Skip to main content

ကောင်းကျိုးလိုလား မေတ္တာစကား

တစ်စုံတစ်ယောက်သောသူကိုမျှ ကြမ်းကြုတ်သောစကားကို မဆိုလင့်။ ကြမ်းကြုတ်သောစကားကိုဆိုလျှင် သင့်ကိုလည်း သူတစ်ပါးတို့က ပြန်လှန်၍ ဆိုကုန်ရာ၏။ ချုပ်ချယ်လွန်ကျူးသောစကားသည် ဆင်းရဲဒုက္ခကိုဖြစ်စေတတ်၏။ သူတစ်ပါးကို ဒဏ်ပြုက အတုံ့အလှည့် ဒဏ်တို့သည် သင့်ထံသို့ ရောက်ကုန်ရာ၏။

ဒဏ္ဍဝဂ္ဂ(ဓမ္မပဒ-၁၃၃)

ကြမ်းကြုတ်သောစကား၊ ရုန့်ရင်းသောစကား၊ ကြားရသူတို့ မကြားလို မနာလိုသောစကား၊ စိတ်နှလုံးမချမ်းမြေ့ဖွယ်စကားတို့ကို ခေတ်လူတို့အလွယ်တကူပြောထွက်နေကြသည်ဟူ၍ပင် ထင်ရ သည်။ အထူးသဖြင့် လူမှုကွန်ရက်များတွင် အတွေ့ရများနေခြင်း ဖြစ်သည်။ တစ်ယောက်က အစ၊ အယောက်ပေါင်းများစွာ။ အပြန်အလှန် ကြမ်းကြုတ်နေကြသည်မှာ မိမိတို့၏ လူ့အဖွဲ့အစည်းတွင် ယဉ်ကျေးမှုရှိမှ ရှိပါသေးရဲ့လားဟုပင် ယူဆချင်စရာဖြစ်သည်။

အသက်ရှင်သန်နေသည့်လူတိုင်း ပြုလုပ်ကြသည့်အပြုအမူများကို ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုဟူ၍ သုံးမျိုးခွဲခြားနိုင်သည်။ ကာယကံ၊ ဝစီကံ၊ မနောကံဟူ၍လည်း သိထားကြသည်။ လူတို့ပြုမူကြသည့်ကောင်းမှု၊ မကောင်းမှုတို့ကို၎င်းကံသုံးပါးတို့ဖြင့် ပြုမူနေကြခြင်းဖြစ်သည်။ မကောင်းမှု ဒုစရိုက်(၁၀)ပါးရှိသည့်အနက် ဝစီဒုစရိုက်ခေါ် နှုတ်ဖြင့် ပြုမူသည့်မကောင်းမှုက (၄)ပါးရှိရာ လူတို့သည် မကောင်းမှုအများစုကို ပါးစပ်က ကျူးလွန်နေကြခြင်းပင် ဖြစ်သည်။ မဟုတ်မမှန် ပြောဆိုခြင်း၊ ကုန်းချောစကားပြောဆိုခြင်း၊ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း၊ သိမ်ဖျင်းသောစကားကို ပြောဆိုခြင်းတို့သည် ဝစီ ဒုစရိုက်(၄) ပါးဖြစ်ရာ နှုတ်ဖြင့်တိုက်ရိုက်ဖြစ်စေ၊ လူမှုကွန်ရက်ပေါ် တင်၍ဖြစ်စေ မိမိတို့သည်ဆိုခဲ့ပါ မကောင်းမှုတစ်ခုခုကို ယနေ့ယခု ပြုမိနေပြီလောဟု သတိပြု ဆန်းစစ်ကာ ရှောင်ကြဉ်ကြခြင်းဖြင့် မိမိအတွက်ရော သူတစ်ပါးအတွက်ပါ၊ ပစ္စုပ္ပန်အတွက်ရော နောင်တမလွန်အတွက်ပါ ကောင်းကျိုးမပြုမည့် အကုသိုလ်အမှုတို့မှ ရှောင်လွဲနိုင် ကြမည်ဖြစ်သည်။

