




နေပြည်တော် ဧပြီ ၁
နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နိုင်ငံတကာမှ ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့များသည် သက်ဆိုင်ရာလေကြောင်းခရီးအလိုက် နေပြည်တော် တပ်မတော်လေဆိပ်သို့ ထပ်မံရောက်ရှိလာကြသည်။
ယနေ့တွင် ရုရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘူတန်၊ ဖိလစ်ပိုင်၊ လာအိုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ၊ ဆေးဝါးများ၊ ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များသည် နေပြည်တော် တပ်မတော်လေဆိပ်သို့ ရောက်ရှိကြခြင်းဖြစ်သည်။
နေပြည်တော်တပ်မတော်လေဆိပ်သို့ ရောက်ရှိ
အလားတူ ယမန်နေ့ညပိုင်းကလည်း ဘယ်လာရုစ်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများ၊ ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များသည် နေပြည်တော်တပ်မတော်လေဆိပ်သို့ ရောက်ရှိကြသည်။
ထိုသို့ ရောက်ရှိလာကြသည့် ကယ်ဆယ်ရေးနှင့် ဆေးကုသမှုအဖွဲ့များကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက နေပြည်တော် တပ်မတော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြပြီး ယင်းအဖွဲ့များသည် ငလျင်ဘေးသင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ဆေးဝါးကုသမှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်