Skip to main content

နေပြည်တော် ဧပြီ ၇

တရုတ်နိုင်ငံတော် လျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှုအုပ်စု (State Power Investment Corporation -SPIC)မှ ကူမင်းမြို့ရှိ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှတစ်ဆင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ပေးအပ်လှူဒါန်းသော ပထမအသုတ်ကယ်ဆယ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမျက်နှာစာရှိ ယာယီအဆောက်အအုံ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်၍ လက်ခံရယူသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားပြီး ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့မှု၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ လျှပ်စစ်မီးနှင့် သောက်သုံးရေ အမြန်ဆုံးပြန်လည်ရရှိရေးဆောင်ရွက်နေမှု၊ ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရန် စီစဉ်ဆောင်ရွက်နေမှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် လိုအပ်ချက် အခက်အခဲများကို ပြောကြားသည်။

ထို့နောက် တရုတ်နိုင်ငံတော် လျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှုအုပ်စု (State Power Investment Corporation -SPIC)မှ တာဝန်ရှိသူတစ်ဦးက ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းရခြင်းနှင့် ဆက်လက်ပေးအပ်လှူဒါန်းသွားမည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် တရုတ်နိုင်ငံတော် လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှုအုပ်စု (State Power Investment Corporation -SPIC)မှ တာဝန်ရှိသူများက ပထမအသုတ်အကူအညီပစ္စည်းများကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းထံ ပေးအပ်လှူဒါန်းသည်။

ထို့အတူ တရုတ်နိုင်ငံတော် လျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှုအုပ်စု (State Power Investment Corporation -SPIC)မှ တာဝန်ရှိသူများသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့လည်း အကူအညီပစ္စည်းများ သွားရောက်လှူဒါန်းကြသည်။

တရုတ်နိုင်ငံတော် လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှုအုပ်စု (State Power Investment Corporation -SPIC) မှ ကူမင်းမြို့ရှိ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ရုံးမှတစ်ဆင့် ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ယွမ်လေးသိန်း တန်ဖိုးရှိ အရေးပေါ်စားရေရိက္ခာ၊ နေထိုင်မှုသုံးပစ္စည်းများနှင့် ပိုးသတ်ဆေးပစ္စည်းများကို ပထမအသုတ်အနေဖြင့် လာရောက်လှူဒါန်းခြင်းဖြစ်ပြီး ယွမ်ငါးသိန်းတန်ဖိုးရှိ အကူအညီပစ္စည်းများကို ဒုတိယအသုတ်အနေဖြင့်လည်းကောင်း၊ ယွမ် ၁၀ သိန်းတန်ဖိုးရှိ အကူအညီပစ္စည်းများကို တတိယအသုတ် အနေဖြင့်လည်းကောင်း ပေးအပ်လှူဒါန်းနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Off