Skip to main content

နေပြည်တော် မတ် ၃၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့ဝင်များသည် မတ် ၂၈ ရက်တွင် မန္တလေးမြို့၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၀ ခန့်အကွာကို ဗဟိုပြု၍ မဂ္ဂနီကျု ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် မြေငလျင်ဘေးဒဏ် ခံစားခဲ့ရသည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီးရုံးများမှ ဝန်ထမ်းမိသားစုများအား မတ် ၃၁ ရက် မွန်းလွဲပိုင်းတွင် သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားသည်။

ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းတို့သည် တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ငလျင်ဒဏ်ကြောင့် နေထိုင်ရန်အခက်အခဲရှိနေသော ဝန်ထမ်းများအတွက် ယာယီပြောင်းရွှေ့နေရာချထားသည့် ဇေယျာသီရိမြို့နယ် ပေါင်းလောင်းရေအား လျှပ်စစ်ဝင်းသို့ သွားရောက်၍ နေရာချထားမှုအစီအစဉ်များ ကြည့်ရှုခြင်း၊ ဝန်ထမ်းမိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြားခြင်းနှင့် ကျိုင်းတောင်းဆောင်၊ နန်ချိုဆောင်၊ ရွှေလီဆောင်ရှိ ဝန်ထမ်းများနေထိုင်မှုတို့ကို သွားရောက်ကြည့်ရှု၍ လိုအပ် သည်များမှာကြားသည်။

ဆက်လက်၍ ဥတ္တရသီရိမြို့နယ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ နေပြည်တော်ဗဟို သင်တန်းကျောင်းသို့ သွားရောက်ကာ ယာယီပြောင်းရွှေ့နေရာချထားသည့်ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား တွေ့ဆုံအားပေးစကား ပြောကြားပြီး သင်တန်းသား စာသင်ဆောင်နှင့် အိပ်ဆောင်နေရာများရှိ နေရာချထားမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့သည် တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စွမ်းအင်ဝန်ကြီးဌာန၏ ဝန်ထမ်းအိမ်ရာ ပျက်စီးဆုံးရှုံးမှု၊ ဝန်ထမ်းအိမ်ရာအတွင်း ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်နေမှု၊ ရေသုံးစွဲနိုင်ရေး စီစဉ်ထားရှိမှု၊ ဝန်ထမ်းမိသားစုဝင်များအတွက် ယာယီဆေးခန်း ဖွင့်လှစ်ပေးထားမှုနှင့် ဒက္ခိဏသီရိမြို့နယ်ရှိ အိမ်ထောင်စု ၄၈ စုအတွက် ယာယီ စခန်း (၁) ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုကာ ဝန်ထမ်းမိသားစုများ နှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့သည် အိမ်ထောင်စု ၁၀၀ အတွက် ဇမ္ဗူသီရိမြို့နယ်ရှိ ယာယီစခန်း (၂) လျာထားမြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ကံ့ကော်အိမ်ရာရှိ နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီးရုံးမှ ငလျင်ဒဏ်သင့်ဝန်ထမ်းမိသားစုများအား သွားရောက်တွေ့ဆုံကာ ဝန်ထမ်းအိမ်ရာ ပျက်စီးဆုံးရှုံးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်၍ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Off