Skip to main content

နေပြည်တော် မတ် ၂၉

မတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်တွင် အင်အားပြင်းမြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ ငလျင်ဒဏ်သင့်ဒေသအသီးသီး၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့်နေရာများ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် ကေလာကျေးရွာအုပ်စုနှင့် နန့်ပန်ကျေးရွာအုပ်စု နန့်ပန်ကျေးရွာရှိ အလိုတော်ပေါက်ဘုရား၊ သာလေးကျေးရွာအုပ်စု နန်းဟူးကျေးရွာရှိ ဖောင်တော်ဦးဘုရားစသည့်ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့်နေရာများ၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အနှိပ်တော် ရပ်ကွက်ရှိ အဆောက်အအုံ၊ မန္တလေးတက္ကသိုလ်ရှိ အဆောက်အအုံများ၊ ဦးလှသိန်းဓမ္မဗိမာန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရန်ကုန်-မန္တလေးအမြန်လမ်းရှိ လမ်း/ တံတားများ၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ဝေဠုဝန်ရိပ်သာကျောင်းတိုက်၊ တောင်ငူမြို့နယ်အတွင်းရှိ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ကန်သာဗလီဝတ်ပြုကျောင်း၊ သမိုင်းဝင်မဟာအောင်မြေရှိ ကောင်းမှုတော်စေတီတော်မြတ်ကြီးနှင့် သမိုင်းဝင်လောကမာရဇိန် နန်းတော်ဦးစေတီတော်မြတ်ကြီးတို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဒဏ်ရာရရှိကြသည့် ဒေသခံပြည်သူများအား ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စေတီပုထိုးများ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Off