




နေပြည်တော် ဧပြီ ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်ဦးညွှတ်ဂါရဝပြု
အစည်းအဝေးမစတင်မီ မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော အလွန်ပြင်းထန်သည့် မြေငလျင်ကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်၍ ဦးညွှတ်ဂါရဝပြုကြသည်။
ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှု
ထို့နောက် အစည်းအဝေးကို စတင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးသည် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးဖြစ်သော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များပါ တက်ရောက်သည့် အထူးအစည်းအဝေးတစ်ရပ်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် မတ် ၂၈ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ရစ်(ချ်)တာစကေး ၇ ဒသမ ၇ ရှိသည့် အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် နှစ်ပေါင်း ၁၀၀ အတွင်း ယခုကဲ့သို့ပြင်းထန်သည့် ငလျင်ဖြစ်ပေါ်ခဲ့မှုမှာ ရစ်(ချ်)တာစကေး ၆ နှင့်အထက် လှုပ်ခတ်မှု ၁၈ ကြိမ်ရှိပြီး ယခုလှုပ်ခတ်မှုသည် ဒုတိယအပြင်းထန်ဆုံးဖြစ်ကြောင်း၊ ၁၉၁၂ ခုနှစ်၌ ပြင်ဦးလွင်မြို့တွင် ရစ်(ချ်)တာစကေး ၈ အထိ လှုပ်ခတ်ခဲ့သည့် ငလျင်သည် အပြင်းထန်ဆုံးဖြစ်ခဲ့ကြောင်း၊ မတ် ၂၈ ရက်တွင် ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့ချိန်သည် နေ့ခင်းဘက်ဖြစ်ခြင်းကြောင့် လူအများ ထိခိုက်မှုလျော့နည်းခဲ့ခြင်းမှာ အဆိုးထဲမှအကောင်းပင်ဖြစ်ကြောင်း၊ ညဘက်အချိန်တွင်သာ လှုပ်ခတ်မှုဖြစ်ပေါ်ခဲ့ပါက ထိခိုက်ဒဏ်ရာရမှုများမှာ မတွေးဝံ့စရာပင်ဖြစ်ကြောင်း။
ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ယခုအချိန်အထိ သေဆုံးသူ ၃၄၅၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၈၄၀၊ ပျောက်ဆုံးနေသူ ၂၁၄ ဦး စုစုပေါင်း ၈၆၀၀ ကျော်ခန့် ထိခိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း၊ အသေးစိတ်စာရင်းမရရှိသေးသော်လည်း အဆောက်အအုံပေါင်း ၅၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် ၂၇၅၂ ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဘုရားစေတီပေါင်း ၄၈၁၇ ခု ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခုပျက်စီးခြင်း၊ ရန်ကုန်-နေပြည်တော်-မန္တလေးသွား ရထားလမ်းနှင့် ကားလမ်းများ ပျက်စီးခြင်းနှင့် အချို့ဘူတာများတွင် ပျက်စီးမှုများဖြစ်ပေါ်ခြင်း၊ တံတား ၁၆၉ စင်း ပျက်စီးခြင်း၊ ဆည်မြောင်းတမံ ၁၉၈ ခု ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခြင်း၊ အမြန်လမ်းမကြီးတစ်လျှောက် အပိုင်း ၁၈၄ ခု ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခြင်းများဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ များပြားကြောင်း။
အဆောက်အအုံများ ဆောက်လုပ်ရာတွင် ခိုင်ခံ့မှုရှိအောင် ဆောင်ရွက်မှသာ နောင်ကာလအချိန်များတွင် အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်
အဆောက်အအုံများပျက်စီးမှုများကြောင့် သေဆုံးမှုများရှိခဲ့ခြင်းဖြစ်ကြောင်း၊ ပြန်လည်၍ လေ့လာကြည့်သည့်အခါ ယခုဖြစ်ပေါ်ခဲ့သည့် သင်ခန်းစာသည် အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရသည့်ဆုံးရှုံးမှုဖြစ်ပြီး ကြီးမားသည့်သင်ခန်းစာတစ်ခုပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ငလျင်နှင့်ပတ်သက်ပြီး အဆောက်အအုံများ ဆောက်လုပ်ရာတွင် ငလျင်ဒဏ်ကိုခံနိုင်သည့် အဆောက်အအုံများဖြစ်စေရေး အင်ဂျင်နီယာပိုင်းဆိုင်ရာများကို စနစ်တကျ စိစစ်တည်ဆောက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် စစ်ကိုင်းပြတ်ရွေ့ကြောကြီးအပေါ်တွင် တည်ရှိကြောင်း၊ အဆိုပါပြတ်ရွေ့ကြောကြီး၏ ပွတ်တိုက်ရွေ့လျားမှုကြောင့် ပြင်းထန်သည့်ငလျင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ဆက်တွဲငလျင်ငယ်လေးများ ဆက်လက်လှုပ်ခတ်လျက်ရှိပြီး ယခုအချိန်အထိ ၇၉ ကြိမ်ရှိပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ရစ်(ချ်)တာစကေး ၆ နှင့် ၇ ပတ်ဝန်းကျင် လှုပ်လေ့လှုပ်ထရှိပြီး အမြင့်ဆုံးမှာ ရစ်(ချ်)တာစကေး ၈ အထိအမြင့်ဆုံးလှုပ်ခတ်ခဲ့သဖြင့် မိမိတို့အနေဖြင့် ငလျင်သက်ရောက်သည့် ဒေသတွင်ရှိသည့် ဒေသများ၌ အဆောက်အအုံများဆောက်လုပ်ရာတွင် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများဖြစ်ရန်လိုကြောင်း၊ အဆောက်အအုံများဆောက်လုပ်ရာတွင် ခိုင်ခံ့မှုကို အလေးမထားသည့်အတွက် မလိုလားအပ်သည့် ပျက်စီးဆုံးရှုံးမှုများ ပိုမိုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ မျက်မြင်စစ်ဆေးချက်များအရ အချို့အဆောက်အအုံများ ဆောက်လုပ်ရာတွင် အင်ဂျင်နီယာပိုင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုများမရှိသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ထိုသို့သတ်မှတ်ချက်နှင့် မညီညွတ်ဘဲ ဆောင်ရွက်ထားသည်များကို ပြန်လည်စိစစ်အရေးယူဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အအုံဆောက်လုပ်မှုနှင့်ပတ်သက်၍ နောင်တွင်ဆောက်လုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့အစည်းများအနေဖြင့် မြို့နယ်နှင့် ခရိုင်များအလိုက် ဖွဲ့စည်းပေးထားသည့် ကော်မတီများနှင့် ပူးပေါင်း၍ အဆောက်အအုံဆောက်လုပ်မှုများကို စနစ်တကျကြပ်မတ်စိစစ်မှုများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်သွားမည်ဆိုပါက နောင်တွင် အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်ပြီး မလိုလားအပ်သည့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းသွားမည်ဖြစ်ကြောင်း။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အပိုင်းငါးပိုင်းဖြင့်ဆောင်ရွက်၊ အပျက်အစီးများရှင်းလင်းဖယ်ရှား
ယခုအခါ ပြင်းထန်ငလျင်လှုပ်ခတ်ပြီး ၉ ရက် မြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်ပြီး အပျက်အစီးများကို ရှင်းလင်းနေပြီဖြစ်ကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှင်းလင်းရေးလုပ်ငန်းများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များနှင့် နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အပျက်အစီးများကို အမြန်ဆုံးရှင်းလင်းဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အစားအသောက်များ၊ တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် ယာယီနေထိုင်ရေးအတွက် လိုအပ်သည့်ပစ္စည်းများ၊ ယာယီဆေးရုံများ လုံလောက်စွာရရှိစေရေးအတွက် မိမိအနေဖြင့် ပြည်ပနိုင်ငံများနှင့် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း။
လမ်းပန်းဆက်သွယ်မှုများ အမြန်ဆုံးပြန်လည်ကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိ
ယခုအခါ လမ်းပန်းဆက်သွယ်ရေးများ အမြန်ဆုံးပြန်ပွင့်နိုင်ရန်လိုကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့် မော်တော်ကားလမ်းများ၊ ရထားလမ်းများနှင့် တံတားများအား ပြန်လည်ပြင်ဆင်လျက်ရှိကြောင်း၊ အလားတူ ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့သည့် စစ်ကိုင်းတံတားအား ပြန်လည်ပြင်ဆင်၍ ရထားပြန်လည် ပြေးဆွဲနိုင်ရေးအတွက် ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံတစ်ခုကလည်း ကူညီဆောင်ရွက်ပေးမည်ဟု ကနဦးသိရှိထားကြောင်း၊ အဆိုပါစစ်ကိုင်းတံတားသည် အထက်မြန်မာပြည်သို့ သွားရောက်သည့် ရထားလမ်းပိုင်းတွင် အဓိကကျကြောင်း၊ ထို့ကြောင့် ရထားသွားလာနိုင်ရေး ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရတနာပုံတံတားသည်လည်း မူလီများပြုတ်ထွက်ပြီး အန္တရာယ်ရှိသည့် အခြေအနေဖြစ်သည်ကို တွေ့ရှိရကြောင်း၊ တံတားများမှသွားလာနိုင်ရေး အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ငလျင်ဒဏ်သင့်ပြည်သူများ၏ ယာယီနေထိုင်မှု အဆင်ပြေစေရေးနှင့် မိုးမကျမီ ယာယီအဆောက်အအုံများ၌ ကောင်းမွန်စွာနေထိုင်နိုင်ရေး
