ စိစစ်အကြံပြုခြင်းတို့တွင် အချိန်နှင့် တစ်ပြေးညီ အရည်အသွေး ပြည့်မီသော ဥပဒေအကြံဉာဏ်ပေးနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အစိုးရဌာနအဖွဲ့အစည်းများ အနေဖြင့် သဘောတူစာချုပ်များ ချုပ်ဆိုရာတွင် လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက် အမိန့်ကြော်ငြာစာအမှတ် (၄၁/၂၀၁၈) ကို နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားကြောင်း၊ စာချုပ်များသည် တင်ဒါခေါ်ယူ၍ ဆောင်ရွက်ခြင်းဖြစ်ပါက နိုင်ငံတော် သမ္မတရုံး၏ တင်ဒါဆိုင်ရာ ညွှန်ကြားချက် (၁/၂၀၁၇) နှင့်အညီ လိုက်နာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံပိုင်မြေ၊ အဆောက်အအုံများ ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်းနှင့် အကျိုးတူလုပ်ကိုင်ခြင်းများအတွက် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် အမှတ် (၃/၂၀၁၈) ကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း။
စီးပွားရေးလုပ်ငန်း စာချုပ်များသည် လုပ်ငန်းသဘော သဘာဝအပေါ်မူတည်၍ စာချုပ်အမျိုးအစား အမျိုးမျိုးကွဲပြား နိုင်သော် လည်း အခြေခံမူဘောင် သဘောတရားများကို သိရှိ နားလည်ရန် အရေးကြီးကြောင်း၊ ယခုသင်တန်းတက်ရောက်သည့် ဌာနဆိုင်ရာ အရာရှိများ အနေဖြင့် စီးပွားရေး စာချုပ်စာတမ်းများ စိစစ်ခြင်းဆိုင်ရာ ဥပဒေအခြေခံသဘောတရားများကို စာတွေ့လက်တွေ့ လေ့လာနိုင်ခြင်းအားဖြင့် အရည်အသွေးများ ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း ပြောကြားသည်။
(သတင်းစဉ်)