
နေပြည်တော် ဧပြီ ၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှအဖွဲ့ဝင် ၅၅ ဦးပါဝင်သည့် ကယ်ဆယ်ရေးနှင့်ဆေးဘက်ဆိုင်ရာအဖွဲ့သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်သို့ရောက်ရှိပြီး ငလျင်ဒဏ်သင့်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ရေးပစ္စည်းများတွင် ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများ၊ ရွက်ဖျင်တဲနှင့် ရိက္ခာခြောက်များအပါအဝင် ကယ်ဆယ်ရေးပစ္စည်းများ စုစုပေါင်း ၁၅ မက်ထရစ်တန် ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ M Monwar Hossain က ကယ်ဆယ်ရေးပစ္စည်းများကို မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန သံအမတ်ကြီး ဦးကျော်ထွန်းထံသို့ လွှဲပြောင်းပေးအပ်သည်။
အဆိုပါလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးအကြံပေး ဗိုလ်မှူးချုပ် Md. Aftab Hossain BSP, ndc, afwc, psc, M Phil, PhD လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
အလားတူ မတ် ၃၀ ရက် အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လေကြောင်းခရီးစဉ်နှစ်ခုဖြင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ ဒသမ ၅ မက်ထရစ်တန်ကို ပထမဆုံးအကြိမ်ပေးပို့ခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး ဒေါက်တာ M Monwar Hossain က အဆိုပါကယ်ဆယ်ရေးပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းထံသို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများတွင် ရွက်ဖျင်တဲများ၊ အစားအစာများ၊ ဆေးဝါးများ၊ သောက်ရေသန့်များ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများ၊ ဆိုလာမီးများ၊ ခြင်ထောင်များနှင့် အခြားလိုအပ်သောပစ္စည်းများ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ၂၀၂၃ ခုနှစ် မေလတွင် မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်