ငလျင်ဒဏ်ကြောင့် လူနေအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် လူအများစုမှာ အဆောက်အအုံများ၏ ပြင်ပတွင်နေထိုင်လျက်ရှိကြောင်း၊ ထို့ကြောင့် ယာယီနေထိုင်မှုများ အဆင်ပြေစေရေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ ယာယီတဲများအားလုံးကို ထုတ်ယူသုံးစွဲရန် မိမိအနေဖြင့် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ဝမ်းရောဂါများမဖြစ်ပွားစေရေးအတွက် သန့်ရှင်းရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ယာယီယင်လုံအိမ်သာများ တည်ဆောက်ပေးသွားရန် လိုအပ်သကဲ့သို့ ဝမ်းရောဂါကာကွယ်ဆေးနှင့် ကုသဆေးများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးထားရန်လိုကြောင်း၊ သန့်ရှင်းသည့် သောက်သုံးရေများရရှိစေရေးအတွက် မိမိတို့အနေဖြင့် ရေသန့်များ ဖြန့်ဝေပေးသကဲ့သို့ နိုင်ငံတကာမှ ရေသန့်စက်များရရှိစေရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရေသန့်များ လုံလောက်စွာ မရရှိနိုင်သေးသည့်အချိန်တွင် ရေကို ကျိုချက်သောက်သုံးနိုင်ရေး ဆောင်ရွက်ပေးသွားရန် လည်းလိုကြောင်း၊ ငလျင်ဘေးဒဏ်သင့်ပြည်သူများ နေထိုင်မှုအဆင်ပြေစေရေး နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ တာဝန်ရှိသူများကလည်း အလေးထားပြီး ဝိုင်းဝန်းဖြည့်ဆည်းဆောင် ရွက်ပေးသွားရန်လိုကြောင်း၊ ယာယီနေထိုင်သည့် အချိန်တွင်လည်း မိသားစုအလိုက်လုံခြုံမှုရှိစွာဖြင့် နေထိုင်နိုင်ရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ဘက်ပေါင်းစုံမှစဉ်းစား၍ လိုအပ်သည်များအားလုံးကို စီစဉ်ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် လိုကြောင်း။
စိတ်ပိုင်း ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့မှုများအား ကုသပေးနိုင်ရေး
ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့်ဖြစ်ပေါ်ခဲ့သည့် စိတ်ထိခိုက်ဒဏ်ရာရရှိခဲ့မှုများကိုလည်း လျှော့ချပေးနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ မိဘများ၊ သားသမီးများနှင့် ဆွေမျိုးသားချင်းများ ဆုံးရှုံးခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့မှုများကိုလည်း ဖျောင်းဖျအားပေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြင်းထန်သည့် ထိခိုက်ဒဏ်ရာရရှိပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ကြသူများကိုလည်း ကုသမှုများဆောင်ရွက်ပေးရာတွင် ပြန်လည်ထူထောင်ရေးအတွက် ခြေတုလက်တုများ တပ်ဆင်ပေးနိုင်သည်အထိ ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထိခိုက်ဒဏ်ရာများ လုံးဝပျောက်ကင်းသည်အထိ ကုသမှုများ ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြင်းထန်ငလျင် ဖြစ်ပွားပြီးချိန်တွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး၌ ထိခိုက်ဒဏ်ရာများရရှိပြီး လာရောက်ကုသမှုလူနာများ များပြားခဲ့သည်ကို တွေ့ရှိရခြင်းကြောင့် နေပြည်တော်တပ်မတော်ဆေးရုံကြီးသို့ တက်ရောက်ကုသနိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်း၊ အလားတူ ပျဉ်းမနားမြို့ရှိ ပေါင်းလောင်းအားကစားကွင်းနှင့် ရွှေကြာပင်ရပ်ကွက်ရှိ နေပြည်တော်အားကစားကွင်းတို့၌ ယာယီဆေးရုံများ ဖွင့်လှစ်ဆောင်ရွက်ပေးထားကြောင်း၊ ပြည်ပနိုင်ငံများမှ ဆေးကုသရေးအဖွဲ့များအနေဖြင့်လည်း လာရောက်ကုသပေးလျက်ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသည့်လူနာများကို အမြန်ဆုံးကုသဆောင်ရွက်ပေးရန်လိုပြီး သက်သာပျောက်ကင်းသည်အထိ ကုသပေးရန်လိုကြောင်း။
