Skip to main content

နေပြည်တော် ဧပြီ ၇

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးသို့ သွားရောက်ကာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှု အခြေအနေများ၊ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိ သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ငူမြို့သို့ရောက်ရှိရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သမိုင်းဝင်နန်းတော်ဦး လောကမာရဇိန်စေတီတော်ကြီးသို့ ရောက်ရှိကြပြီး စေတီတော်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်အပါအဝင် ပြိုကျပျက်စီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက စေတီတော်ကြီး၏ ပြိုကျပျက်စီးမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးချုပ်က စေတီတော်ကြီးသည် သမိုင်းဝင်စေတီတော်ဖြစ်သည့်အတွက် ရှေးမူမပျက်မူလလက်ရာများအတိုင်း စနစ်တကျ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို အပိုင်းအလိုက် ဆောင်ရွက်ရန်မှာကြားသည်။

အဆိုပါ နန်းတော်ဦး လောကမာရဇိန်စေတီတော်ကြီးကို ကောဇာသက္ကရာဇ် ၁၁၆၁ခုနှစ်တွင်ဗဒုံမင်း တရားကြီး ဘိုးတော်ဦးဝိုင်းက တည်ထားပူဇော်ခဲ့ပြီး “နန်းတော်ဦး ရန်အောင်နိုင်ဘွဲ့ သမုတ်တော်မူခဲ့သည့် ကောဇာသက္ကရာဇ် ၁၂၈၀ ပြည့်နှစ်တွင် ဆရာတော်ဦးဩဘာသနှင့် ဦးအာစရတို့က နန်းတော်ဦးစေတီတော်ကိုငုံ၍ ဖိနပ်တော်၅၄ တောင်၊ ဉာဏ်တော် ၇၂ တောင်၊ ထီးတော်အမြင့် ၁၈ တောင်ကို တည်တော်မူခဲ့ပြီး ကောဇာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်တွင် တည်ဆောက်ပြုပြင်မှု ပြီးဆုံး၍ ထီးတော်အသစ်တင်လှူပြီး “နန်းတော်ဦး လောကမာရဇိန် ဘွဲ့တော်သမုတ်၍ တည်ထား ပူဇော်ထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ငူမြို့နယ်အတွင်း တည်ဆောက်လျက်ရှိသည့် တောင်ငူဗဟိုအကျဉ်းထောင်သို့ ရောက်ရှိကြရာ ယာယီရှင်းလင်းဆောင်၌ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများက အကျဉ်းထောင်တည်ဆောက်ရေးလုပ်ငန်းများ အပိုင်းလိုက်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူ ဗဟိုအကျဉ်းထောင်တည်ဆောက်နေသည့် လုပ်ငန်းခွင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်လျက်ရှိသည့် အကျဉ်းထောင်အား ငလျင်ဒဏ်ခံနိုင်ရည်ရှိအောင် ထည့်သွင်းတွက်ချက် ဒီဇိုင်းရေးဆွဲဆောက်လုပ်ရန်၊ တာဝန်ရှိသူများနှင့် QC အဖွဲ့များ ပူးပေါင်း၍ နှစ်ပတ်တစ်ကြိမ်(သို့မဟုတ်) တစ်ပတ်တစ်ကြိမ် ဆောက်လုပ်ရေးလုပ်ငန်းများကို စစ်ဆေးရန်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကိုလည်း အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ အသုံးပြုရန်နှင့် လိုအပ်သည့်နည်းပညာပိုင်းဆိုင်ရာ အကူအညီများကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ငူနည်းပညာတက္ကသိုလ်သို့ ရောက်ရှိကြရာ နည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်က တက္ကသိုလ်ဖွဲ့စည်းတည်ဆောက်ထားရှိသည့် အချက်အလက်များ၊ ငလျင်ဒဏ်ကြောင့် တက္ကသိုလ်ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများနှင့် အန္တရာယ်ရှိ အဆောက်အအုံ/နေရာများအလိုက် သတ်မှတ်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့သည် တက္ကသိုလ်အတွင်း ငလျင်ကြောင့် ပျက်စီးခဲ့သည့် Lobby၊ ပင်မ သုံးထပ်ဆောင်၊ Extension Building လေးထပ်ဆောင်၊ သုံးထပ်စာသင်ဆောင်၊ တစ်ထပ်လက်တွေ့ဆောင်၊ ကွန်ပျူတာအခန်းများနှင့် ဘာသာရပ်အလိုက် စာသင်ဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံများ၏ ကြံ့ခိုင်မှုတို့ကို ပဲခူးတိုင်းဒေသကြီးအစိုးရ၊ အဆောက် အဦစစ်ဆေးအဖွဲ့များ၏ စစ်ဆေးပြီး အခြေအနေများအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပညာရှင်များက တိုင်းတာစစ်ဆေးသည့် စက်ကိရိယာများဖြင့် ထပ်မံစစ်ဆေးလျက် ပြုပြင်ရန်လိုအပ်သည့် အဆောက်အအုံနှင့် အစိတ်အပိုင်းများအား မိုးရာသီမတိုင်မီ အမြန်ဆုံးပြန်လည်ပြုပြင် တည်ဆောက်ရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

