Skip to main content

နေပြည်တော် ဧပြီ ၃

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အဆောက်အအုံများနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီက ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် ရေလွှဲဆည်နှင့်တမံများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

လိုအပ်သည်များ လမ်းညွှန်မှာကြား

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒက္ခိဏသီရိမြို့နယ် သံတမန်ဇုန်သဇင်လမ်းနှင့် မြစ်မခလမ်းထောင့်ရှိ မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်းရုံး (MCI) သို့ သွားရောက်၍ အဆောက်အအုံများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီနယ်မြေအတွင်းသို့ သောက်သုံးရေများ ဖြန့်ဝေပေးသည့် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်တမံ ငလျင်ဒဏ်ကြောင့် တမံများ ထိခိုက်ပျက်စီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ အဆိုပါ ရန်အောင်မြင်တမံသည် မြို့ရေပေးဝေရေးတစ်စိတ်တစ်ပိုင်း ပံ့ပိုးပေးနေသည့် မြေသား တမံအမျိုးအစားဖြစ်ပြီး တမံအမြင့် ၃၆ ပေ၊ တမံအလျား ပေ ၄၀၆၀ ၊ ရေဆင်းဧရိယာမှာ ၁၁ စတုရန်းမိုင်ရှိပြီး ကုန်းကျောတမံ၏ ကန်ရေအပြည့် အမှတ် Full Tank Level အထက်တွင် မြေသား သုံးပေမှာ မြေငလျင်ဒဏ်ကြောင့် မြေသားများ ကျိုးပြတ်ပြိုကျ အက်ကွဲမှု (Failure) ဖြစ်ပေါ်လျက်ရှိသဖြင့် သက်ဆိုင်ရာမှ ယာယီရေတားတမံအဖြစ် အဆိုပါရေတားတမံ၏ အောက်တွင် ကုန်းကျောတမံအသစ်တစ်ခု တည်ဆောက်ကာ ဒုတိယကုန်းကျောတမံနေရာတွင် တာထောက်၍ တာပြန်ဖို့ခြင်းလုပ်ငန်းများကို ပြန်လည်ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တမံကျိုးပေါက်နိုင်မှုအန္တရာယ်လုံးဝမရှိသည်ကို စစ်ဆေးတွေ့ရှိပါကြောင်း သိရသည်။

စိုးရိမ်ဖွယ်ရာမရှိ

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇမ္မူသီရိမြို့နယ်ရှိ မြို့ရေပေးဝေရေး အကူဆည် တစ်ခုဖြစ်သည့် ရေငန်တမံကိုလည်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ အဆိုပါရေငန်းတမံသည် မြေသားတမံ အမျိုးအစားဖြစ်ပြီး တမံအမြင့်ပေ ၃၀၊ တမံအလျား ပေ ၁၀၀၀၊ ရေဆင်းဧရိယာမှာ ဧက ၁၂၀၀ ရှိပြီး တမံ၏ထိပ်ပြင်အပိုင်းတွင် အက်ကြောင်းများ ဖြစ်ပေါ်ခြင်း ရေထုတ်ပြွန်အနီး တမံ၏ အပြင်ဘက်အပိုင်းအချို့မှာ ငလျင်ဒဏ်ကြောင့် ကျိုးပြတ်အက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက တမံအတွင်းမှ ရေဖိအားလျော့နည်းစေရေး လေးပေခန့် ရေထုတ်လျှော့ချပြီး ပြုပြင်ရေး လုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပြီး စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရှိရသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇမ္မူသီရိမြို့နယ်ရှိ ချောင်းမကြီးရေလှောင်တမံသို့ ရောက်ရှိရာ တာဝန်ရှိသူများက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆည်/တမံဆိုင်ရာ အချက်အလက်များ၊ တမံများ၏ ကြံ့ခိုင်မှုအခြေအနေနှင့် ငလျင်ဒဏ်ကြောင့် တမံပျက်စီးခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က သိရှိလိုသည်များ မေးမြန်းပြီး ဆည်/ တမံများ၏ ကြံ့ခိုင်မှုများကို စနစ်တကျ စစ်ဆေးရန်နှင့် လိုအပ်ပါက တမံအောက်ခြေသို့ တပ်မတော် (ရေ) မှ ကျွမ်းကျင်ရေငုပ်စစ်သည် များနှင့် ရေအောက်ကင်မရာများ အသုံးပြု၍ စစ်ဆေးခြင်းများ ဆောင်ရွက်ရန်၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းသို့ သောက်သုံးရေများ ဖြန့်ဝေပေးသည့် တမံများဖြစ်သည့်အတွက် တမံများ ကျိုးပေါက်မှုမရှိစေရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး စနစ်တကျစီမံဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည် များကို လမ်းညွှန်မှာကြားသည်။

အားပေးစကားပြောကြား

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားကွင်း၌ ဖွင့်လှစ်ထားရှိသည့် ယာယီဆေးရုံ (ပေါင်းလောင်း) ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရပ်သားပြည်သူများ အား သွားရောက်ကြည့်ရှု၍ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက် ပေးနေမှုအခြေအနေများ၊ ရောဂါသက်သာပျောက်ကင်းမှု အခြေ အနေများကို တစ်ဦးချင်းရင်းရင်း နှီးနှီး လိုက်လံမေးမြန်းကာ အားပေးစကား ပြောကြားသည်။

အဆိုပါ ယာယီဆေးရုံ (ပေါင်းလောင်း)ကို တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ဆေးကုသမှုပါရဂူ၊ ခွဲစိတ်ပါရဂူ၊ သားဖွားမီးယပ်ပါရဂူ၊ ကလေး ပါရဂူ၊ အရိုးပါရဂူ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းပါရဂူ၊ မေ့ဆေးပါရဂူ၊ ရောဂါဗေဒနှင့် ဓာတ်မှန်ပါရဂူ၊ ဆေးဝါးဗေဒပါရဂူ၊ ပြည်သူ့ကျန်းမာရေး ပါရဂူ၊ ဆေးမှူးများ၊ သူနာပြုအရာရှိ၊ စစ်သည်များနှင့်အတူ ရွေ့လျားခွဲစိတ်ကုသယာဉ်၊ ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်များ၊ လိုအပ်သော ဆေးဝါးပစ္စည်းကိရိယာတို့ဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့် အခြားလူနာများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့/ညမပြတ် ကြပ်မတ်ကုသ ပေးလျက်ရှိသည်။ ယနေ့အထိ အရေးကြီးလူနာ ၃၆ ဦးနှင့် ပြင်ပလူနာ ၆၀ တို့အား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်သည်။ ထို့အပြင် အဆိုပါ ယာယီဆေးရုံ (ပေါင်းလောင်း) ၌ ဘူတန်နိုင်ငံဘုရင်က စေလွှတ်ပေးသည့် ဘူတန်ဆေးကုသရေးအဖွဲ့ဝင် ၄၀ ကလည်း လိုအပ်သောဆေးဝါးပစ္စည်း များနှင့်အတူ ပူးပေါင်းပါဝင်၍ လိုအပ်သည့် ဆေးကုသခြင်းများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါဘူတန်ဆေးကုသရေးအဖွဲ့သည် သီးခြားယာယီ ဆေးရုံ တည်ဆောက်လျက်ရှိပြီး ငလျင်ဒဏ်သင့်လူနာများအား လူသားချင်းစာနာထောက်ထားမှုဖြင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Off