Skip to main content

ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းကျင်းပသည့် National ICT Awards 2019 (Educational Project & Skills Competition) ဆုရ ပရောဂျက်များ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၈

ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းကျင်းပသည့် National ICT Awards 2019 (Educational Project & Skills Competition) ဆုရပရောဂျက် များဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပူးပေါင်း ဆောင်ရွက်ပေးသည့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ကို ကျေးဇူးတင်ရှိပြီး ဂုဏ်ပြုမှတ်တမ်း တင်ပါကြောင်း၊ ဆုရရှိသည့် ကျောင်းသား ကျောင်းသူများ၊ သင်ကြားသင်ယူ လေ့ကျင့်ပေးသည့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ပူးပေါင်းဆောင်ရွက်ပေး သည့် တိုင်းရင်းသား မိဘအုပ်ထိန်းသူ ပြည်သူများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်သူများ အားလုံးအတွက်လည်း ဂုဏ်ယူဝမ်းမြောက် ပါကြောင်း၊ National ICT Award (Educational Project) ပြိုင်ပွဲများကို ၂၀၀၄ ခုနှစ်ကစပြီး ကျင်းပခဲ့ပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် Skills Competition ကိုပါ ထည့်သွင်းခဲ့သည်သာမက ယခင် မူလတန်း အဆင့်၊ အလယ်တန်း အဆင့်၊ အထက်တန်းအဆင့်၊ ဆရာအဆင့် အပြင် အလွတ်တမ်းအဆင့်တို့အပါအဝင် ယှဉ်ပြိုင် ခဲ့ပါကြောင်း။ ယခုလို ကျင်းပခဲ့သည့် ပြိုင်ပွဲသည် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များ၏ ICT ဆိုင်ရာ အရည်အသွေးမြင့်မားရေးနှင့်လေ့လာတီထွင်သည့် အလေ့အကျင့်တို့ကို  အားပေးချီးမြှင့်သည့် ပြိုင်ပွဲလည်းဖြစ်ပါကြောင်း။

ပြိုင်ပွဲဆုရနှင့် ပြိုင်ပွဲဝင် Project များကို သင်ထောက်ကူအဖြစ် အသုံးပြုကြရန်နှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများအနေဖြင့် Project များကို လေ့လာသင်ယူပြီး ICT နည်းပညာကို အကျိုးရှိ ထိရောက်စွာ အသုံးချခြင်းတို့ကို မိမိတတ်စွမ်းသမျှ ကြိုးစားလုပ်ဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ခေတ်နှင့်လိုက်လျောညီထွေဖြစ်သည့် တစ်သက်တာ ပေါင်းစပ်သင်ယူမှု အခွင့်အလမ်းများဖြင့်သာ ကျောင်းသား ကျောင်းသူများ၊ သင်ယူသူများ၏ IQ, EQ နှင့် ၂၁ ရာစုဆိုင်ရာ စွမ်းဆောင်ရည်များ ပြည့်ဝလာစေရန်အတွက် လိုအပ်သည့် အခြေခံ တတ်မြောက်မှုများ၊ ကျွမ်းကျင်မှုများနှင့် စွမ်းရည်ဆိုင်ရာ တို့ကို ပိုမို မြှင့်တင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်အနေဖြင့် Asia Pacific ICT Alliance (APICTA) Award အဖွဲ့ဝင်ပြီး သင့်တော်သူများအား စိစစ်၍ ဝင်ရောက်ယှဉ်ပြိုင် စေခဲ့ရာ ၂၀၁၉ ခုနှစ်၊ APICTA ပြိုင်ပွဲ၏ Junior Student Category တွင် မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်သည့်အဖွဲ့က Merit Award ရရှိခဲ့သည်ကို သိရှိရပါကြောင်း၊ ယခုပြိုင်ပွဲဝင်များအတွက် လည်း နိုင်ငံတကာအဆင့် တက်လှမ်းနိုင်မည့် အခွင့်အလမ်းများကို လက်လွတ်မခံဘဲ ကြိုးစားရယူကြရန် ထပ်လောင်း တိုက်တွန်းလိုပါကြောင်း။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် အခြေခံပညာဦးစီးဌာန၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးရုံးများ၊ အခြေခံပညာကျောင်းများ၊ ကျောင်းအုပ်များ၊ ဆရာ ဆရာမများ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ၏ ၂၁ ရာစုဆိုင်ရာ စွမ်းရည်များကို ဖော်ထုတ်ပံ့ပိုးပေးရန်အတွက် ပြိုင်ပွဲများ ပူးပေါင်း ကျင်းပခဲ့ခြင်းကြောင့် ကျောင်းသား ကျောင်းသူများ၏ တီထွင်ဖန်တီးနိုင်စွမ်းလည်း တိုးတက်လာမည် ဖြစ်သည့်အတွက် ပူးပေါင်း ဆောင်ရွက် ကြသောတာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘ အုပ်ထိန်းသူ ပြည်သူများ အားလုံးတို့ကို ကျေးဇူးတင်ရှိပြီး ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ဆက်လက်၍လည်း ဆရာ ဆရာမများ၏ ICT စွမ်းဆောင်ရည် မြှင့်တင်ရေး လုပ်ငန်းများ၊ National ICT Award (Educational Project) ပြိုင်ပွဲ နှင့် Skills Competition တို့ကို ညီညီ ညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင် က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားသည်။

ယင်းနောက် National ICT Awards 2019  (Educational Project & Skills Competition) ပြိုင်ပွဲမှတ်တမ်း ဗီဒီယိုကို ပြသ၍ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမများကို အွန်လိုင်းမှ ဆုချီးမြှင့်သည်။

ဆက်လက်၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ Capacity Building Committee ဥက္ကဋ္ဌ ဒေါ်အေးအေးသင်းက ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အခြေခံပညာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။  

(သတင်းစဉ်)