ပြန်လည်ထူထောင်ရေး
ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မိုးရာသီကာလသို့မရောက်မီ ပြင်ဆင်ဆောက်လုပ်၍ရသည့် အဆောက်အအုံများကို အမြန်ပြန်လည်တည်ဆောက်သွားရန်လိုပြီး နိုင်ငံတော်ကလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ဘင်းမ်စတက်အစည်းအဝေးသို့ တက်ရောက်နေချိန်တွင်လည်း ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများရရှိစေရေး အကူအညီများပေးအပ်ရန်ပြောကြားခဲ့ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ မြေစာရင်းပိုင်ဆိုင်မှုဆိုင်ရာ စာရှင်းရှုပ်ထွေးမှုမရှိသည့်နေရာများတွင် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပြီးပါက အဆောက်အအုံများ ပြန်လည်တည်ဆောက်သွားရန်လိုကြောင်း၊ မိုးရာသီမကျမီအချိန်အတွင်း ပြန်လည်ပြင်ဆင်ဆောက်လုပ်၍ရနိုင်သည့် အဆောက်အအုံများကို အမြန်ဆုံးပြန်လည်ဆောက်လုပ်သွားရန်လိုကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အမြန်ဆုံးပြန်လည်ဆောင်ရွက်သွားကြရန်လိုကြောင်း။
အထပ်မြင့်နှင့် အခိုင်အမာအဆောက်အအုံများ ဆောက်လုပ်ရာတွင် အနည်းဆုံး ရစ်ချ်တာစကေး ၈ အထက်ခံနိုင်သည့် အဆောက်အအုံများဖြစ်အောင် ဆောက်လုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခင်ကတည်ဆောက်ခဲ့ပြီး လက်ရှိအချိန်တွင် ကွဲအက်မှုများဖြစ်ပေါ်ကာ စိတ်ချရမှုမရှိနိုင်ပါကလည်း အဆိုပါအဆောက်အအုံကို ဖျက်သိမ်းသွား ရန်လိုကြောင်း၊ ယခုအချိန်တွင် ကြိုတင်ပြင်ဆင်၍ ဆောင်ရွက်ခဲ့မှုများသည် နောင်အနာဂတ်ကာလတွင် အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆောက်အအုံများ ခိုင်ခံ့စွာတည်ဆောက်ရေးအတွက် အားလုံးကအလေးထား ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း။
ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် အဆောက်အအုံများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျဖြင့် အသေးစိတ်စစ်ဆေးပြီး ပြုပြင်ဆောင်ရွက်ရန်လိုကြောင်း၊ ယခင်ဖြစ်ပေါ်ခဲ့သည့် ထိခိုက်မှုများကို စနစ်တကျဖြင့် ပြုပြင်ခြင်းမပြုလုပ်ပါက နောင်တွင်ပြိုကျပျက်စီးသည်အထိ အန္တရာယ်ရှိကြောင်း၊ ဝန်ကြီးဌာနများအလိုက် ထိခိုက်ခဲ့သည့် အဆောက်အအုံများကိုလည်း ခိုင်ခံ့သည့်အဆောက် အအုံများဖြစ်အောင် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း။
စားရေး အခက်အခဲမဖြစ်စေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ရပ်တန့်မှုမရှိအောင် ဆောင်ရွက်ရန်လို
ငလျင်ဒဏ်ကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့်ဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်ပေးရန်လိုကြောင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများကို ငလျင်ဒဏ်ထိခိုက်မှုမရှိခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ပိုမိုတိုးချဲ့ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏စားရေးကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ၏စားရေးအတွက် ပူပန်မှုမရှိအောင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် ထောက်ပံ့ပေးသွားမည်
ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့မှုများအတွက် တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းစီ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့မှုများနှင့် ပတ်သက်၍လည်း အဆောက်အအုံပျက်စီးမှုများအပေါ်မူတည်ပြီး နိုင်ငံတော်က ထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများအနေဖြင့်လည်း မတော်လောဘများဖြင့် ဈေးနှုန်းများ အဆမတန်မြှင့်တင်၍ ရောင်းချခြင်းများမရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် မှန်မှန်ကန်ကန်ဖြင့် ကြပ်မတ်ဆောင် ရွက်သွားရန်လိုကြောင်း။
မကြာမီတွင် ရောက်ရှိတော့မည့် သင်္ကြန်ပွဲတော်နှင့်ပတ်သက်၍ အများသူငါ ပူဆွေးသောက ရောက်နေသည့်အချိန်ဖြစ်သဖြင့် ယခင်နှစ်များကဲ့သို့ စည်စည်ကားကားနှင့် ပျော်ပျော်ပါးပါး လုပ်ဆောင်ရန်မသင့်လျော်သည့်အတွက် သင်္ကြန်ကာလကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အေးအေးချမ်းချမ်းဖြင့်သာ ဖြတ်သန်းသွားကြရန် အားလုံးကို အလေးထားမှာကြားလိုကြောင်း၊ ရိုးရာအစဉ်အလာနှင့်အညီ ရေပက်ကစားခြင်းများကိုသာ ဆောင်ရွက်သွားကြစေလိုကြောင်း၊ ယခုအချိန်တွင် အရေးကြီးသည်မှာ လုပ်သင့်လုပ်ထိုက်သည့်လုပ်ငန်းများကို မြန်မြန်ဆန်ဆန်ဖြင့် ပြီးစီးစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများအနေဖြင့်လည်း ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မိမိတို့၏ ဝန်ကြီးဌာနလက်အောက်ခံရုံးဌာနများသို့ သွားရောက်၍ ကြည့်ရှုအားပေးပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားရန်လိုကြောင်း မှာကြားသည်။
သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြ
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များက ဖြစ်ပေါ်ခဲ့သည့် ငလျင်သဘာဝဘေးဒဏ်နှင့်ပတ်သက်၍ အထွေထွေဆွေးနွေးတင်ပြကြရာတွင် အင်အားပြင်း ငလျင်ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်းတွင် နောက်ဆက်တွဲ ငလျင်ငယ်များနှင့် ငလျင်ကြီးများဖြစ်ပေါ်လာနိုင်မှု၊ ထိခိုက်ပျက်စီးခဲ့ရသည့် ကားလမ်း၊ ရထားလမ်း၊ လေယာဉ်ပြေးလမ်းစသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို အမြန်ဆုံးပြန်လည်ပြုပြင် ဆောင်ရွက်လျက်ရှိမှု၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် ကယ်ဆယ်ရေးအဖွဲ့များ တင်ဆောင်လာသည့်လေယာဉ်များဆိုက်ရောက်မှု၊ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ရုံးအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများအတွက် ယာယီရုံးအဆောက်အအုံနှင့် နေထိုင်ရန်နေရာများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိမှု၊ ငလျင်ဒဏ်သင့်ပြည်သူများအနေဖြင့် မိုးမကျမီကာလအတွင်း ယာယီနေထိုင်နိုင်ရန်အတွက် Modular House များ စီစဉ်ဆောင်ရွက်ပေးနိုင်မှုနှင့် နိုင်ငံတကာနှင့် Rapid Assessment များ ဆောင်ရွက်သွားသင့်သည့် အခြေအနေများ၊ ပြန်လည်ပြုပြင်ရမည့်အဆောက်အအုံများ၊ လမ်းတံတားများကို ပြန်လည်ပြုပြင် တည်ဆောက်ရာတွင် ဖွဲ့စည်းထားသည့်ကော်မတီ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ တည်ဆောက်သွားရန်လိုအပ်မှု၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အဆောက်အအုံများအနက် အာမခံလုပ်ငန်းများ ဆောင်ရွက်ထားသည့် အဆောက်အအုံများအား အာမခံလျော်ကြေးငွေများရရှိရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိမှု၊ ကြုံတွေ့ခဲ့ရသည့် ငလျင်ဘေးဒဏ်နှင့်ပတ်သက်၍ လေ့လာသုံးသပ်ချက် အစီရင်ခံစာတစ်ရပ် ပြုစုနိုင်ရေးဆောင်ရွက်သွားရန်လိုအပ်မှု၊ ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် နိုင်ငံတကာနှင့် အဖွဲ့အစည်းအချို့တို့က အကူအညီများပေးအပ်နိုင်ရေး ဆက်သွယ်ဆောင်ရွက်လျက်ရှိမှု၊ ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ ပုံရိပ်များနှင့် လိုအပ်သည့် အသိပညာပေးမှုများကို နိုင်ငံပိုင်မီဒီယာလုပ်ငန်းများမှ ထုတ်လွှင့်ပြန်ကြားပေးလျက်ရှိမှု၊ ငလျင်ဘေးဒဏ်ဖြစ်ပွားမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၌ ပြန်လည်ဆယ်တင်မှုများ ဆောင်ရွက်နိုင်ရေး၊ မလိုလားအပ်သည့် ထိခိုက်ဆုံးရှုံးမှုများဆက်လက် မဖြစ်ပေါ်လာစေရေး လိုအပ်သည့်အသိပညာပေးမှုများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိမှု၊ သောက်သုံးရေအခက်အခဲများ ဖြစ်ပေါ်နေသည့်နေရာများ၌ သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ငလျင်ဘေးဒဏ်ကြောင့် လျှပ်စစ်ဓာတ်အားပေးစနစ်များ ထိခိုက်ပျက်စီးခဲ့ရမှု၊ ပြန်လည်ပြုပြင်ဆောင် ရွက်ပြီးစီးမှုနှင့် လျှပ်စစ်ဓာတ်အားများကို ပုံမှန်အတိုင်း ပြန်လည်ပေးဝေနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ငလျင်ဘေးဒဏ်သင့်ဒေသများ၌ အရေးပေါ်ကျန်းမာရေးကူညီစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ပျက်စီးခဲ့ရသည့် ဆေးရုံများနှင့် ခွဲစိတ်ခန်းများအား အမြန်ဆုံးပြန်လည်ပြုပြင်သွား ရန်လိုအပ်မှု၊ ငလျင်သဘာဝဘေးအလွန်၌ ကူးစက်ကပ်ရောဂါများ ဖြစ်ပေါ်မှုမရှိစေရေးအတွက် သက် ဆိုင်ရာဒေသများအလိုက် သန့်ရှင်းရေးလုပ်ငန်းများနှင့် သန့်ရှင်းသည့် သောက်ရေရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှပညာရှင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှ ပညာရှင်များ၊ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့မှ ပညာရှင်များ၊ မြန်မာနိုင်ငံငလျင်ကော်မတီမှပညာရှင်များ၊ အထူးလုပ်ငန်းကော်မတီမှ ပညာရှင်များပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများအား ခေတ်မီစမ်းသပ်ကိရိယာများဖြင့် စစ်ဆေး၍ သာမန်ပြင်ဆင်နိုင်သည့် အဆောက်အအုံ၊ အကြီးစားပြင်ဆင်ရမည့် အဆောက်အအုံနှင့် ပြုပြင်၍မရဘဲ ဖယ်ရှားရှင်းလင်းရမည့် အန္တရာယ်ရှိအဆောက်အအုံများအဖြစ် ခွဲခြားသတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် ငလျင်ကြောင့်ဖြစ်ပေါ်ခဲ့သော ပျက်စီးမှုများအား မှတ်တမ်းတင်ခြင်း၊ ညှိနှိုင်းသုံးသပ်ခြင်းနှင့် နောင်တွင်ဆောင်ရွက်ရမည့် နည်းလမ်းများဖော်ထုတ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတကာမှပေးပို့လာသည့် ကူညီထောက်ပံ့ရေးပစ္စည်းများအား စနစ်တကျစစ်ဆေးမှတ်တမ်းတင်၍ သက်ဆိုင်ရာဒေသအလိုက် အမြန်ဆုံးဖြန့်ဝေပေးလျက်ရှိမှု၊ ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုနှင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ငလျင်ဘေးဒဏ်သင့်ခဲ့ရသူများအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများနှင့်နေရေး၊ စားရေးအဆင်ပြေစေရေး ဆောင်ရွက်ပေးလျက်ရှိမှု တို့နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က မြန်မာနိုင်ငံ အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့် ငလျင်ဒဏ်ဖြစ်ပေါ်ခဲ့သည့်နေ့မှစ၍ စတင်ဖွင့်လှစ်ခဲ့ပြီး လိုအပ်သည့် လုပ်ငန်းရပ်များကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့တင်ပြ၍ ညွှန်ကြားချက်များအရ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့များကလည်း မြန်မာနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် အတူတကွ ပူးပေါင်း၍ ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် မည်သည့်အဖွဲ့အစည်းမဆို သီးခြားလွတ်လပ်စွာရပ်တည်၍ ဆောင်ရွက်ခွင့်မရှိဘဲ ကြိုတင်ခွင့်ပြုချက်တောင်းခံထားသည့် အဖွဲ့အစည်းများဖြစ်ရန်လိုပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူတကွပူးပေါင်းဆောင်ရွက်မှသာ ခွင့်ပြုပေးသွားမည်ဖြစ်သည်ကို မူဝါဒတစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်း မိမိတို့သက်ဆိုင်ရာနယ်မြေများသို့ ရောက်ရှိလာသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ NGO အဖွဲ့အစည်းများကို မိမိတို့ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ ခွင့်ပြုပေးသွားရန် လိုကြောင်း၊ ငလျင်ဒဏ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် မူဝါဒချမှတ်ထားသည့် ပျက်စီးသွားခဲ့သည့် အပျက်အစီးများကို မြန်မြန်ဆန်ဆန်သိမ်းဆည်းသွားရန်၊ ပြင်ဆင်သင့်၊ ပြင်ဆင်ထိုက်သည့် အဆောက်အအုံများကို ပြင်ဆင်သွားရန်နှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန် ဟူသည့်လုပ်ငန်းစဉ်များအတိုင်း ငလျင်ဘေးဒဏ်ကို ဆက်လက်ကျော်ဖြတ်သွားရမည်ဖြစ်ကြောင်း။
ငလျင်ဘေးဒဏ်သင့်ခဲ့ရသူများအားလုံးကို မိုးမကျမီယာယီအမိုးအကာအောက်သို့ ရောက်ရှိစေရေး ဆောင်ရွက်ပေးသွားရန်လိုသဖြင့် ဦးစားပေးဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အလားတူ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် စာသင်ကျောင်းများအစား ယာယီကျောင်း အဆောက်အအုံများဖြင့် ဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ထောက်ပံ့ရေးပစ္စည်းများပေးအပ်လှူဒါန်းရာတွင် သက်ဆိုင်ရာဒေသအစိုးရအဖွဲ့များထံသို့ သတင်းပေးပို့မှုမရှိဘဲ မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းများသည် မလိုလားအပ်သည့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်သဖြင့် သက်ဆိုင်ရာအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ဆက်သွယ်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် ငလျင်ဘေးဒဏ်နှင့်ပတ်သက်၍ ကောလာဟလသတင်းများ၊ မဟုတ်မမှန်သတင်းများ ထုတ်လွှင့်၍ ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရေး၊ ပြည်သူလူထုမှအစိုးရအပေါ် အယုံအကြည်ကင်းမဲ့စေရေး ရည်ရွယ်ချက်ရှိရှိဖြင့် ဖြန့်ဝေနေမှုများနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ သတင်းပေးပို့သွားကြရန်လိုပြီး မိမိတို့အနေဖြင့် လိုအပ်သည့်ဖြေရှင်းမှုများကို အမြန်ဆုံးဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဖြည့်စွက်ဆွေးနွေးမှာကြား
ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆက်သွယ်ရေးလမ်းကြောင်းများအားလုံး အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်ပအကူအညီများနှင့် ပတ်သက်၍ ဘေးဒဏ်သင့်ဒေသများတွင် အမှန်တကယ်အကူအညီများ ပေးအပ်လိုသည့်အဖွဲ့အစည်းများရှိသကဲ့သို့ ငလျင်ဘေးဒဏ်ကို အကြောင်းပြ၍ အပြုသဘောမဆောင်သည့် ဝင်ရောက်လာမှုများလည်း ရှိနိုင်သဖြင့် စနစ်တကျစိစစ်၍ လက်ခံသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှပေးပို့လာသည့် ကူညီထောက်ပံ့ရေးပစ္စည်းများကို လိုအပ်နေသူများထံသို့ အမြန်ဆုံးဖြန့်ဝေပေးသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ရာတွင်လည်း ငလျင်ဘေးဒဏ်သင့်ခဲ့ရသူများအားလုံး၊ ရသင့်ရထိုက်သူများအားလုံးရရှိစေရေး စနစ်တကျ စာရင်းပြုစုဆောင်ရွက်သွားရန်လိုကြောင်း၊ စာရင်းများမထပ်စေရေးနှင့် ကျန်နေခဲ့ရသူများ မရှိစေရေး မျှမျှတတဖြစ်စေရေး တာဝန်ရှိသူများအားလုံးက ကြပ်ကြပ်မတ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ငလျင်သဘာဝဘေးကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများတွင် ခြေလက်အင်္ဂါဆုံးရှုံးခဲ့ရသူများအား စနစ်တကျ မှတ်တမ်းပြုစုထားရှိရန်လိုကြောင်း ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အဆောက်အအုံများဆောက်လုပ်ရာတွင် သပ်သပ်ရပ်ရပ်ဖြင့် ခိုင်ခိုင်ခံ့ခံ့ဆောင်ရွက်သွားရန်လိုကြောင်း၊ ဘုရားကျောင်းကန်များကိုလည်း စနစ်တကျဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ ဘုန်းတော်ကြီးကျောင်းများနှင့် ဗလီများကိုလည်း ယခင်ခွင့်ပြုထားသည့်အတိုင်း တည်ဆောက်ခွင့်ပြုရန်လိုကြောင်း၊ အလားတူခရစ်ယာန်ကျောင်းများ ပျက်စီးမှုများရှိပါကလည်း ဘာသာရေးနှင့်ပတ်သက်သည့် အဆောက်အအုံများကို စနစ်တကျဖြင့် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ စာသင်ကျောင်းများနှင့်ပတ်သက်၍ မူလတန်းကျောင်းများကို ကျောင်းဖွင့်ရာသီအမီ အမြန်ဆုံးပြန်လည်ပြင်ဆင်၍ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ပြင်ဆင်ရန်မမီပါက ယာယီကျောင်းဆောင်များ ဆောက်လုပ်ပေးရန်လိုကြောင်း၊ အဓိကအားဖြင့် ကျောင်းသား ကျောင်းသူများ ကျောင်းတက်ရောက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိသွားရန်လိုကြောင်း၊ ခွင့်ပြုချက်မရရှိဘဲ ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်မှု မရှိစေရေးအတွက်လည်း တာဝန်ရှိသူများက စနစ်တကျစိစစ်ဆောင်ရွက်နေရန်လိုကြောင်း။
အချက်အလက်များ ကောက်ယူခြင်းနှင့်ပတ်သက်၍ မှန်ကန်မှုရှိစေရေး စနစ်တကျဖြင့်ဆောင် ရွက်ရန်လိုကြောင်း၊ နိုင်ငံပိုင်စက်ရုံများနှင့် ပုဂ္ဂလိကပိုင်စက်ရုံများ အမြန်ပြန်လည်လည်ပတ်နိုင်ရေးနှင့် MSME လုပ်ငန်းများ အမြန်ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ လမ်းတံတားများ ပြန်လည်ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင်လည်း အင်ဂျင်နီယာပညာရပ်နှင့်အညီ သတ်မှတ်ချက်များနှင့်ကိုက်ညီအောင် ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း၊ “အစကောင်းမှ အနှောင်းသေချာ” ဆိုသည့်အတိုင်း စတင်ဆောက်လုပ်စဉ်ကတည်းက ကောင်းမွန်ခိုင်ခံ့အောင် ဆောင်ရွက်သွားရန်လိုကြောင်း။
ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဝန်ထမ်းအိမ်ရာများနှင့်ပတ်သက်၍ အသစ်ပြန်လည်တည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ပြန်လည်တည်ဆောက်ရာတွင်လည်း သတ်မှတ်ချက်များနှင့်အညီ ခိုင်ခံ့အောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အအုံများတည်ဆောက်ရာတွင် ပေါ့ပေါ့တန်တန်ဆောင်ရွက်ခဲ့မှုများကြောင့် မလိုလားအပ်သည့် လူ့အသက်ဆုံးရှုံးမှုများစွာပေးဆပ်ခဲ့ရခြင်းဖြစ်ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကိုယ့်အကျိုးအမြတ်တစ်ခုတည်းကို အဓိကမကြည့်ဘဲ သတ်မှတ်ချက်များနှင့် ကိုက်ညီအောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နောင်တည်ဆောက်မည့် လုပ်ငန်းများတွင် SOP များ ရေးဆွဲထုတ်ပြန်၍ စနစ်တကျ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နောင်တစ်ချိန်၌ ကြီးမားသော ဆုံးရှုံးမှုများမဖြစ်စေရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားကြရန် အလေးထားမှာကြားလိုကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများလိုက်ပါ၍ အမျိုးသားပြတိုက်သို့သွားရောက်ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပျက်စီးမှုများဖြစ်ပေါ်နေသည့် နေရာများမှ ပစ္စည်းများအား စနစ်တကျရွှေ့ပြောင်းသွားရန်လိုကြောင်း၊ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အဆောက်အအုံများအား မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှ ပညာရှင်များနှင့် စနစ်တကျစစ်ဆေးပြီး ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုကဲ့သို့ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေချိန်အတွင်း ပြတိုက်အတွင်းသို့ ဝင်ရောက်မှုများကို စနစ်တကျမှတ်တမ်းတင်၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူအမျိုးသားစာကြည့်တိုက်ရှိ ပျက်စီးမှုများကိုလည်း တာဝန်ရှိသူများအနေဖြင့် စစ်ဆေးပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်