Skip to main content

နေပြည်တော် ဧပြီ ၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဧပြီ ၄ ရက်ညပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအစည်းအဝေးသို့ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကာင်စီဝင်များနှင့် တာဝန်ရှိသူများက ငလျင်ဘေးအန္တရာယ် ဖြစ်ပွားနေမှုအခြေအနေများနှင့်ပတ်သက်၍ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိစေရေး၊ ကယ်ဆယ်ရေးပစ္စည်းများ အချိန်မီဖြန့်ဝေပေးနိုင်ရေး၊ ငလျင်ဘေးသင့်ပြည်သူများအား ယာယီနေရာချထားမည့်နေရာများတွင် အမြန်ဆုံးပြောင်းရွှေ့နေထိုင်နိုင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရေးတို့ကို ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသိဒ္ဓိရပ်ကွက်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ဝန်ထမ်းအိမ်ရာတိုက်ခန်းများ ထိခိုက်ခဲ့မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ယာယီတဲများဆောက်လုပ်နေထိုင်မှု အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာလိုင်းခန်းများမှ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မိသားစုဝင်များနေထိုင်ရန်အတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းဌာနမှ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ သုခသိဒ္ဓိအားကစားကွင်း၊ ဉာဏသိဒ္ဓိအားကစားကွင်း၊ ဓနသိဒ္ဓိအားကစားကွင်းနှင့် ဗလသိဒ္ဓိအားကစားကွင်းတို့၌ ယာယီတဲများ တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေရရှိရေးဆောင်ရွက်နေမှုနှင့် နေရာချထားမည့် အစီအမံများအား ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်(NDB)နှင့် ဇမ္ဗူသီရိ အထူးကုဆေးရုံကြီး၌ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Off