

နေပြည်တော် ဧပြီ ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ H. E. Mr.Yohei SASAKAWA က နေပြည်တော်ရှိ တပ်မတော်ဧည့်ရိပ်သာ၌ လာရောက်တွေ့ဆုံပြီး ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းသည်။
လက်ခံရယူ
ဦးစွာ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ငလျင်သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ကယ်ဆယ်ရေးပစ္စည်း ၁၄ မျိုးပါ ကျောပိုးအိတ် အလုံး ၅၀၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းဦးထုပ် အလုံး ၆၀ နှင့် လက်အိတ်တစ်ဖာတို့ကို ပေးအပ်လှူဒါန်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌတို့သည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် ငလျင်သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရမှုအခြေအနေများ၊ နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ပေးခဲ့မှုနှင့် ကူညီကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးပို့ပေးခဲ့သည့်အခြေအနေများ၊ နိုင်ငံတကာမှ လာရောက်ကူညီကြသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ ကူညီကယ်ဆယ်မှုများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံအမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ငလျင်သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပေးအပ်လှူဒါန်းခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိသည့် အခြေအနေများ၊ နိပွန်ဖောင်ဒေးရှင်းအနေဖြင့် အမေရိကန်ဒေါ်လာ သုံးသန်းနှင့်ညီမျှသည့် စားနပ် ရိက္ခာများအပါအဝင် အခြားလိုအပ်သည့် ထောက်ပံ့ပစ္စည်းများအား ငလျင်ဒဏ်ခံစားနေရသော ပြည်သူများထံသို့ လှူဒါန်းသွားမည်ဖြစ်သည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်