

နေပြည်တော် ဧပြီ ၂
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့က ဗီဒီယိုကွန်ဖရင့် ဖြင့် တက်ရောက်ကြသည်။
ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် စနစ်တကျစီမံသုံးစွဲ
ဦးစွာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် မတ် ၂၈ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်းမြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ရှားမှုကြောင့် ထိခိုက်ပျက်စီး သေဆုံးမှုများ အများဆုံးဖြစ်ပေါ်ခဲ့သည့်ဒေသများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နိုင်ငံပေါင်း ၂၀ မှ ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်များ စေလွှတ်ပေးနေမှုနှင့် လူသားချင်းစာနာသည့်စိတ်ဖြင့် အားတတ်သရော ကူညီပေးမှုများအတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ နေပြည်တော်ကောင်စီ နယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ အေးချမ်းသာဟိုတယ်တွင် ငါးရက်ကြာပိတ်မိနေသည့် ဟိုတယ်ပြင်/ထိန်း ဝန်ထမ်းဖြစ်သူ အသက် (၂၆) နှစ်ရှိ မောင်နိုင်လင်းထွန်းအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေး (အထူး) တပ်ဖွဲ့ဝင်များနှင့် တူကီယဲနိုင်ငံမှ GEA Search and Rescue အဖွဲ့ဝင် များနှင့်ပူးပေါင်း၍ ဧပြီ ၁ ရက် ညနေ ၃ နာရီမှ စတင်ကယ်ထုတ် ခဲ့ရာ ရှာဖွေကယ်ဆယ်မှု ကိုးနာရီ ခွဲကြာမြင့်ခဲ့ပြီး ည ၁၂ နာရီခွဲတွင် ကယ်ဆယ်နိုင်ခဲ့ကြောင်းနှင့် ကျန်ရှိသည့် အသက် (၂၆) နှစ်အရွယ် ထက်မောင်မောင်ကိုလည်း ယနေ့နံနက် ၁၀ နာရီမှစတင်၍ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ရာ ရှာဖွေကယ်ဆယ်မှုကြာချိန် ၃ နာရီ ၅၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်တွင် အသက်ရှင်လျက် အောင်မြင်စွာ ထပ်မံကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ထိုသို့ ရှာဖွေကယ်ဆယ်နိုင်ခဲ့ခြင်း မှာ ၎င်းတို့၏ ကုသိုလ်ကံ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၏ ကြိုးပမ်းမှုနှင့် အဆင့်မြင့်နည်းပညာအကူအညီနှင့် ကယ်ဆယ်ရေးအတွေ့အကြုံများ ကြောင့်ဖြစ်ကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံတကာကို ဖိတ်ခေါ်ဆောင်ရွက်မှုများကြောင့် နိုင်ငံတကာမှ အသုံးပြုသည့် နောက်ဆုံးပေါ် ကူညီကယ်ဆယ်ရေး ပစ္စည်းများ နှင့် ထိတွေ့ခွင့်ရရှိပြီး နည်းပညာ အသုံးချမှုများနှင့် အဆင့်မြင့် နည်းပညာသုံး ပစ္စည်းများ၏ စွမ်းပကားများကို တစ်ဖက်မှ လည်း လေ့လာခွင့်ရခဲ့ကြောင်း၊ ယင်းသည် အဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံကောင်းများဖြစ်ပါကြောင်း၊ နိုင်ငံတကာမှကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်မှုများကြောင့် ဒုက္ခရောက်နေသည့် နိုင်ငံသားများအနေဖြင့် အသက်ရှင်ခွင့်ရသလို ပြည်တွင်းမှ ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့်လည်း ၎င်းတို့အသုံး ပြုသည့် တန်ဖိုးမဖြတ်နိုင်သည့် နည်းပညာများ၊ ခေတ်မီစက်ပစ္စည်း အသုံးပြုမှုပညာရပ်များကို မျှဝေရရှိကြောင်း၊ ယမန်နေ့က နိုင်ငံတကာမှ ကယ်ဆယ်ရေး အတွက် လာရောက်သည့် လေယာဉ်အခေါက်ရေ ၄၉ ခေါက်ဖြစ်ရာ လက်ရှိအချိန်အထိ ကယ်ဆယ်ရေးအဖွဲ့ဝင်အင်အား ၁၉၁၅ ဦး၊ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၇၁၄ တန်ကျော် ရောက်ရှိပြီဖြစ်ကြောင်း၊ အဆိုပါရောက်ရှိလာ သည့် ကယ်ဆယ်ရေးပစ္စည်းများ ကို မြန်မြန်ရောက် မြန်မြန်ပို့၊ မြန်မြန်ဖြန့်စနစ်ဖြင့် ဆောင်ရွက် နေပြီး နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း နိုင်ငံတကာမှ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိပါက အရန်လုံးဝမထား ဘဲ ငလျင်ဒဏ်သင့်ပြည်သူများလက်ဝယ်သို့ အမြန်ဆုံးရောက်ရှိအောင် ပို့ဆောင်ရန် ညွှန်ကြားထားကြောင်း၊ မတ် ၂၈ ရက်မှ ယနေ့အထိ ပြင်းထန်မြေငလျင်၏ နောက်ဆက်တွဲ မြေငလျင်များ လှုပ်ရှားမှုမှာ ၅၇ ကြိမ်ရှိပြီဟု ထုတ်ပြန်ထားသည့်အတွက် သတိ လက်လွတ်မဖြစ်စေဘဲ နေထိုင် သွားလာကြရန် လိုအပ်ကြောင်း၊ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ငလျင်ဒဏ်သင့်ဒေသများ အတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲတွင်လည်း အားတက်သရောလှူဒါန်းကြသည့်အတွက် ကြည်နူးဝမ်းမြောက်ဖွယ် တွေ့မြင်ရပါကြောင်းနှင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်များနှင့် ဝန်ကြီးဌာန များမှ လှူဒါန်းမှုအနေဖြင့် စုစု ပေါင်းအလှူငွေ ကျပ်သိန်းပေါင်း ၁၂၆၄၈၈၁ သိန်းရရှိခဲ့ကြောင်း၊ အဆိုပါလှူဒါန်းငွေများကိုလည်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စနစ်တကျစီမံသုံးစွဲရန် လိုအပ်ကြောင်း။
ဆွေးနွေးမှာကြား
ငလျင်ဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ဝန်ထမ်းအိမ်ရာများ၊ ရုံးအဆောက်အအုံများနှင့်ပတ်သက်၍ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပြီး ဝန်ထမ်း များနှင့် မိသားစုဝင်များ စားသောက်ရေး အဆင်ပြေစေရေးနှင့် ယာယီနေထိုင်နိုင်ရေးအတွက် စီစဉ် နေရာချထားပေးရမည် ဖြစ် ကြောင်း၊ ထိုသို့စီစဉ်ရာတွင် မိုးတွင်းကာလနှင့် ချိန်ညှိ၍ မိုးရာသီမတိုင်မီ မိုးလုံလေလုံ ယာယီ/ အမြဲတမ်းအဆောက်အအုံများ ဆောင်ရွက်ထားရန်မှာ အရေး ကြီးသည့်အချက်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပထမ အဆင့်အနေဖြင့် ပျက်စီးနေသည့် အပျက်အစီးများကို ဖယ်ရှားရှင်းလင်းရန်၊ ဒုတိယအဆင့်အနေဖြင့် နေထိုင်ရန်မသင့်သည့် ယိုင်နဲ့နေသည့် နေအိမ်များကို ဖြိုဖျက်ရန်၊ တတိယအဆင့် အနေဖြင့် ကျန်အဆောက်အအုံများ ကို ဆက်လက်အသုံးပြုရန်သင့်/မသင့် စစ်ဆေးရန်နှင့် နောက်ဆုံးအနေဖြင့် တည်ဆောက်ရေးအပိုင်းဖြစ်ကာ တည်ဆောက်ရေး ဆောင်ရွက်ရာတွင် လက်ရှိနေရာ တွင်ပင် တည်ဆောက်ရန် သင့်/ မသင့်ကို ဘူမိဗေဒပညာရှင်များ၊ ငလျင်ပညာရှင်များ အင်ဂျင်နီယာကောင်စီမှ ပညာရှင်များနှင့် တိုင်းတာစစ်ဆေးရန် ဖြစ်ပြီး တည်ဆောက်ရန် မသင့်ပါက သင့်တော်သည့်အခြားမြေနေရာ ရှာဖွေ တည်ဆောက်ရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအိမ်ရာများ၏ အားနည်း ချက်မှာ အိမ်ရာများတွင် ဝန်ကြီးဌာနအလိုက် သီးသန့်စီစဉ်နေထိုင် ခြင်း