
နေပြည်တော် ဧပြီ ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဝန်ထမ်းများ ယာယီရွှေ့ပြောင်းနေထိုင်ရာနေရာများသို့ သွားရောက်ကြည့်ရှုအားပေး၍ ထောက်ပံ့ငွေများပေးအပ်သည်။
ထိုသို့ သွားရောက်ရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယာယီအခြေစိုက်စခန်းဖြစ်သော ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံကျောင်းသို့လည်းကောင်း ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်သို့လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်သို့လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ပြည်ထောင်စုဝန်ကြီးရုံးသို့လည်းကောင်း သွားရောက်ကြပြီး ဝန်ထမ်းများနေထိုင်စားသောက်မှု စနစ်တကျရှိစေရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရုံးဌာနများသန့်ရှင်းရေး၊ ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်စေရန် ရုံးတက်ရောက်ရမည့် အစီအမံများကို ဆွေးနွေးမှာကြားကြပြီး ဝန်ထမ်းတစ်ဦးချင်းအား ထောက်ပံ့ငွေများပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ လူပျိုဆောင်၊ အပျိုဆောင်များဖြစ်သည့် သဇင်ဆောင်နှင့် သပြေဆောင်များသို့ ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်ကာ စည်းကမ်းပိုင်းဆိုင်ရာများ လိုက်နာကြရန် အလေးထားမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်