
နေပြည်တော် ဧပြီ ၅
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နှင့်အတူ ငလျင်ဘေးကယ်ဆယ်ထူထောင်ရေးဆောင်ရွက်နေကြသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ AHA စင်တာမှ အမှုဆောင်ညွှန်ကြားရေးမှူးနှင့် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် Jasmine Hotel ၌ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် AHA စင်တာ အမှုဆောင်ညွှန်ကြားရေးမှူး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင် ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ငလျင်ဘေးတွေ့ကြုံပြီး ကိုးရက်မြောက်နေ့အထိ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ လိုအပ်ချက်များ၊ ပြန်လည်ထူထောင်ရေးအဆင့်တွင် လိုအပ်လာမည့် ကျန်းမာရေးဆိုင်ရာ၊ ရေ၊ မီး စသည့် အခြေခံအဆောက်အအုံဆိုင်ရာ လိုအပ်ချက်များကို တင်ပြကြသည်။
အဆိုပါတင်ပြချက်များအပေါ် အခြေခံကာကျန်းမာရေးသုံးပစ္စည်းများနှင့် ဆေးဝါးများ၊ ရွှေ့ပြောင်းနိုင်သည့် ဆေးခန်းနှင့် ခွဲစိတ်ခန်းများ၊ ရေ၊ မီး အစရှိသည့် အခြေခံအဆောက်အအုံ၊ ယာယီရွက်ဖျင်တဲများ၊ ခြင်ထောင်များ စသည့်အထောက်အပံ့ပစ္စည်းများ ဦးစားပေးရယူပံ့ပိုးနိုင်ရေးနှင့် ပြန်လည်ထူထောင်သည့်လုပ်ငန်းစဉ်သို့ ကူးပြောင်းမှု ချောမွေ့စေရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး မြန်မာ၊ မလေးရှားနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးများက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်