မဟုတ်သည့်အတွက် စီမံဆက်သွယ်ဆောင်ရွက်မှုများ၌ ကန့်သတ်ချက်အချို့ တွေ့ရှိရ၍ ပြန်လည် တည်ဆောက်ရေးနှင့် နေရာချထားရေး ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနအလိုက် တစုတစည်းတည်း နေရာချထားရန် လိုအပ်သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် တက်ရောက်လာကြသူများအနေဖြင့် ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဆောင်ရွက်နေဆဲကိစ္စရပ်များ၊ ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ ယာယီပြန်လည်နေရာချထားရေး ကိစ္စရပ်များနှင့် အမြဲတမ်းနေရာချထားရေးကိစ္စရပ်များကို ထိထိ ရောက်ရောက် ဆွေးနွေးကြရန် လိုကြောင်းဖြင့် ဆွေးနွေးမှာကြား သည်။
ရှင်းလင်းတင်ပြ
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ (၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ကော်မတီဒုတိယဥက္ကဋ္ဌ (၂) လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့က မတ် ၂၈ ရက်မှ ဧပြီ ၁ ရက်အထိ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ငလျင် ဒဏ်သင့်ဒေသများတွင် လိုအပ် သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးထားမှု၊ နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ကူညီကယ်ဆယ်ရေး အဖွဲ့များ၊ ဆေးအဖွဲ့များနှင့် ထောက်ပံ့ပစ္စည်းများ ရောက်ရှိမှု၊ အဆိုပါ ကယ်ဆယ်ရေးအဖွဲ့များနှင့် ထောက်ပံ့ပစ္စည်းများကို စနစ်တကျ ဖြန့်ခွဲနေရာချထားပေးမှု၊ ဆက်သွယ်မှုလမ်းကြောင်းများ မပြတ်တောက်စေရန် ပျက်စီးသွားသည့် လမ်း၊ တံတားများအား ယာယီသွားလာနိုင်ရေး ပြင်ဆင်ဆောင်ရွက်ပေးထားမှု၊ ငလျင်ဒဏ်သင့်ပြည်သူများနှင့် ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များနှင့် လိုအပ်ချက်များကို ထောက်ပံ့ပေးအပ်လျက်ရှိမှု၊ မြေပြင်စာရင်းကောက်ယူရေးအဖွဲ့များဖြင့် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူလျက်ရှိမှု၊ AHA Center၊ နိုင်ငံတကာနှင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်များက အလှူငွေများနှင့် ထောက်ပံ့ရေးပစ္စည်းများ လက်ခံ ရရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ကော်မတီအတွင်း ရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင် ရွက်ပြီးစီးမှုများကို ဖတ်ကြားတင်ပြသည်။
ထို့နောက် ကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က မတ် ၂၈ ရက် တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ပျက်စီးဆုံးရှုံးရမှုအခြေအနေများ၊ ကယ်ဆယ်ရေးလေယာဉ်များနှင့် ပစ္စည်းများ ရောက်ရှိမှုအခြေအနေများ၊ ငလျင်ဒဏ်ကြောင့် သာသနိကအဆောက် အအုံများ၊ အခြားဘာသာရေး အဆောက်အအုံများ၊ နေအိမ်များနှင့် ဝန်ထမ်းအိမ်ရာများ ပျက်စီးဆုံးရှုံးမှု၊ သံဃာတော်များ၊ အရပ်သား ပြည်သူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများ၊ အရေးပေါ်ကူညီကယ်ဆယ်ရေးဆောင်ရွက်နေမှုများ၊ ငလျင်ဘေး ဒဏ်ခံစားရသည့် ဝန်ထမ်းများ အတွက် ဝန်ကြီးဌာနအသီးသီး အလိုက် စားသောက်၊ နေထိုင်မှုနှင့် လုံခြုံရေးအတွက် ဆောင်ရွက်ပေးထားမှုအခြေအနေများ၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတကာမှ ကမ်းလှမ်းထားသည့် အခြေအနေများ၊ စိုက်ပျိုးမြေများနှင့် တာ၊ တမံများ ပျက်စီးမှု၊ နိုင်ငံတကာမျက်နှာစာတွင် လက်ရှိ ဖြစ်ပေါ်မှုများနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေး၊ ယာယီဆေးရုံ၊ ဆေးခန်းများ ဖွင့်လှစ်ထားရှိမှု၊ ကယ်ဆယ်ရေးနှင့် ပို့ဆောင်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော် (လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များ အဆင်သင့်စုဖွဲ့ထားရှိမှု၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ဆွေးနွေးတင်ပြကြ သည်။
ဆွေးနွေးတင်ပြမှုများအပေါ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဆောက်အအုံများအား ပြန်လည် တည့်မတ်ရန်အတွက် လုံလောက်သည့် ပစ္စည်းကိရိယာများ ရရှိရေး၊ ယာယီဆေးရုံများ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး၊ သံဃာတော်များ၏ ဆွမ်း၊ ကွမ်းဝေယျာဝစ္စနှင့် ယာယီကျောင်းဆောင်များ အဆင်ပြေမှုရှိစေရေး၊ အဆောက်အအုံများ ပျက်စီးဆုံရှုံးသွားသည့် ပြည်သူများနှင့် ဝန်ထမ်းများအား နေရာချ ထားနိုင်ရေးအတွက် မိုးရာသီမတိုင်မီ နှစ်လအတွင်း အနိမ့်ဆုံး အဆင့် ယာယီအမိုးအကာ ရရှိ အောင် စီမံဆောင်ရွက်ရေး၊ အဆောက်အအုံများပျက်စီးမှု၊ ဖြိုချရန်လိုအပ်မှုနှင့် နေထိုင်ရန် သင့်/ မသင့်တို့ကို အမြန်ဆုံးစာရင်း ကောက်ယူရေး၊ အဆောက်အအုံ များကို ဖြိုချရသည်ဖြစ်စေ၊ အပျက်အစီးများကို ဖယ်ရှားရသည်ဖြစ်စေ မိသားစုပိုင်ပစ္စည်းများကို ပြန်လည်ရရှိနိုင်ရေးအတွက် စနစ်တကျစီမံပြုလုပ်ရေး၊ နိုင်ငံတကာအကူအညီများ လွယ်ကူချောမွေ့အဆင်ပြေစေရေးအတွက် စီမံဆောင်ရွက်ပေးနိုင်ရေးနှင့် လမ်းခရီးကန့်သတ်ချက်များနှင့် အကြမ်းဖက်သမား များ၏ နှောင့်ယှက်မှုများရှိနေသောကြောင့် လုံခြုံရေးကိစ္စရပ် များ အဆင်ပြေစေရန် ကယ်ဆယ်ရေးယာဉ်နှင့် ကယ်ဆယ်ရေးအဖွဲ့များ ဖြစ် ကြောင်းကို သိသာ ထင်ရှားသည့် အမှတ်အသားများ ပြုလုပ်၍ ခွင့်ပြုချက်၊ စီမံချက်တို့ဖြင့် စနစ်တကျစေလွှတ်ပေး နိုင်ရေး၊ ငလျင်ဒဏ်ကြောင့် သေဆုံးသူများ၊ ဒဏ်ရာရရှိသူများ အပေါ် ထောက်ပံ့ကြေးများ အမြန်ဆုံးထုတ်ပေးနိုင်ရေးနှင့် အရေးပေါ်စားနပ်ရိက္ခာများထောက်ပံ့ပေးနိုင်ရေး၊ သန့်ရှင်းသောသောက်ရေနှင့် သုံးရေရရှိရေး၊ လျှပ်စစ်မီး လျင်မြန်စွာရရှိရေးနှင့် စေတနာရှင်များ၏ ယန္တရားတစ်အုပ်တစ်မ အကူအညီပေးထားမှုများအပေါ် အမှန်တကယ်လိုအပ်သည့် လမ်း၊ တံတားနှင့် အဆောက်အအုံနေရာ များတွင် အသုံးပြုနိုင်ရေးအတွက် စနစ်တကျစီမံ၍ အကျိုးရှိအောင် ဆောင်ရွက်ရေး၊ ပြည်သူများအနေဖြင့် သဘာဝဘေးနှင့်ပတ်သက် သည့် ဆောင်ရန်၊ ရှောင်ရန် အကြောင်းအချက်များနှင့် သတင်းများကို ဆောလျင်မြန်ဆန်စွာသိရှိနိုင်ရေးနှင့် လှူဒါန်းသည့် ပစ္စည်းများ မလိုအပ်ဘဲ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ဆပ်ကော်မတီအလိုက် စနစ်တကျ စာရင်းပြုစုရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို NDMC အဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
