
နေပြည်တော် ဧပြီ ၄
KMH Generation Structural Design Group မှ Structure Design Engineer ဦးကျော်မျိုးဟန် ဦးဆောင်သော ကျွမ်းကျင်ပညာရှင်များသည် ငလျင်ဘေးသင့်ခဲ့သည့် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ရုံးအဆောက်အအုံပျက်စီးမှုနှင့် ကြံ့ခိုင်မှု ရှိ ၊ မရှိအခြေအနေကို ယနေ့နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထိုသို့ ကြည့်ရှုစစ်ဆေးရာ ပြန်ကြားရေးဝန်ကြီးဌာန ရုံးအဆောက်အအုံ မြေညီထပ်ရှိ စုပေါင်းခန်းမကြီး၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းစီမံရေးရာဌာနရုံးခန်း၊ ငွေစာရင်းဌာနရုံးခန်း၊ မြန်မာ့သတင်းစဉ်ရုံးခန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓာတ်ပုံခန်း၊ စီမံ၊ ငွေစာရင်းနှင့် ထုတ်လုပ်ရေးရုံးခန်းများ၊ ဒုတိယထပ်ရှိ ဝန်ကြီးရုံး ပြည်တွင်း /ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲရုံးခန်း၊ စီမံကိန်းနှင့်စာရင်းအင်းဦးစီးဌာနခွဲ ရုံးခန်း၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စီမံ၊ ငွေစာရင်းနှင့်ထုတ်လုပ်ရေးရုံးခန်းများ၊ ဌာနဆိုင်ရာအကြီးအကဲရုံးခန်းများ၊ ဝန်ကြီးဌာနစာကြည့်တိုက်၊ တတိယထပ်ရှိ ပြည်ထောင်စုဝန်ကြီး အစည်းအဝေးခန်းနှင့် ရုံးခန်း၊ ဒုတိယဝန်ကြီး၊ အတွင်းဝန်၊ ဒုတိယအတွင်းဝန်ရုံးခန်းများ၊ ဝန်ကြီးရုံးအုပ်ချုပ်စီမံရုံးခန်းများ၊ Myanmar Digital News ရုံးခန်း၊ Data Research Center ရုံးခန်းများ ပျက်စီးမှုနှင့် ကြံ့ခိုင်မှု ရှိ၊ မရှိကို တစ်ခန်းချင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
KMH Generation Structural Design Group မှ ကျွမ်းကျင်ပညာရှင်များသည် အဖွဲ့နှစ်ဖွဲ့ဖြင့် ဧပြီ ၁ ရက်မှယနေ့အထိ နေပြည်တော်ကောင်စီနယ် မြေအတွင်းရှိ ဟိုတယ်၊ ဝန်ကြီးဌာနရုံးနှင့် အိမ်ရာများအပါအဝင် အဆောက်အအုံပေါင်း ၃၀ ကျော်ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အအုံကြံ့ခိုင်မှုရှိ၊ မရှိ၊ နေထိုင်ရန်သင့်၊ မသင့်ပြန်လည်ပြင်ဆင်ရန်လိုအပ်မှုအခြေအနေကို မှတ်ချက်ပြုပေးခဲ့ကြောင်းနှင့် ကျန်ရှိသည့် အဆောက်အအုံများကိုလည်း လှည့်လည် ကြည့်ရှုစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်