Skip to main content

နေပြည်တော် မတ် ၂၉

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန်စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့်အပြင် ပြည်ပမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို လမ်းဖွင့်ပေးထားပြီးဖြစ်ရာ ယနေ့တွင် ငလျင်ဒဏ်သင့်ပြည်သူများအတွက် အိန္ဒိယ၊ စင်ကာပူနှင့် ရုရှားနိုင်ငံတို့မှ ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မြန်မာနိုင်ငံသို့ ရောက်ရှိကြသည်။

ယနေ့တွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ အိန္ဒိယနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့်အတူ ဆရာဝန်နှင့်သူနာပြုဆေးအဖွဲ့၊ ရှာဖွေကယ်ဆယ်ရေး ခွေးလေးကောင်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများ၊ စင်ကာပူနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့်အတူ ဆရာဝန်နှင့် သူနာပြုဆေးအဖွဲ့၊ ရှာဖွေကယ်ဆယ်ရေး ခွေးလေးကောင်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများ၊ ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့်အတူ ဆရာဝန်၊ သူနာပြုဆေးအဖွဲ့များ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများ ရောက်ရှိကြသည်။

ယနေ့ရောက်ရှိသည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုခဲ့ကြပြီး အဆိုပါအဖွဲ့များသည် အဖွဲ့များခွဲ၍ ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများအား ရှာဖွေကူညီကယ်ဆယ်ရေးနှင့် ဆေးဝါးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Off