

နေပြည်တော် ဧပြီ ၄
မြန်မာနိုင်ငံ၌ မတ် ၂၈ ရက်က အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ ငလျင်ဘေးဒဏ်သင့်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ပြန်ကြားရေးဝန်ကြီးဌာနမှ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများအား စောင်နှင့် ခြင်ထောင်များကို ပြန်ကြားရေးဝန်ကြီးဌာနရုံး၌ လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထိုသို့လှူဒါန်းရာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရအဖွဲ့ ယူနန်ပြည်နယ်နိုင်ငံခြားရေးရုံး ဒါရိုက်တာ Mr. Wang Nan He က ယူနန်ပြည်နယ်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၌ ပြင်းထန်သောငလျင်ဒဏ်ကို ခံစားရပြီး ပြည်သူများသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ ဥစ္စာပစ္စည်းများ ဆုံးရှုံးခြင်းများ ဖြစ်ပွားခဲ့သည့်အတွက် မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းမိပါကြောင်း ပြောကြားကာ ပြည်ထောင်စုဝန်ကြီးထံ စောင်နှင့်ခြင်ထောင်များ ပေးအပ်လှူဒါန်းသည်။
ထို့နောက် CITIC Myanmar မှ တာဝန်ရှိသူက မိသားစုခြောက်ဦးနေထိုင်နိုင်သည့် ယာယီမိုးကာတဲငါးလုံးကို ဒုတိယဝန်ကြီး ဦးရဲတင့်ထံ ပေးအပ်လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် တာဝန်ရှိသူများသည် လှူဒါန်းထားသည့် ပစ္စည်းများကို ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ယာယီအခြေပြုနေထိုင်လျက်ရှိကြသည့် နေရာများသို့ သွားရောက်၍ ဖြန့်ခွဲပေးအပ်ပြီး လတ်တလောလိုအပ်နေသည့် မီးရရှိရေးအတွက် ဆိုလာမီးများ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယမန်နေ့ ညနေပိုင်းကလည်း Channel 8 Myanmar Holding Com.Ltd နှင့် အလှူရှင်များက အိပ်ရာခင်း ၂၀၀၊ မွေ့ရာ ၃၀၊ ခြင်ဆေးဘူး ၁၀၀၊ 1 liter ရေသန့်ဘူး ၂၄၀၀၊ Royal-D ၇၂ လုံး၊ ဆိုလာမီးအိမ်အလုံး ၆၀ နှင့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း ၁၅ မျိုးတို့ကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်ထံ ပေးအပ်လှူဒါန်းခဲ့သည်။
သတင်းစဉ်