Skip to main content

နေပြည်တော် မေ ၂၆

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး သက်ပုံနှင့်တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ဘုရားစေတီပုထိုးများတွင် ကျွမ်းကျင်ပညာရှင်များမှ စေတီတော်များ တိမ်းစောင်းခြင်းရှိ/မရှိ၊ မြေအောက် သို့နိမ့်ကျွံခြင်းရှိ/မရှိ၊ စေတီတော်အက်ကွဲကြောင်းများ တိုင်းတာခြင်းလုပ်ငန်းများ ဆောက်ရွက်နေမှုအခြေအနေများနှင့် စုပေါင်းရှင်းလင်းဖယ်ရှားနေမှုများကိုလည်းကောင်း၊ ဝါချက်ကျေးရွာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်လက်ခံထားရှိမှုအခြေအနေများနှင့် ယာယီကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့်တာဝန်ရှိသူများ သည် မွန်းလွဲပိုင်းတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်၌ Grade-12 စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ အနီးကပ်စခန်းသွင်းလေ့ကျင့် သင်ကြားနေမှုများနှင့် ကျောင်းသား ကျောင်းသူများနေထိုင်သည့် အိပ်ဆောင်များကိုလည်းကောင်း၊ စစ်ကိုင်းမြို့ သောတပန်ရပ်ကွက်ရှိ ရွှေဟင်္သာကျောင်းတိုက်တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို အဖွဲ့အစည်းအသီးသီးမှ စုပေါင်းရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ နန်းဦးမြို့သစ်အတွင်း ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းမိသားစုများ မိုးမကျမီ အမြန်ဆုံးပြောင်းရွှေ့နေထိုင်နိုင်ရေးအတွက် Modular Houseများနှင့် ယာယီလူနေ အဆောက်အအုံ ဆောက်လုပ်ပြီးစီးမှုအခြေအနေများ ကိုလည်းကောင်း၊ ပိုးတန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်ကျောင်း ငလျင်ဘေးဒဏ်သင့် ပြည်သူများစောင့်ရှောက်ရေးစခန်းအတွင်းရှိ ဒေသခံ ပြည်သူများကို အားပေးစကားပြောကြားပြီး ယာယီကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများ သည် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်သီရိမာလာ အနောက်ရပ်ရှိ ချမ်းသာကြီးမြတ်စွာဘုရားနှင့် အောင်မြေသာစံမြို့နယ် အောင်မြေသာစံရပ်ကွက်ရှိ အနောက်တိုက်တော်အုဋ္ဌ်ကျောင်းသို့ သွားရောက်၍ ငလျက်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား အဖွဲ့အစည်းအသီးသီးမှ ပူးပေါင်း၍ အပျက်အစီးများဖယ်ရှားရှင်းလင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စက်ယန္တရားကြီးများအသုံးပြု၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းထိုင်ဆရာ တော်ကြီးများအား အလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် အောင်မြေသာစံမြို့နယ် အနှိပ်တော်ရပ်ကွက်ရှိ ဉာဏဝတီသီလရှင်စာသင်တိုက် တကောင်းတိုက်သို့ လည်းကောင်း၊ အမရပူရမြို့နယ် ဆင်စွယ်ပွတ်ကျေးရွာရှိ လောကမုနိမြတ်စွာဘုရားသို့ လည်းကောင်းသွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ဘုရားစေတီပုထိုးများအား အဖွဲ့အစည်းအသီးသီးမှ ဖယ်ရှားရှင်းလင်းပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ မဟာအောင်မြေ မြို့နယ်ရှိ မန္တလေးတက္ကသိုလ်သို့ သွားရောက်၍ တက္ကသိုလ်ပင်မဆောင်ရှိ ငလျင်ဒဏ်ကြောင့် မီးလောင်ပြိုကျပျက်စီးသွားသော အပျက်အစီးများအား တပ်မတော်သားစစ်သည်များမှ ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုအခြေအနေတို့ကို လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် ကျောက်ဆည် ခရိုင်မြစ်သားမြို့ မြို့နယ်ခန်းမ၌ ဒေသခံပြည်သူများအား “ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများ ဆောက်လုပ်နိုင်ရေး အသိပညာပေးဟောပြောပွဲ” သို့ တက်ရောက်ပြီး အဆောက်အအုံများ ပြန်လည် တည်ဆောက်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများအား အသိပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ဒေသခံပြည်သူတစ်ဦးချင်းစီမှ သိရှိလိုသည့်အချက်များအား တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ခန်းမဝင်းအတွင်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာဌာနခွဲ(ယာယီ)ရုံးနှင့် မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်း အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ယာယီ)ရုံးများအတွက် Modular Container House များ ဆောက်လုပ်ပြီးစီးမှုအခြေအနေများနှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကိုသွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်း (မြစ်သား)နှင့် မြစ်သားမြို့နယ်ဘူတာရပ်ကွက် အမက(ဘူတာ)ကျောင်းဝင်းအတွင်းရှိ ယာယီကျောင်းဆောင်သစ်များ ဆောက်လုပ်နေမှုအခြေ အနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေပြီး ကျောင်းသား ကျောင်းသူများ ကောင်းမွန်စွာ ပညာသင်ကြားနိုင်စေရေးအတွက် ကျောင်းဖွင့်ချိန်အမီ တည်ဆောက်နိုင်စေရေး တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် ဘူတာရပ်ကွက်ရေဝန်း-မြင်းခြံ ကားလမ်းဘေးနှင့် ပြည်ပန်းကျေးရွာအုပ်စု ရန်ကုန်-မန္တလေးလမ်းမကြီးဘေးရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အန္တရာယ်ရှိနေအိမ်အဆောက် အအုံများကို စက်ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ်သင့်အဆောက်အအုံများအား SOP စနစ်ဖြင့် ဘုတ်အဖွဲ့များ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ယနေ့အချိန်အထိ အဆောက်အအုံ ၈၅၅၇ လုံးအား စစ်ဆေးဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင်နေထိုင်နိုင်မည့် အဆောက်အအုံ အလုံး ၈၀၁၀၊ ဦးစားပေး ဖြိုဖျက် ရှင်းလင်းရမည့် အန္တရာယ်ရှိအဆောက်အအုံ ၅၄၇ လုံးမှ အဆောက်အအုံ ၅၄၇ လုံးတို့အား ရှင်းလင်းဆောင်ရွက်ပေးခဲ့ပြီး ဆောင်ရွက်ရန်ကျန် အဆောက်အအုံများမရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Off