



နေပြည်တော် ဧပြီ ၁
ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ရှိ တပေါင်းကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး အလှူငွေများလက်ခံသည်။
အဆိုပါ အလှူငွေပေးအပ်လှူဒါန်းပွဲသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီး များနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စေတနာရှင်အလှူ ရှင်များ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြ သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ငလျင်ဘေးဒဏ် ကျရောက်ခဲ့သည့်အခြေအနေများ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးပို့မှုအခြေအနေများ၊ ယခုကဲ့သို့ စေတနာထက်သန်စွာဖြင့် လာရောက်လှူဒါန်းမှုများအပေါ် ကျေးဇူးတင်ရှိမှုတို့နှင့်ပတ်သက်၍ ပြောကြားရာတွင် မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီး ၁၈ ကြိမ်အနက် ၁၉၁၂ ခုနှစ် မေ ၁၃ ရက်တွင် လှုပ်ခတ် ခဲ့သည့် ပြင်းအား ၈ ရစ်(ခ်)တာစကေးရှိ မေမြို့ငလျင်သည် အပြင်းထန်ဆုံးဖြစ်ပြီး ဒုတိယအပြင်းထန်ဆုံးမှာ လက်ရှိဖြစ်ပေါ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ ငလျင်ဖြစ်ကြောင်း၊ ငလျင်နှင့်ပတ်သက်ပါက အကြိမ်ကြိမ်အဖန်ဖန် လှုပ်ခတ်ခဲ့သည့် သင်ခန်းစာများရှိပြီးဖြစ်သဖြင့် ငလျင်ကြောင့် ဖြစ်ပေါ်လာသည့် ဖြစ်ပျက်မှုများကို သတိပြုရန်နှင့် သင်ခန်းစာရယူနိုင်ရန်လိုကြောင်း၊ ငလျင်လှုပ်ခတ်ပြီးချိန်၌ နေပြည်တော်ကောင်စီနယ်မြေအတွင်း ထိခိုက်မှုများ များပြားကြောင်း သိရှိရသည့်အတွက် မိမိအနေဖြင့် ငလျင်လှုပ်ခတ်အပြီး နာရီပိုင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း၊ မြို့တွင်းရှိ အချို့သောလမ်းကြောင်းများ၊ အဆောက်အအုံများ အနေဖြင့် ထိခိုက်ပျက်စီးမှု အလွန်များပြားခဲ့သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ဖြစ်ပေါ်ခဲ့သည့် ငလျင် ဘေးဒဏ်နှင့်ပတ်သက်၍ မိမိအနေဖြင့် အသိပေးပြောကြားချက်တစ်ခုကို ချက်ချင်းထုတ်ပြန် ပြောကြားခဲ့ကြောင်း၊ ထိုသို့ထုတ်ပြန်ချိန်တွင် မိမိတို့နိုင်ငံတစ်ခုတည်းအနေဖြင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်မှာ အချိန် များစွာယူရမည်ဖြစ်သည့်အတွက် ပြည်ပမှ အကူအညီများရရှိစေရေးအတွက်လည်း ထည့်သွင်း ပြောကြားခဲ့ကြောင်း။
ထိုသို့ ပြောကြားခဲ့သဖြင့် ငလျင်လှုပ်ခတ်မှုဖြစ်ပွားအပြီး အချိန်နာရီအတိုင်းအတာတစ်ခုအတွင်း တရုတ်နိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့အပါအဝင် နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိလာခြင်းကြောင့် ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်တိုအတွင်း ဝိုင်းဝန်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ပေးခဲ့ခြင်းအတွက် နိုင်ငံတကာကိုလည်း မိမိတို့အနေဖြင့် များစွာကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ အလားတူ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ်၊ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်တို့အနေဖြင့်လည်း လိုအပ်သည့် အကူအညီများ ပေးအပ်နိုင်ရေး ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့သကဲ့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျငအပါအဝင် ကမ္ဘောဒီးယားနိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ နီကာရာဂွာနိုင်ငံတို့မှ အကြီးအကဲများကလည်း ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားကြောင်း သဝဏ်လွှာများ ပေးပို့ဆက်သွယ်ခြင်းနှင့် အခြားလိုအပ်သည့် အကူအညီများကို ပေးအပ်ခဲ့ကြ ကြောင်း။