အဆိုပါ နည်းပညာတက္ကသိုလ်သည် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်(ISO 9001:2015)ရရှိပြီးသည့် မြန်မာနိုင်ငံ၏ အဆင့်မြင့်နည်းပညာတက္ကသိုလ် တစ်ခုဖြစ်ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထိ Civil၊ EC၊ EP၊ Mech စသည့် မေဂျာကြီး လေးခုသာသင်ကြား ပို့ချခဲ့သော်လည်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစ၍ IT နှင့် MC မေဂျာနှစ်ခုကို ထပ်တိုးသင်ကြားနေပြီဖြစ်ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ငူပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရပ်သားပြည်သူများကို လိုက်လံကြည့်ရှု၍ ထိခိုက်ဒဏ်ရာရှိမှု အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများ၊ ရောဂါသက်သာပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများကိုလည်းကောင်း၊ ဆေးရုံမှဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါဆေးရုံ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများကို အတွင်းလူနာအဖြစ် ၆၇ ဦး တက်ရောက်ကုသမှုခံယူခဲ့ရာမှ ယခုအခါ ရှစ်ဦးသာ ဆေးကုသမှုခံရန် ကျန်ရှိပြီး ၅၉ ဦး သည် ထိခိုက်ဒဏ်ရာများ သက်သာပျောက်ကင်းသွားပြီဖြစ်သဖြင့် ဆေးရုံမှဆင်းခွင့်ရရှိသွားကြပြီဖြစ်ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် သမိုင်းဝင်ရွှေဆံတော်စေတီတော်သို့ ရောက်ရှိကြရာ ပန်း၊ ရေချမ်းနှင့် ဆီမီးများကပ်လှူ ပူဇော်ကြပြီး စေတီတော်ကြီးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းကာ ငလျင်ဒဏ်ကြောင့် စေတီတော်ကြီး၏ ထီးတော်မှ မြေခခဲ့သည့် အစိတ်အပိုင်းများ၊ ငလျင်ဒဏ်ကြောင့် စေတီတော်ကြီး၏ ထီးတော်အနည်းငယ် တိမ်းစောင်းနေမှု၊ စေတီတော်ကြီး အနည်းငယ်ကွဲအက်ပျက်စီးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဘုရားဖူးပြည်သူများ အန္တရာယ်ကင်းရှင်းစွာ လာရောက်ဖူးမြော်နိုင်ရန်အတွက် ပြုပြင်ခြင်းလုပ်ငန်းများကို ရှေးမူမပျက် အမြန်ဆုံးဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂန္ဓဝင်ကိုးခန်းသိမ်တော်ကြီး၌ ရတနာဂုဏ်မြင့်ကျောင်း ရွှေလင်းယုန်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ အရဝိန္ဒာ ဘိဝံသအမှူးပြုသော ဩဝါဒါစရိယ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကြကာ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စေတီတော်များအတွက် အလှူရှင်များရှိပြီးဖြစ်သဖြင့် ပြန်လည်ပြုပြင်ရာတွင် ရှေးမူမပျက် မူလလက်ရာအတိုင်း ပိုမိုခိုင်ခံ့မှုရှိစေရန်အတွက် လိုအပ်သည့် နည်းပညာအကူအညီများဖြင့် ဆောင်ရွက်သွားမည့် အခြေအနေများကို လျှောက်ထားရာ ကြာနီကန်စာသင်တိုက်မှ နိုင်ငံတော်ဩဝါဒါစရိယ မဟာဂန္ထ ဝါစက ပဏ္ဍိတ အဂ္ဂမဟာဂန္ထ ဝါစက ပဏ္ဍိတ ဘဒ္ဒန္တသူရိယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကြုံတွေ့ခဲ့ရသည့် ကပ်ရောဂါနှင့် သဘာဝဘေးအန္တရာယ်များကို သဒ္ဓါ၊ သတိ၊ ပညာ၊ ဝီရိယ၊ ပညာ ယှဉ်၍ အောင်မြင်စွာ ကျော်လွှားနိုင်ပါကြောင်း၊ အောင်မြင်နိုင်ရန်လည်း ယုံကြည်ချက်ရှိရှိဖြင့် ရင်ဆိုင်ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း