လိုက်လံကြည့်ရှု
အစည်းအဝေးအပြီးတွင် အမျိုး သားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသော နိုင်ငံတကာမှ လှူဒါန်းထားသည့် ယာယီတဲ အဆောက်အအုံများ၊ အရေးပေါ်လျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် ဆေးပစ္စည်းများကို လိုက်လံကြည့်ရှုကြသည်။
အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ထိခိုက်ပျက်စီးသေဆုံးမှုမှာ ဧပြီ ၂ ရက် ညနေ ၆ နာရီအထိ ကနဦးစာရင်းများအရ သေဆုံးသူ ၃၀၀၃ ဦး၊ ပျောက်ဆုံး သူ ၃၅၁ ဦး၊ ဒဏ်ရာရရှိသူ ၄၅၁၅ ဦး ရှိပြီး လူနေအိမ် ၂၁၇၈၃ လုံး၊ ရုံးဌာနအဆောက်အအုံ ၈၀၅ လုံး၊ ဝန်ထမ်းအိမ်ရာ ၁၁၅ လုံး၊ စာသင်ကျောင်း ၁၀၄၁ ကျောင်း၊ ဘုန်းကြီး ကျောင်းနှင့် သီလရှင်ကျောင်း ၉၂၁ ကျောင်း၊ ဘုရားစေတီ ၁၆၉၀ ဆူ၊ အခြားဘာသာရေးအဆောက် အအုံ ၃၁၂ လုံး၊ ဆေးရုံ/ ဆေးခန်း ၄၈ လုံး၊ စပါးနှင့် အခြားသီးနှံ ၄၅ ဧကတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီအနေဖြင့် နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နေပြည်တော်ကောင်စီနယ်မြေတွင် တရုတ်(ယူနန်)နိုင်ငံမှ အဖွဲ့ ဝင် ၃၇ ဦးနှင့် ပူးပေါင်း၍ အသက်ရှင်သူ တစ်ဦး၊ သေဆုံးသူ နှစ်ဦးကို လည်းကောင်း၊ စင်ကာပူနိုင်ငံမှ အဖွဲ့ဝင် ၈၉ ဦးနှင့် ပူးပေါင်း၍ အသက်ရှင်သူ တစ်ဦး၊ သေဆုံးသူ လေးဦးကိုလည်းကောင်း၊ ထိုင်းနိုင်ငံမှ အဖွဲ့ဝင် ၅၀ နှင့် ပူးပေါင်း ၍ သေဆုံးသူ သုံးဦးကိုလည်း ကောင်း၊ ဗီယက်နမ်နိုင်ငံမှ အဖွဲ့ဝင် ၁၀၆ ဦးနှင့် ပူးပေါင်း၍ သေဆုံးသူ ခုနစ်ဦးကိုလည်းကောင်း၊ တူကီယဲ (တူရကီ) နိုင်ငံမှ အဖွဲ့ဝင် ရှစ်ဦးနှင့် ပူးပေါင်း၍ အသက်ရှင်သူ နှစ်ဦးကိုလည်း ကောင်း စုစုပေါင်း အသက်ရှင်သူ လေးဦးနှင့် သေဆုံးသူ ၁၆ ဦးတို့ကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ကြောင်း။
အလားတူ မန္တလေးတိုင်းဒေသ ကြီးတွင် ရုရှားနိုင်ငံမှ အဖွဲ့ဝင် ၁၆၇ ဦးနှင့် ပူးပေါင်း၍ အသက်ရှင်သူ တစ်ဦး၊ သေဆုံးသူ ခြောက်ဦး ကိုလည်းကောင်း၊ တရုတ်နိုင်ငံ (ပေကျင်း) မှ အဖွဲ့ဝင် ၈၄ ဦး၊ တရုတ်နိုင်ငံ Blue Sky Rescue Team မှ အဖွဲ့ဝင် ၁၁၆ ဦး၊ တရုတ်နိုင်ငံ (ဟောင်ကောင်) မှ အဖွဲ့ဝင် ၅၁ ဦးတို့နှင့် ပူးပေါင်း၍ အသက်ရှင်သူ နှစ်ဦး၊ သေဆုံးသူ ၁၄ ဦးကိုလည်းကောင်း၊ အိန္ဒိယ နိုင်ငံမှ အဖွဲ့ဝင် ၈၀ နှင့် ပူးပေါင်း၍ သေဆုံးသူ ၁၁ ဦးကို လည်း ကောင်း စုစုပေါင်း အသက်ရှင်သူ သုံးဦးနှင့် သေဆုံးသူ ၃၁ ဦးတို့ကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးတွင် မလေးရှားနိုင်ငံမှ အဖွဲ့ ဝင် ၅၀ နှင့် ပူးပေါင်း၍ သေဆုံးသူခြောက်ဦးတို့ကို ရှာဖွေနိုင်ခဲ့ရာ ရှာဖွေကယ်ဆယ်ရေးကော်မတီအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့အတွင်း နိုင်ငံပေါင်း ခုနစ်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၁၂ ဖွဲ့တို့နှင့် ပူးပေါင်း၍ အသက်ရှင်သူ ခုနစ်ဦးနှင့် သေဆုံးသူ ၅၃ ဦးတို့ကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်