Skip to main content

နေပြည်တော် ဧပြီ ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်ထားရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်းရှိ သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား မာရဝိဇယဂေါပကအဖွဲ့ရုံး၌ ဂေါပကဥက္ကဋ္ဌ ဦးသန့်ဆွေ၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်နိုင်ဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် တာဝန်ရှိသူများက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆင်းတုတော်ကြီးနှင့် ပလ္လင်တော်ကြီး၏ အတိုင်းအတာ အချက်အလက်များနှင့် Datum Point များအား နေ့စဉ်၊ လစဉ်တိုင်းတာစစ်ဆေးလျက်ရှိမှု၊ မတ် ၂၇ ရက်အထိ တိုင်းတာထားရှိသည့် အချက်အလက်များနှင့် မတ် ၂၈ ရက် ငလျင်လှုပ်ခတ်ပြီးချိန်တွင် တိုင်းတာရရှိသည့်အချက်အလက်များအား တိုက်ဆိုင်စစ်ဆေးချက်များအရ Datum Point များ ပြောင်းလဲသွားခြင်းမရှိကြောင်းနှင့် ဆင်းတုတော်ကြီးနှင့် ပလ္လင်တော်ကြီးတို့အနေဖြင့် တိမ်းစောင်းခြင်း၊ နိမ့်ကျခြင်း၊ တွဲဆက်ထားသည့် အပိုင်းများကွဲအက်ခြင်းတို့ (လုံးဝ) မရှိကြောင်းကို စစ်ဆေးတွေ့ရှိရမှု၊ ရင်ပြင်တော်ကြီး၊ ဂန္ဓကုဋိတိုက်တို့ရှိ ကျောက်ပြားများအပါအဝင် သာသနိကအဆောက်အအုံများရှိ မျက်နှာကြက်များ ငလျင်ဒဏ်ကြောင့် အနည်းငယ် ထိခိုက်ပျက်စီးခဲ့မှုနှင့် ပြုပြင်ဆောင်ရွက်လျက်ရှိမှု၊ အခြား သာသနိက အဆောက်အအုံများနှင့် ပရိဝုဏ်တော်အတွင်းရှိ ပတ်လမ်းများတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ အနည်းငယ်ဖြစ်ပေါ်ခဲ့မှု ရုပ်ပွားတော်မြတ်ကြီး စတင်တည်ထားစဉ် ကတည်းက ဖွဲ့စည်းထားရှိသည့် တည်ဆောက်ရေးအဖွဲ့နှင့် ငလျင်ပညာရှင်အဖွဲ့တို့ဖြင့် ငလျင်ဆိုင်ရာဖြစ်ပွားမှု အပေါ် ခေတ်မီနည်းပညာများဖြင့် စနစ်တကျ စစ်ဆေးနိုင်ရေးနှင့် မှတ်တမ်းတင်ထားရှိနိုင်ရေး၊ အနည်းငယ်သော ထိခိုက်ပျက်စီးမှုအခြေအနေများအား စနစ်တကျ ပြုပြင်နိုင်ရေး၊ နောင်တွင်ဖြစ်ပေါ်လာနိုင်မည့် ငလျင်အခြေအနေများအပေါ် ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုစသည် တို့ကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်စဉ်ကတည်းကပင် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လေပြင်းတိုက်ခတ်မှုဒဏ်ခံနိုင်ရေး၊ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် သဘာဝဘေးဒဏ်အန္တရာယ်များမှ ခံနိုင်မှုရှိစေရေး စနစ်တကျတွက်ချက်တည်ဆောက်ခဲ့မှုနှင့် ခေတ်မီနည်းပညာများ အသုံးပြုတည်ဆောက်ခဲ့မှုကြောင့် ယခုကဲ့သို့ ပြင်းထန်ငလျင်ဖြစ်ပေါ်ခဲ့သည့်အချိန်တွင် ဆင်းတုတော်ကြီးနှင့် ပလ္လင်တော်ကြီးတို့အနေဖြင့် တိမ်းစောင်းခြင်း၊ နိမ့်ကျခြင်း၊ တွဲဆက်ထားသည့် အပိုင်းများ ကွဲအက်ခြင်းတို့ (လုံးဝ) မရှိခဲ့ခြင်းဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် အနည်းငယ်မျှသော ထိခိုက်ပျက်စီးမှုများကို ပြုပြင်ဆောင်ရွက်ရာတွင်လည်း စနစ်တကျဖြင့် ပြုပြင်ဆောင်ရွက်ရေး ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း ကပ်လှူပူဇော်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ပုရိဝုဏ်တော်နှင့် ဂန္ဓကုဋိတိုက် ပတ်လမ်း အတွင်းလှည့်လည်၍ ရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက်ထားရှိမှုနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအနည်းငယ်အား ပြုပြင်ဆောင်ရွက်လျက်ရှိမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးရှိ ခေါင်းလောင်းတော်အား ထိုးခတ်ပူဇော်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်း ထိခိုက်ပျက်စီးမှု အနည်းငယ်အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားကာ ဗိမာန်တော် ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် မာရဝိဇယဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ယခုဘုရားကြီးသည် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တောများအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်ပြီး မြန်မာ့ဂုဏ်ဆောင်သည့် ရုပ်ပွားတော်မြတ်ကြီးဖြစ်သဖြင့် ရေရှည်တည်တံ့ခိုင်မြဲမှု ရှိစေရေး ဖြစ်ပေါ်လာနိုင်မည့်အခြေအနေများအပေါ် တွက်ချက်၍ စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက် သွားရန်လိုကြောင်း၊ ရုပ်ပွားတော်မြတ်ကြီးသည် ထုထည်ပမာဏ ကြီးမားပြီး ဉာဏ်တော်အရလည်း ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သကဲ့သို့ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးသည်လည်း အတွင်းအလယ်ဒေါက်တိုင်လုံးဝမပါရှိသည့် အတွင်းလိုဏ်သဏ္ဌာန် ဒီဇိုင်းရေးဆွဲတည်ဆောက်ထားသော ထုထည်ပမာဏကြီးမားသည့် သာသနိကအဆောက်အအုံကြီးတစ်ခုဖြစ်ကြောင်း၊ ပြင်းထန်သည့် ငလျင်သဘာဝဘေးဒဏ်သည် အင်ဂျင်နီယာပညာရှင်များနှင့် အင်ဂျင်နီယာနည်းပညာများအတွက် ကြီးမားသည့် စိန်ခေါ်မှု ပင်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အလွန်ပြင်းထန်ပြီး ရှားပါးသည့်မြေငလျင် သဘာဝဘေးဒဏ်ကြုံတွေ့ခဲ့ရချိန်တွင် မာရဝိဇယဆင်းတုတော်ကြီးနှင့် ပလ္လင်တော်ကြီးတို့အနေ ဖြင့် တိမ်းစောင်းခြင်း၊ နိမ့်ကျခြင်း၊ တွဲဆက်ထားသည့်အပိုင်းများ ကွဲအက်ခြင်းတို့ (လုံးဝ) မရှိခဲ့ခြင်းနှင့် အခြားသာသနိကအဆောက် အအုံများတွင် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်ခဲ့သည်မှာ မိမိတို့ အတွက် များစွာဝမ်းမြောက် ဂုဏ်ယူရမည်ဖြစ်ပြီး တည်ထားပူဇော်ရာတွင် ပါဝင်ခဲ့သည့် အင်ဂျင်နီယာပညာရှင်များကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သာသနိကအဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရေး စနစ်တကျဖြင့် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။

အဆိုပါ ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ထုဆစ်ရာတွင် အပိုင်းလိုက်ခွဲကာ CNC စက်များနှင့် အဆင့်ဆင့်ထွင်းထုခဲ့ ခြင်းဖြစ်ကြောင်း၊ ဆင်းတုတော်အပိုင်းများ တွဲဆက်ရာတွင် ခိုင်မာ မှုရှိစေရေးအတွက် ခေတ်မီအင်ဂျင်နီယာနည်းပညာများနှင့် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် တန်ချိန် ၂၀၀၀၀ ထိ ခံနိုင်သည့် အောက်ခံအမာရရှိရေး၊ တစ်နာရီ လေတိုက်နှုန်း မိုင် ၁၂၀ ရှိသည့် လေပြင်းမုန်တိုင်း တိုက်ခတ်မှု ဒဏ်ခံနိုင်ရေး၊ မြန်မာနိုင်ငံတွင် အမြင့်ဆုံး လှုပ်ခတ်နိုင်သည့် Earthquake Magnitude ၈ ဒသမ ၈ အထိ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် လျှပ်စီးမိုးကြိုးများကြောင့် ဆင်းတုတော်ကြီး ထိခိုက်မှုမရှိစေရေးတို့အတွက် အင်ဂျင်နီယာရှုထောင့်မှ စနစ်တကျ တွက်ချက်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆင်းတုတော်ကြီး၏ ကျောက်တုံးတော်ကြီးများကို တွဲဆက်ခြင်းများ ဆောင်ရွက် ရာတွင်လည်း သမားရိုးကျနည်းလမ်းများနှင့် ခေတ်မီအင်ဂျင်နီယာနည်းလမ်းများ ပေါင်းစပ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဉာဏ်တော် ၆၃ ပေ၊ ပလ္လင်တော် ၁၈ ပေ စုစုပေါင်း ၈၁ ပေ အမြင့်ဆောင်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ရတနာပုံခေတ်ဟန်အတိုင်း ခေတ်မီနည်း စနစ်ဖြင့်ပေါင်းစပ်ကာ ကြည်ညိုစဖွယ်သပ္ပာယ်လှသည့် ကမ္ဘာ့အကြီးဆုံး ရုပ်ပွားတော်မြတ်ကြီး အဖြစ် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့ချိန်တွင် ထိခိုက်ပျက်စီးမှု လုံးဝမရှိခဲ့ခြင်းသည် အင်ဂျင်နီယာပညာရပ်အတွက် ဂုဏ်ယူဖွယ်ရာ တည်ဆောက်နိုင်မှုတစ်ခုပင်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Off