နေပြည်တော် ဧပြီ ၃
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့တွင် နေပြည်တော်၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုနှင့် ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် မိသားစုများအား တွေ့ဆုံအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားပင်မအဆောက်အအုံရှိ Block C တွင် လေကာမှန်များ ကွဲအက်ပျက်စီးမှု၊ မျက်နှာကြက်များ ပြိုကျပျက်စီးမှု၊ နံရံများတွင် အက်ကြောင်းများ ဖြစ်ပေါ်မှုနှင့် Waiting Room တွင် နံရံများကွဲအက် ပျက်စီးမှုတို့အား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Auditorium ခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲ ကျင်းပရာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဆိုင်ရာ ဖြစ်ပွားမှု၊ ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်မှုမှတ်တမ်း video clip ကို ဦးစွာ ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းများသည် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အား ပြင်းငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ထပ်တူခံစားမှုဖြင့် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်သတ်မှတ်မှုတွင် ပါဝင်လှုပ်ရှားမှုအဖြစ် ဥဩဆွဲ၍ တစ်မိနစ်ငြိမ်သက်စွာ အလေးပြုကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ကြည့်ရှုရန်နှင့် ဝန်ထမ်းများအား တွေ့ဆုံအားပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ အမျိုးသမီးဝန်ထမ်းတစ်ဦးသာ (မစိုးရိမ်ရ) ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရမှုမရှိသည့်အတွက် ဝမ်းသာရကြောင်း၊ ထုတ်လွှင့်မှုပိုင်းဆိုင်ရာများ ထိခိုက်ချို့ယွင်းမှုမရှိသည့်အပြင် ဝန်ထမ်းများက ထိန်းသိမ်းဆောင်ရွက်နိုင်မှုကြောင့် စဉ်ဆက်မပြတ် ထုတ်လွှင့်နိုင်မှုအပေါ်လည်း ချီးကျူးဂုဏ်ပြု အသိ အမှတ်ပြုပါကြောင်း၊ ငလျင်ဒဏ်သင့်ဒေသများအလိုက် ဖြစ်ပွားမှု၊ ရှာဖွေကူညီမှုနှင့် ကယ်ဆယ်ရေးဆောင်ရွက်မှု၊ ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုတို့ကို အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်နိုင်ရန်အပြင် မှတ်တမ်း ပြုစုဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ငလျင်ကြီး လှုပ်ခတ်ပြီးတိုင်း နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ခတ်လေ့ရှိရာ ၎င်းအပေါ် ဝန်ထမ်း များအနေဖြင့် စိုးရိမ်မှုလွန်ကဲရန်မလိုဘဲ သတိ၊ ဉာဏ်ပညာဖြင့် ဂရုပြုဆောင်ရွက်ကြရန်လိုကြောင်း၊ အင်အားပြင်းငလျင်ဒဏ်ကြောင့် ယနေ့အထိ သေဆုံးမှု ၃၁၄၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိမှု ၄၅၈၉ ဦး၊ ပျောက်ဆုံးနေသူ ၂၂၁ ဦးရှိသည့်အပြင် ရှေးဟောင်းစေတီပုထိုးများ၊ အဆောက်အအုံများ၊ မီးရထားလမ်းများနှင့် ကားလမ်းများ ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့ရကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ၊ မိုခါမုန်တိုင်း၊ ရာဂီဆိုင်ကလုန်းမုန်တိုင်းများကို အစိုးရနှင့်ပြည်သူစုပေါင်းအားဖြင့် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး မူလအခြေအနေထက် သာလွန်ရောက်ရှိအောင် အမြန်ဆုံးကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်အပေါ် သင်ခန်းစာများ ဖော်ထုတ်ရယူပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကျော်ဖြတ်နိုင်မည်ဟုယုံကြည်ပါကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိရာ ကမ္ဘာကြီးကို ကျရာကဏ္ဍမှ ဝိုင်းဝန်းထိန်းသိမ်းပြီး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ မှာကြားချက်ဖြစ်သော “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ”ဆိုသည့်အတိုင်း ပြည်တွင်း ရှိအင်အားစုများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်း၍ လူ့အသက်ပေါင်းများစွာကို စွန့်လွှတ် စွန့်စားစွာကယ်ဆယ်ပေးနေမှုများကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ငလျင်ဘေးဒဏ်ကို အထိုက်အလျောက် ခံစားခဲ့ရသော်လည်း သတင်းနှင့် အစီအစဉ်များကို ပုံမှန်ကဲ့သို့ စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးနိုင်ခဲ့သလို စဉ်ဆက်မပြတ် ထုတ်လွှင့်နိုင်ရေး ကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အရေးကြီးဖြစ်စဉ်များကို