ဩဝါဒမိန့်ကြားရာ ဒုတိယဝန်ကြီးချုပ်က ယခုဖြစ်ပွားခဲ့သည့် ငလျင်ဘေးဒဏ်နှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမည့်အခြေအနေများနှင့် အခြားသာသနာဆိုင်ရာ ကိစ္စရပ်များကို ထပ်မံလျှောက်ထားတင်ပြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တောင်ငူတက္ကသိုလ်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုကြောင့် Main Structure တိုင်များမှ ကွန်ကရစ်များ ကြွေမွ၍ သံချောင်းများ ကွေးညွတ်ပြီး ထိခိုက်ပျက်စီးမှုများပြားခဲ့သည့် ရာမညသုံးထပ်စာသင်ဆောင်နှင့် မြေညီထပ်စာဖတ်ခန်းရှိ ကြမ်းခင်းများနှင့် အုတ်နံရံများ ကွဲကျပျက်စီးခဲ့သည့် စာကြည့်တိုက်တို့ကိုလည်းကောင်း၊ စက်မှုလက်မှုသိပ္ပံ (တောင်ငူ)တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းသား ကျောင်းသူ အဆောင်များ၊ ဝန်ထမ်းအိမ်ရာများကို အသေးစိတ်လိုက်လံ ကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံများ၏ ကြံ့ခိုင်မှုအခြေအနေများကို သက်ဆိုင်ရာနယ်ပယ်အလိုက် ပညာရှင်များပါဝင်သောအဖွဲ့နှင့် စစ်ဆေး၍ ပြန်လည်တည်ဆောက်ရမည့် အဆောက်အအုံများကို အမြန်ဆုံး ပြန်လည်တည်ဆောက်သွားရန်၊ ဖြိုချဖျက်ဆီးသွားရမည့် အဆောက်အအုံများကိုလည် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြိုချဖျက်ဆီးရန်၊ ပျက်စီးသွားခဲ့သည့် အဆောက်အအုံများအတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာဆရာမများနှင့် ဝန်ထမ်များအား ချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ ဝင်များသည် ရန်ကုန်-မန္တလေး အမြန်လမ်း ၁၆၅ မိုင် ၁ ဖာလုံနှင့် ၁၆၅ မိုင် ၃ ဖာလုံကြားရှိ ဆွာချောင်း တံတားငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးသွားခဲ့မှုအခြေအနေများ၊ အသွားလမ်း ပေ ၈၁၀ ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ P7 ကို ဗဟိုထား၍ နှစ်လွှာ တစ်ထပ် ယာယီဘေလီ တံတား ပေ ၁၉၀ တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ပေ ၄၀ သုံးလွှာ သုံးထပ်ဘေလီငြမ်းထောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

အဆိုပါ ဆွာချောင်းတံတား ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့မှုများကို ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရေးအတွက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃) တံတားအထူးအဖွဲ့ (၁၀)က တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ၅ တန်အောက် ယာဉ်များသာ သွားလာနိုင်သော်လည်း ဧပြီ ၉ ရက်မှ စတင်၍ တန် ၂၀ မော်တော်ယာဉ် ကြီးများ ဖြတ်သန်းသွားလာ နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသေဆုံးမှုအနေဖြင့် ကနဦးစာရင်းများအရ ဘုရားစေတီ ၇၁ ဆူ၊ ဘုန်းတော်ကြီးကျောင်း ၁၈၆ ကျောင်း၊ စာသင်ကျောင်း ၉၂ ကျောင်း၊ အခြားဘာသာရေး ကျောင်း ၁၅ ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အအုံ ၂၀၀၊ အခြားအဆောက်အအုံ ၂၈၉ခု၊ လူနေအဆောက်အအုံ ၁၇၃၆ လုံးနှင့် လမ်းတံတားအချို့ ထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးသူ ၄၄ ဦး၊ ဒဏ်ရာ ရရှိသူ ၂၃၄ ဦး ရှိကြောင်း သိရသည်။

သတင်းစဉ်

Off