ပညာရှိသူတော်ကောင်းတို့မှလွဲလျှင် သာမန်အားဖြင့် လူတို့က အကြိုက်နှင့်အကောင်းကို မိမိတို့၏ခံစားချက်ဖြင့်သာ ဆုံးဖြတ်လေ့ရှိကြသည်။ မိမိတို့ကြိုက်သောအရာသည်ကောင်း၍ မိမိတို့မကြိုက်သော အရာသည် မကောင်းဟူ၍ဖြစ်သည်။ ဉာဏ်ပညာဖြင့် ဆင်ခြင်သုံးသပ် ဆုံးဖြတ်အပ်ခြင်းမဟုတ်ဘဲ ခံစားမှုဖြင့် ဆုံးဖြတ်ခြင်းက တင်းပြည့် ကျပ်ပြည့်မှန်နိုင်မည်မဟုတ်။ အသိဉာဏ်နည်းပါးသူတို့အဖို့တွင် အမှန်တရားသည်ပင် ခါးသီးမှု ဖြစ်ကောင်းဖြစ်နေနိုင်သည်။

ရှေးအခါသော် ဟိမဝန္တာမှရသေ့မြတ်တစ်ပါးသည် ဗာရာဏသီပြည်သို့ ကြွလာကာ ဘုရင့်ဥယျာဉ်၌နေ၍ မြို့တွင်း၌ဆွမ်းခံသည်။ ရသေ့၏ ဣန္ဒြေကိုမြင်သောအခါ ဘုရင်သည်ကြည်ညိုသဒ္ဓါပွား၍ ဆုံးမစကားကိုလည်း နာယူ၏။ ရသေ့က “မင်းကြီး အမျက်ဒေါသမထွက်အောင် စောင့်စည်းပါ။ အမျက်ဒေါသထွက်သူကို တုံ့ပြန်ဒေါသမထွက်ပါနှင့်။ မြို့မှာဖြစ်စေ၊ ရွာမှာဖြစ်စေ၊ ချိုင့်ဝှမ်းမှာဖြစ်စေ၊ ကုန်းမြေမှာဖြစ်စေ အလုံးစုံသောအရပ်မှာ အမျက်မထွက်ပါနှင့်ဟု ဆုံးမရာ ဘုရင်သည်ကြည်ညိုစိတ်များ တဖွားဖွားပေါ်ပေါက်လာပြီး ရသေ့အား အခွန်တစ်သိန်းထွက်သည့်ရွာကို လှူ၏။ ရသေ့လည်း မိမိနှင့်မအပ်စပ်သည်ဖြစ်၍ ငြင်းပယ်လိုက်သည်။ နှစ်များစွာကြာပြီးနောက် ရသေ့သည် ဂင်္ဂါကူးတို့ဆိပ်တစ်ခုတွင် အဖိုးအခဖြင့်ပို့ဆောင်သည့် ကူးတို့သမား၏လှေဖြင့် မြစ်တစ်ဖက်ကမ်းသို့ ကူးသည်။ တစ်ဖက်ကမ်းသို့ ရောက်သောအခါ ကူးတို့သမားတောင်းသည့် ကူးတို့ခငွေကိုပေးစရာ မရှိသဖြင့် ဘုရင်ကိုဟောခဲ့သည့် “အမျက်ဒေါသမထွက်အောင် စောင့်စည်းပါ ဟူသော တရားကိုပင် အဖိုးအခအဖြစ် ဟောကြားသည်။ ဘုရင်ကို ဟောခဲ့စဉ်က အခွန်တစ်သိန်းထွက်သော ရွာကိုပင် ရခဲ့သည့်တရားသည် ကူးတို့သမားကိုမူ အမျက်ဒေါသထွက်စေပြီး ရသေ့၏ မျက်နှာအား ရိုက်ပုတ်နှိပ်စက်သည့်အမှုကို ဖြစ်ပေါ်စေတော့သည်။

အခါကာလအားလျော်စွာ ပြောအပ်သည့်စကား၊ မှန်ကန်သည့်စကား၊ သိမ်မွေ့သည့်စကား၊ အကျိုးစီးပွားနှင့်စပ်လျဉ်းသည့်စကား၊ မေတ္တာစိတ်ဖြင့် ပြောဆိုသည့်စကားသည် အင်္ဂါငါးတန်နှင့် ပြည့်စုံသောစကားဖြစ်၍ ကောင်းစွာပြောဆိုအပ်သော စကားဖြစ်သည်။ သို့စေကာမူ လက်ခံနာယူသည့် လူပုဂ္ဂိုလ်မှာ ဉာဏ်ပညာနုန့်နဲ့ မိုက်မဲလျှင်မူကား အဖိုးတစ်သိန်းထိုက်သည့် မေတ္တာစကားသည်ပင် ခါးသီးနေမည်မှာ သံဝေဂယူဖွယ်ဖြစ်ပါကြောင်း။      ။