နိုင်ငံတော်အနေဖြင့် ဘီလီယံ ၅၀၀ ကိုမတည်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ငလျင်နှင့်ပတ်သက်၍ ၁၉၁၂ ခုနှစ် ခန့်မှ စတင်၍ ငလျင်များလှုပ်ခတ်ခဲ့သည့် သင်ခန်းစာများ များစွာရရှိခဲ့ပြီးဖြစ်ကြောင်း၊ ငလျင်နှင့်ပတ်သက်၍ အလေးထားပြီး ဆောင်ရွက်ရန် လိုအပ်ချက်များရှိ သည်ကို တွေ့ရကြောင်း၊ အဆောက်အအုံများနှင့် ပတ်သက်၍လည်း အဆောက်အအုံများ ဆောက်လုပ်ရာတွင် ဖြစ်ပေါ်လာနိုင်မည့် ငလျင်ဒဏ်ကို ထည့်သွင်းစဉ်းစား ခြင်းမရှိဘဲ ဆောင်ရွက်ခဲ့သည်များရှိခြင်းကြောင့် ယခုဖြစ်ပေါ်ခဲ့သည့် ငလျင်သဘာဝဘေးတွင် မလိုလားအပ်ဘဲ သေဆုံးခဲ့ရမှုများ၊ ဒဏ်ရာရရှိခဲ့ရမှုများနှင့် အပျောက် အဆုံးများရှိခဲ့ရကြောင်း၊ ယနေ့ နံနက် ၈ နာရီအချိန်အထိ စာရင်းကောက်ယူမှုများအရ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၂၇၁၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၅၂၁ ဦး၊ ပျောက်ဆုံးနေသူ ၄၄၁ ဦး ရှိသည်ဟုသိရှိရပြီး ကယ်ဆယ် ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း၊ မိမိအနေဖြင့် ငလျင် ဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့စဉ် ငလျင်သဘာဝဘေးဒဏ်သည် အင်ဂျင်နီယာပိုင်း ဆိုင်ရာအတွက် ကြီးမားသည့် စိန်ခေါ်မှုပင် ဖြစ်ကြောင်း၊ အင်ဂျင်နီယာရှုထောင့်အရ အဆောက်အအုံများ တည်ဆောက်ရာတွင် စနစ်တကျတွက်ချက် ဆောက်လုပ်သင့်သည်ကို သင်ခန်း စာ ဖော်ထုတ်ရရှိခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် မိမိအနေဖြင့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး ခဲ့ရမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး မာရဝိဇယဆင်းတုတော်ကြီးနှင့် ပလ္လင်တော်ကြီးတို့အနေဖြင့် တိမ်းစောင်းခြင်း၊ နိမ့်ကျခြင်း၊ တွဲဆက်ထားသည့် အပိုင်းများ ကွဲအက်ခြင်းတို့ (လုံးဝ) မရှိခဲ့ကြောင်းနှင့် အခြားသာသနိကအဆောက်အအုံများ တွင် ထိခိုက်ပျက်စီးမှု အနည်းငယ်သာ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိခဲ့ရ ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်စဉ်ကတည်းကပင် ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် လေပြင်းတိုက်ခတ်မှုဒဏ် ခံနိုင်ရေး၊ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် သဘာဝဘေးဒဏ်အန္တရာယ်များမှ ခံနိုင်မှုရှိစေရေး စနစ်တကျ တွက်ချက်တည်ဆောက်ခဲ့မှုနှင့် ခေတ်မီနည်းပညာများ အသုံးပြု တည်ဆောက်ခဲ့မှုကြောင့် ဖြစ်သည် ကို တွေ့ရှိရကြောင်း။
ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့်နေရာများတွင် ကနဦးအနေဖြင့် အပျက်အစီးများ ဖယ်ရှား ရှင်းလင်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒုတိယပိုင်းအနေဖြင့် ဆက်သွယ် ရေးလမ်းကြောင်းများ အမြန်ဆုံး ယခင်အတိုင်း ပြန်လည်သွားလာ နိုင်ရေး ပြုပြင်ဆောင်ရွက်ပေး သွားရမည်ဖြစ်ကြောင်း၊ တတိယပိုင်းအနေဖြင့် ပြိုကျနေဆဲ ဖြစ်သည့် အန္တရာယ်ရှိအဆောက်အအုံများကို ဖယ်ရှားရှင်းလင်း ခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရသည့် လမ်းတံတားများ၊ နိုင်ငံပိုင်အဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဖြင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန်တွင် နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် တစ်နိုင်ငံလုံးအတိုင်းအတာလှုပ်ရှားမှုအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များ၊ စေတနာရှင်၊ အလှူရှင်များ၊ တက်ရောက်လာကြသူများသည် တစ်မိနစ်ငြိမ်သက်စွာ ရပ်တန့်၍ တစ်နိုင်ငံလုံးမှ ပြည်သူလူထုနှင့်အတူ ဦးညွှတ်ဂါရဝပြု ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆက်လက် ပြောကြားရာတွင် အဆောက်အအုံများနှင့်ပတ်သက်၍ အချို့အာမခံလုပ်ငန်းများ ဆောင်ရွက်ထားသည့်အဆောက်အအုံများအား အာမခံလျော်ကြေးငွေများနှင့် အဆောက်အအုံများ ဖျက်သိမ်းခွင့် ရရှိရေးအတွက် ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်အပိုင်းကလည်း တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကတည်ဆောက်ရေး လုပ်ငန်းများအတွက်လည်း နိုင်ငံတော်အနေဖြင့် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုအခမ်းအနားသို့ မလာရောက်မီ မိမိအနေဖြင့် လွှတ်တော်အဆောက်အအုံများ ငလျင်ဘေးဒဏ်သင့်ခဲ့ရမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုပမာဏ ကြီးမားသည့်အတွက် များစွာ ပြန်လည်ပြုပြင်ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း။
ယခုကဲ့သို့ ငလျင်ဒဏ်ကြောင့် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ကြောင့် နိုင်ငံတော်အတွက် စီးပွား ရေးကဏ္ဍကိုလည်း တိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်ပေး ကြစေလိုကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းရှင်များအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ငွေကြေးတတ်နိုင်သူများအနေဖြင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက် စေရေး ဝိုင်းဝန်းဆောင်ရွက်ပေး ကြစေလိုကြောင်း။
အလားတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် တည်ငြိမ်အေးချမ်းမှုရှိရန်လည်းလိုကြောင်း၊ တည်ငြိမ် အေးချမ်းမှုရှိမှသာလျှင် စီးပွားရေးအရဖွံ့ဖြိုးတိုးတက်မှုများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သို့သော်လည်း အကြမ်းဖက်အဖျက်သမားများအနေဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက် စေရေးအပြင် အခြားသော အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင် နေမှုများရှိကြောင်း၊ ငလျင်ဘေးဒဏ်ကြောင့် လက်နက်ကိုင်အဖွဲ့များအနေဖြင့် နှစ်ပတ် အပစ်အခတ် ရပ်စဲမည်ဟု ထုတ်ပြန်ထားကြောင်း၊ တပ်မတော်အနေဖြင့် မည်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စခန်းကိုမျှ ဦးစွာ တိုက်ခိုက်ခဲ့ခြင်းမရှိဘဲ ၎င်းတို့လာရောက်တိုက်ခိုက်မှသာလျှင် လိုအပ်သည့် တုံ့ပြန်မှုများကို ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးကို တွေ့ဆုံဆွေးနွေးရန် အမြဲ ဖိတ်ခေါ် တံခါးဖွင့်ထားလျက်ရှိပြီးဖြစ်ကြောင်း၊ တိုင်းရင်းသားပြည်သူအားလုံး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ အရသာကို ခံစားနိုင်ရေး ရိုးသားပွင့်လင်းစွာ ဆွေးနွေးသွားကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ လက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေး လမ်းစဉ်များအတိုင်း အမှန်တကယ် လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ အကြမ်းဖက် သမားများအနေဖြင့် နိုင်ငံရေးအရဖြစ်ပေါ်လာသည့် ပြဿနာကို အကြမ်းဖက်သည့်နည်းလမ်းဖြင့် ဖြေရှင်းရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် ချမှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် လက်ရှိအခြေအနေတွင် တိုက်ပွဲဖော်ဆောင်ခြင်းများမရှိ သော်လည်း တိုက်ခိုက်မှုများ
လုပ်ဆောင်ရန်အတွက် စုဖွဲ့ခြင်း၊ လေ့ကျင့်ပြင်ဆင်ခြင်းများ လုပ်ဆောင်နေကြသည်ကို မိမိတို့အနေဖြင့် သိရှိပြီးဖြစ်ပြီး ထိုသို့ ဆောင်ရွက်နေခြင်းသည် တိုက်ခိုက်ခြင်းပင် ဖြစ်သဖြင့် တပ်မတော်အနေဖြင့် လိုအပ်သည့် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း။
အချုပ်အားဖြင့်ဆိုရပါက ယခုကဲ့သို့ ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စာနာထောက်ထားမှုအပြည့်ဖြင့် လာရောက်လှူဒါန်းမှုပြုကြသည့် စေတနာရှင်အလှူရှင်များ၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ အားလုံးကို အထူးပင်ကျေးဇူး တ င်ရှိပါကြောင်း၊ တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများတွင် ယခုထက်ပို၍ ပါဝင်ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် စီးပွားရေးလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက် ပါစေရန် ဆုတောင်းမေတ္တာပြုပါကြောင်း ပြောကြားသည်။
ထို့နောက် ငလျင်ဘေးဒဏ်သင့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်ပြီး စေတနာရှင် အလှူရှင်များ၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများက အလှူငွေများ ဆက်လက်ပေးအပ်လှူဒါန်းကြရာ အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးဝဏ္ဏ မောင်လွင်၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပိုးရယ်အောင် သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာ မှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ် ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်တို့က အသီးသီး လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်သည်။
အလှူငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတနာရှင်၊ အလှူရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။
ယနေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် ငွေသား ၁၀၄ ဒသမ ၄၄ ဘီလီယံ၊ အလှူပစ္စည်း ၁၂ ဒသမ ၄ ဘီလီယံ၊ စုစုပေါင်း ၁၁၆ ဒသမ ၈၄ ဘီလီယံကို လက်ခံရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်