
နေပြည်တော် မေ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့်ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက စီစဉ်ခွဲဝေပေးထားသည့် Modular House များကို ဝန်ကြီးဌာနအောက်ရှိ မြန်မာ့မီးရထားနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနပိုင် မြေနေရာများ၌ ငလျင်ဘေးသင့်ဝန်ထမ်းမိသားစုများ နေထိုင်နိုင်ရန်အတွက် တည်ဆောက်နေမှုလုပ်ငန်းခွင်များသို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
တည်ဆောက်နေဆဲအခြေအနေ ရှင်းလင်းတင်ပြ
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် နေပြည်တော် ဘူတာကြီးနယ်မြေ မြောက်ဘက်စက်မှုနှင့်လျှပ်စစ်ဝန်ထမ်းအိမ်ရာများအနီး၌ ငလျင်ဘေးသင့်ဝန်ထမ်းမိသားစုများ နေထိုင်နိုင်ရန်အတွက် တည်ဆောက်ပေးနေသည့် Modular House စခန်းအမှတ်(၁)သို့ရောက်ရှိရာ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးက မြေနေရာအကျယ်အဝန်း၊ တည်ဆောက် နေရာချထားမှုအကွက်ချပုံစံ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ခွဲဝေပေးထားသည့် Modular House အရေအတွက်၊ ယနေ့အထိ လွှဲပြောင်းထုတ်ယူရရှိပြီးသည့် ပမာဏ၊ Modular House များတည်ဆောက်နိုင်ရေး အင်ဂျင်နီယာအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ထားမှု အခြေအနေ၊ တည်ဆောက်ပြီးစီးမှု၊ တည်ဆောက်နေဆဲအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဘေးအန္တရာယ် မဖြစ်စေရေးမှာကြား
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်လျက်ရှိသည့် Modular House များနှင့် အဝီစိတွင်း တူးဖော်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပစ္စည်းများနေရာချထားမှု စနစ်တကျဖြစ်စေရေး၊ ရေ၊ မီး၊ မိလ္လာ လိုအပ်ချက်များ ဖြည့်ဆည်းပေးရေး၊ လူနှင့်ယာဉ်များ ဝင်လမ်း၊ ထွက်လမ်းအဆင်ပြေစေရေး၊ တည်ဆောက်ရေးဝန်ထမ်းအဖွဲ့များ ဘေးအန္တရာယ် ထိခိုက်မှုမဖြစ်စေရေးတို့ကို မှာကြားသည်။
ထို့နောက် နေပြည်တော် ဘူတာကြီးနယ်မြေ တောင်ဘက်မြေနေရာ၌ သတ်မှတ်ထားသည့် Modular House စခန်းအမှတ်(၂)သို့ ရောက်ရှိလာရာ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးက အဆိုပါနေရာတွင် မြန်မာ့မီးရထားမှ ဝန်ထမ်းမိသားစုများ သာမကဝန်ကြီးဌာနရှိ ဝန်ကြီးရုံးနှင့် အခြားဌာနဝန်ထမ်းမိသားစုများကိုပါ နေရာချထားပေးနိုင်ရန် စီစဉ်အကွက်ချထားမှုအခြေအနေ၊ မီး၊ရေရရှိရေး ဆောင်ရွက်ထားမှုအခြေအနေနှင့် လွှဲပြောင်းထုတ်ယူရရှိသည့် Modular House များအား တပ်ဆင်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးပြီး ဤစခန်းနေရာ၌ မြေအနေအထားအရ ရေစီးရေလာကောင်းမွန်စေရေး ကြိုတင်ဆောင်ရွက်ရန် ကိစ္စ၊ ဝင်လမ်း၊ ထွက်လမ်းများ ကောင်းမွန်ရေးကိစ္စ၊ ခြံစည်းရိုးကာရန်ရေး စသည့်လိုအပ်ချက်များကို မှာကြားသည်။
အမြန်ဆုံးပြောင်းရွှေ့ နေထိုင်နိုင်ရေးစီစဉ်
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ရွာတော်) ရုံးနယ်မြေအတွင်းရှိ Modular House စခန်းနေရာသို့ရောက်ရှိရာ ဌာနတည်ဆောက်ရေး တာဝန်ခံက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက Modular House များတပ်ဆင်တည်ဆောက်နေမှု၊ အသုံးပြုမည့် ကျောက်ရေစည်များစီစဉ်ထားမှု၊ သန့်စင်ခန်းများ နေရာချထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရေ၊ မီးရရှိရေးနှင့် ဝန်ထမ်းမိသားစုများ အမြန်ဆုံးပြောင်းရွှေ့နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် မှာကြားသည်။
လက်ရှိတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက နေပြည်တော်ကောင်စီနယ်မြေအတွက် စီစဉ်ခွဲဝေပေးသည့် Modular Office ခြောက်လုံးနှင့် Modular House ၁၅၆ လုံးတို့ကို လက်ခံရရှိထားပြီးဖြစ်ရာ Modular Office လေးလုံးနှင့် Modular House ၃၄ လုံးတို့ကို တပ်ဆင်တည်ဆောက်ပြီးစီး၍ ကျန်ရှိသည်များကိုလည်း အမြန်ဆုံးပြီးစီးအောင် တပ်ဆင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်