
နေပြည်တော် ဧပြီ ၅
အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မတ် ၂၈ ရက်တွင် နေပြည်တော်ရှိ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ခဲ့ရာတွင် ပိုမိုအားဖြည့်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ၎င်းတို့၏ လုပ်ငန်းသုံးပစ္စည်းကိရိယာများ၊ နည်းပညာရပ်များနှင့် ရှာဖွေကယ်ဆယ်ရေးခွေးများ စသည်တို့ကို တစ်ပါတည်းယူဆောင်ကာ မြန်မာနိုင်ငံရှိ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ပိုမိုထိရောက်စွာ ပါဝင်ကူညီဆောင်ရွက်ခဲ့ရာ UAE နိုင်ငံမှလည်း ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၁၉ ဦး၊ ရှာဖွေကယ်ဆယ်ရေးခွေး ခုနစ်ကောင်တို့ဖြင့် မြန်မာနိုင်ငံသို့ လေယာဉ်ငါးစင်းဖြင့် ငါးသုတ်ခွဲ၍ မတ် ၃၁ ရက်တွင် ရန်ကုန်သို့ရောက်ရှိလာပြီး စုဖွဲ့ကာ ထို့မှတစ်ဆင့် နေပြည်တော်သို့ အဆိုပါနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ရှေ့ပြေးအဖွဲ့များ ရောက်ရှိခဲ့ကြောင်း သိရသည်။
UAE နိုင်ငံရှာဖွေကယ်ဆယ်ရေး ရှေ့ပြေးအဖွဲ့သည် ဧပြီ ၁ ရက် မွန်းလွဲ ၂ နာရီခွဲမှစ၍ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက်နှင့် ဗလသိဒ္ဓိရပ်ကွက်အတွင်းရှိ ဝန်ထမ်းနေအိမ်နှင့် ပင်လုံဆေးရုံတို့၌ ပျောက်ဆုံးလျက်ရှိသော ပိတ်မိ/ပိမိလူနာများ ကျန်ရှိမှုအခြေအနေများကို ကြိုတင်လေ့လာကြည့်ရှုမှုများဆောင်ရွက်ခဲ့ပြီး ဧပြီ ၂ ရက် မွန်းလွဲ ၂ နာရီတွင် ရောက်ရှိလာသော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ဆေးအဖွဲ့များနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်း များတင်ဆောင်လာသည့်ယာဉ်တန်း ရန်ကုန်မှနေပြည်တော်ရှိ ၎င်းတို့ အခြေပြုသည့် Grand Amara Hotel သို့ရောက်ရှိပြီး ရှေ့ပြေးအဖွဲ့နှင့်စုဖွဲ့ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ Jade City Hotel ရှိ ငလျင်ဒဏ်ကြောင့် အဆောက်အအုံပြိုကျသေဆုံးသူနှစ်ဦးအားလည်းကောင်း၊ ဧပြီ ၃ ရက်နှင့် ၄ ရက်တို့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ဗီယက်နမ်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့်အတူပူးပေါင်း၍ နေပြည်တော် ဥတ္တရသီရိမြို့နယ် ပင်လုံဆေးရုံတွင် ပိတ်မိ/ပိမိနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၃ ရက်တွင် သေဆုံးသူသုံးဦးအားလည်းကောင်း၊ ဧပြီ ၄ ရက်တွင် အဆိုပါဆေးရုံမှ ထပ်မံ၍ သေဆုံးသူတစ်ဦးအားလည်းကောင်း ရှာဖွေထုတ်ယူနိုင်ခဲ့ရာ စုစုပေါင်းသေဆုံးသူ ခြောက်ဦးအားရှာဖွေထုတ်ယူနိုင်ခဲ့သည်။
ထိုသို့ မြေငလျင်ဘေးအန္တရာယ်အတွက် လာရောက်ကူညီဆောင်ရွက်ပေးသည့် UAE နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကူညီဆောင်ရွက်ခဲ့မှုအပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနအဖွဲ့ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် မီးသတ်ဦးစီးဌာန(နေပြည်တော်)၌ လက်ခံတွေ့ဆုံခဲ့ပြီး ဒုတိယဝန်ကြီးက UAE နိုင်ငံ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးထံ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်