Skip to main content

ရန်ကုန် မတ် ၃၁

မတ် ၂၈ ရက်တွင် အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း ငလျင်ဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်ရန် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသော အိန္ဒိယရေတပ်မှ စစ်ရေယာဉ်နှစ်စင်းသည် ယနေ့မွန်းလွဲ ၂ နာရီခွဲက ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာရာ တပ်မတော် (ရေ) မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါရောက်ရှိလာသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ ​​မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် အိန္ဒိယသံအမတ်ကြီးက ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လွှဲပြောင်းပေးအပ်ရာ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယနေ့ရောက်ရှိလာသည့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ်များတွင် ကူညီကယ်ဆယ်ရေးပစ္စည်း များနှင့် စားသောက်ဖွယ်ရာများဖြစ်ကြသည့် အသင့် စားခေါက်ဆွဲ၊ အာဟာရပြည့်ဘီစကွတ်၊ ပလတ်စတစ် ပုံး၊ ပလတ်စတစ်ရေခွက်၊ တစ်ကိုယ်ရေသုံးပစ္စည်း များ၊ ရွက်ဖျင်တဲ၊ တာပေါ်လင်စ၊ အဝတ်အထည်များ၊ သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ဆေးဝါးများစသည်တို့ ပါဝင်ပြီး စုစုပေါင်းတန်ချိန် ၄၀ ခန့် ဖြစ်ကြောင်းနှင့် ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော် (ရေ) မှ အရာရှိစစ်သည်များ၊ ကျောက်တန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သန္ဓေနှင့် အရန်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာမော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပြီး ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏  ကြီးကြပ်မှုဖြင့် ဆက်လက်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)

Off