ပြည်တွင်းပရိသတ်များအပြင် နိုင်ငံတကာသို့သိရှိနိုင်ရန် ကြိုးပမ်းထုတ်လွှင့်ပေး နိုင်ခြင်းအပေါ် ဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်ပြီးလည်း တာဝန်သိစိတ်၊ တာဝန်ယူစိတ်တို့ဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို ကြိုးပမ်းထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များအတွက် ငွေကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများအား ပေးအပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က လက်ခံရယူသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Block C Lobby တွင် ပြင်ပမှာ လာရောက်တာဝန် ထမ်းဆောင်ကြသော ဒေသခံဝန်ထမ်းများနှင့် တွေ့ဆုံပြီး အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယင်းနောက် Auditorium ခန်းမ ညာဘက်လျှောက်လမ်းနှင့် News Studio လျှောက်လမ်းတို့တွင် မျက်နှာကြက်များ ပြိုကျပျက်စီးမှုများအားလည်းကောင်း၊ ရေဒီယိုနှင့် ဓာတ်ပြားထိန်းသိမ်းရေးဌာနစိတ်တွင် ဓာတ်ပြားများနှင့် တိပ်ခွေများ ပျက်စီးမှုများနှင့် ဆယ်တင်ထိန်းသိမ်းမှုအားလည်းကောင်း၊ ရေဒီယိုတိုင်းရင်းသားအစီအစဉ် တည်းဖြတ်ခန်း (Audio Work Station)တွင် မျက်နှာကြက်များ ပြိုကျပျက်စီးမှုအားလည်းကောင်း၊ ပင်မအဆောက်အအုံခေါင်မိုးပေါ်သို့ တက်ရောက်၍ မျက်နှာကြက်ပျက်စီးမှု၊ Auditorium ခန်းမအပေါ်တွင် အနားသတ်ဝရန်တာများ ပြိုကျပျက်စီးမှုနှင့် နံရံများ ကွဲအက်ပျက်စီးမှုတို့အားလည်းကောင်း၊ ပေါင်းကူးတံတားလျှောက်လမ်းတွင် မျက်နှာကြက်များ ပြိုကျပျက်စီးမှုအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပင်မအဆောက်အအုံရှိ Presentation 1 (On Air) ခန်းတွင် နံရံများကွဲအက်ပျက်စီးမှု၊ မျက်နှာကြက်များပြိုကျပျက်စီးမှု၊ Monitor TV များ လဲကျပျက်စီးမှုနှင့် လုပ်ငန်းခွင်မပျက်အောင် အစားထိုးစီစဉ်ဆောင်ရွက်မှုအားလည်းကောင်း၊ Convergence News Room၊ Conference Room နှင့် Training Room တို့တွင်လည်း နံရံများကွဲအက် ပျက်စီးမှုနှင့်မျက်နှာကြက်များ ပြိုကျပျက်စီးမှုတို့အားလည်းကောင်း၊ စိန်ရတုပြတိုက်တွင် လေကာမှန် များ ကွဲအက်ပျက်စီးမှု၊ မျက်နှာကြက်များ ပြိုကျ ပျက်စီးမှုနှင့် ခင်းကျင်းပြသထားသည့် ပစ္စည်းများ ပျက်စီးမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် MRTV Recreation Center တွင် ဝန်ထမ်းအိမ်ရာ တိုက်ခန်းများမှ လာရောက်နေထိုင် ကြသည့် ဝန်ထမ်းမိသားစု ၃၀ အား ရင်းရင်းနှီးနှီး တွေ့ဆုံမေးမြန်းကာ အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ကလေးများအတွက် ထောက်ပံ့ငွေများ ပေးအပ်ကာ ယာယီနေရာချထား နေထိုင်မှုများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အရာထမ်းအိမ်ရာ တိုက် (၁၈) နှင့် အမှုထမ်းအိမ်ရာ တိုက် (၂၃) သို့ သွားရောက်ပြီး ဝန်ထမ်းများနှင့် မိသားစုများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အားပေးစကားပြောကြားကာ ၎င်းအိမ်ရာနေ ဝန်ထမ်းများနှင့် မိသားစုများအတွက် စားသောက်ဖွယ်ရာများအားလည်းကောင်း၊ ကလေးများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကိုလည်းကောင်း၊ ဆောင်ရွက်ပြီး အဆောက်အအုံပျက်စီးမှုများအား လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပင်မအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများအတွက် အသုံးပြုလျက်ရှိသည့် ရေစုကန်နှင့် ရေစစ်ကန်များသို့ သွားရောက်ကြည့်ရှုပြီး ရေပြတ်တောက်မှု မရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်၍ အလေး ထားဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ဒဏ်ကြောင့် နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် တာဝါတိုင်၊ ဂြိုဟ်တု ဆက်သွယ်ရေး၊ Aircon စနစ်များနှင့် Studio များ ထိခိုက်မှုမရှိသော်လည်း ပင်မအဆောက်အအုံ၊ စိန်ရတုပြတိုက်နှင့် ဝန်ထမ်းအိမ်ရာများတွင် လေကာမှန်များကွဲအက်ခြင်း၊ မျက်နှာကြက်များ ပြိုကျခြင်း၊ အင်္ဂတေနံရံများ ကွဲအက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့အပြင် ထုတ်လွှင့်မှုထိန်းချုပ်ခန်းနှင့် သက်ဆိုင်ရာ အလိုက် အသုံးပြုလျက်ရှိသည့် TV များ ၊ Computer များနှင့် ပရိဘောဂများ ထိခိုက်ပျက်စီးခဲ့သော်လည်း အစားထိုးပြုပြင်အသုံးပြုခြင်းဖြင့် ထုတ်လွှင့်မှုမပျက်အောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်