










နေပြည်တော် မတ် ၂၉
မတ် ၂၈ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ အသက်သေဆုံးခဲ့ရမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ရသဖြင့် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာနယ်မြေအလိုက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်အစောပိုင်းတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှု များပြားခဲ့ရသည့် မန္တလေးတိုင်းဒေသကြီးသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို ရဟတ်ယာဉ်များဖြင့် ဦးစွာ ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများ၊ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများကို တင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အမြန်ဆုံး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများ၌ အမြန်ဆုံးပို့ဆောင်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို စစ်ဘက်၊ အရပ်ဘက်မှ ဆေးမှူးပါရဂူများဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ သေဆုံးခဲ့ရသူများကိုလည်း ကောင်းမွန်စွာဖြင့် သင်္ဂြိုဟ်ခြင်းများ ဝိုင်းဝန်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ပျက်စီးဆုံးရှုံးမှုများကြောင့် နေထိုင်ရန်အခက်အခဲရှိသူများကိုလည်း ကိုဗစ် - ၁၉ ဖြစ်ပေါ်စဉ်ကကဲ့သို့ နေထိုင်ရန် နေရာများကို တာဝန်ရှိသူများက သက်ဆိုင်ရာနေရာများအလိုက် အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အန္တရာယ်ရှိ အဆောက် အအုံများကိုလည်း အမြန်ဆုံး စနစ်တကျ ရှင်းလင်းမှုများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုဖြစ်စဉ်ကို သင်ခန်းစာယူ၍ သက်တမ်းရင့်အဆောက်အအုံများအား အရည်အသွေးစစ်ဆေး ခြင်း၊ အဆောက်အအုံသစ်များ ဆောက်လုပ်ရာတွင် သတ်မှတ်ခံနိုင်ရည်စံနှုန်းများနှင့်အညီ တည်ဆောက်စေရေးတို့ကို စနစ်တကျ စစ်ဆေးဆောင်ရွက်သွား ရန်လိုကြောင်း၊ ငလျင်ဒဏ်သင့် ဒေသများ၌ ရေ၊ မီးနှင့် နေထိုင်ရန်နေရာများ အဆင်ပြေမှုရှိစေရေး၊ စားသောက်မှု အဆင်ပြေစေရေး အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးများအလိုက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး လေယာဉ်ကွင်းနှင့် လေယာဉ် ပြေးလမ်းများကို အမြန်ဆုံးကောင်းမွန်အောင် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နန်းမြို့ရိုးတစ်လျှောက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရမှုအခြေအနေများ၊ မန္တလေးမြို့အတွင်း အဆောက်အအုံနှင့် လမ်းများပျက်စီးခဲ့ရမှု၊ မန္တလေးတက္ကသိုလ်ပင်မဆောင် ပြိုကျပျက်စီးမှုနှင့် မီးလောင်ပျက်စီးခဲ့ရမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြိုကျပျက်စီးနေသည့် အဆောက်အအုံများအတွင်း ပိတ်မိနေသူများအား အမြန်ဆုံး ရှာဖွေဖော်ထုတ်နိုင်ရေး ဆောင်ရွက်သွားရန်၊ ပြန်လည်ဆယ်တင်ရေးလုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် ဆက်လက်ဆောင်ရွက်သွားရန်၊ သင်ကြားရေး၊ ကျန်းမာရေး အဆောက်အအုံများအပြင် အဆောက်အအုံသစ်များ ပြန်လည်တည်ဆောက်ရာ၌ မြန်မြန်ဆန်ဆန်နှင့် ခိုင်ခိုင်မာမာဖြစ်စေရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ချမ်းမြသာစည်မြို့နယ်ရှိ လေဆိပ်အဟောင်းနေရာ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးကုသ မှု ဆောင်ရွက်ပေးနိုင်ရေးအတွက် ယာယီဆေးရုံနှင့် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေးရန် စီစဉ်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည် များ လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နန်းမြို့ရိုးအတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ရှေးဟောင်းအဆောက်အအုံများဖြစ်သော ပဟိုရ်စင်နှင့် စွယ်တော်စင်တို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စည်ရှည်တံခါးအနီး မြို့ရိုးနှင့် နန်းမြို့ရိုးတစ်လျှောက် ထိခိုက်ပျက်စီးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့အထွေထွေရောဂါကုဆေးရုံကြီးသို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဆေးဝါးကုသမှု ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှု၍ အားပေးစကားပြောကြားကာ ထိခိုက်ဒဏ်ရာရရှိသူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို အမြန်ဆုံးဆောင်ရွက်ပေးသွားနိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးတို့ပူးပေါင်း၍ လျင်လျင်မြန်မြန် ဆောင်ရွက်သွားရန်၊ ဆေးကုသမှုခံယူရာတွင် နေရာအခက်အခဲ ဖြစ်ပေါ်နေမှုအား တပ်မတော်ဆေးရုံများနှင့် ယာယီဆေးရုံများ၌ ရွှေ့ပြောင်းကုသမှုပေးနိုင်ရေး ဆောင်ရွက် သွားရန်နှင့် အခြားလိုအပ်သည် များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ချမ်းအေးသာစံမြို့နယ် ၇၃ x ၃၀ လမ်းထောင့်ရှိ ယာယီနေထိုင်ရေး စခန်းသို့ရောက်ရှိကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။ ယင်းနောက် ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့လှူဒါန်းသည့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ပုံးများပေးအပ်ကာ ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မဟာမြတ်မုနိဘုရားကြီး အရှေ့ဘက်တန်ဆောင်း ပြိုကျပျက်စီးနေမှုအခြေအနေများနှင့် စစ်ကိုင်း-မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကိုင်းတံတား (အင်းဝ) ရထားလမ်းကူးတံတား ပြိုကျ ပျက်စီးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မန္တလေး-မြစ်ကြီးနား ဆက်သွယ်ထားသော ရထားလမ်းသည် ယခု ရထားလမ်းတစ်ခုတည်းသာရှိသဖြင့် အမြန်ဆုံးပြန်လည်ပြင်ဆင်ပေးသွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်တိုက်သစ်သို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်ဩဝါဒါစရိယ အကျိုးတော်ဆောင်ဥက္ကဋ္ဌ မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော် ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသ၏ မိန့်ကြားတော်မူများကို နာယူကာ ရေ၊ မီးကိစ္စများ အဆင်ပြေစေရေး၊ ပြိုကျပျက်စီးဆဲ အဆောက်အအုံများအား ဘေးပတ်ဝန်းကျင် ဘေးအန္တရာယ်မရှိစေရေးအတွက် အမြန်ဆုံးဖယ်ရှားရှင်းလင်းခြင်းနှင့် ရှာဖွေကယ်ဆယ်ခြင်းများ ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကို မှာကြားသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်းကြီး တိုးချဲ့ဆောင်သို့ ရောက်ရှိကြပြီး လေးထပ်တိုးချဲ့ဆောင် ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးနေမှုနှင့် အပျက်အစီးများအကြား ပိတ်မိနေသည့် စာဖြေသံဃာတော်များအား ရှာဖွေကူညီရေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားနိုင်ရေး တာဝန် ရှိသူများကို မှာကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အောင်မြေသာစံမြို့နယ်ရှိ Sky Villa နေရာသို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများ အများအပြား ဖြစ်ပေါ်ခဲ့မှုအခြေအနေများကို ကြည့်ရှုကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ သက်ဆိုင်ရာတိုင်းဒေသကြီးအလိုက် သေဆုံး၊ ဒဏ်ရာရနှင့် ပျောက်ဆုံးစာရင်းများကို တိကျစွာရရှိနိုင်ရေး ဆက်လက်စိစစ်ကောက်ယူသွားရန်လိုကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံ၊ ဆေးခန်းများ၊ ယာယီဆေးရုံများအားလုံး ဖြန့်ခွဲ၍ မြန်မြန်ဆန်ဆန် ဆေးဝါးကုသမှု ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ တပ်ဘက်၊ အရပ်ဘက်ဆေးရုံများအားလုံး၊ ကျန်းမာရေးဝန်ထမ်းများအားလုံးက တက်ညီလက်ညီဖြင့် ဖိဖိစီးစီးဆောင်ရွက်ပေးသွားနိုင်ရန်လိုကြောင်း၊ ပြိုကျပျက်စီးသွားသော အဆောက်အအုံများနှင့် ပြိုကျပျက်စီးနေဆဲ အဆောက်အအုံများကို အမြန်ဆန်ဆုံး စနစ်တကျဖြင့် ဖယ်ရှားရှင်းလင်းနိုင်ရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မှသာလျှင် ဘေးပတ်ဝန်းကျင်၌လည်း ဘေးအန္တရာယ်ကင်းရှင်းစေမည်ဖြစ်ကြောင်း၊ ယာယီနေထိုင်ရေးနေရာများ၌ နေထိုင်နေရသူများကိုလည်း စနစ်တကျ ရှိစေရေး ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ ပျက်စီးဆုံးရှုံးခဲ့ရသည့် မန္တလေးတက္ကသိုလ် ပင်မဆောင် ကြီးကို မူလလက်ရာမပျက် အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရန်လိုပြီး ခိုင်ခံ့မှုရှိရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိသည့် ဒီဇိုင်းဖြစ်စေရေး စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအတွက် စားရေး၊ နေရေးနှင့် အခြားလူမှုကိစ္စရပ်များ အဆင်ပြေစေရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း။
ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် လမ်းတံတားများ၊ နိုင်ငံပိုင်အဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မိမိတို့အနေဖြင့် အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ငွေကြေးအင်အား၊ လူအင်အား၊ ယာဉ်ယန္တရားအင်အားများစွာကို သုံးစွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သန့်ရှင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း မြန်မြန်ဆန်ဆန်ဖြင့် ဆက်လက်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ရာတွင်လည်း ငလျင်ဘေးဒဏ်သင့်ခဲ့ရသူများ အားလုံး၊ ရသင့်ရထိုက်သူများ အားလုံးရရှိစေရေး စနစ်တကျ စာရင်းပြုစုဆောင်ရွက်သွားရန်လိုကြောင်း၊ စာရင်းများမထပ်စေရေးနှင့် ကျန်နေခဲ့ရသူများ မရှိစေရေး မျှမျှတတဖြစ်စေရေး တာဝန်ရှိသူများ အားလုံးက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များကို များစွာဆောင်ရွက်သွားရမည်ဖြစ်ပြီး ဦးစားပေးအဆင့်အလိုက် အမြန်ဆုံး ဆောင်ရွက်ပေးသွားရန်လိုကြောင်း မှာကြားသည်။
ထို့နောက် ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ငလျင်ဘေးဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများ၊ ပြန်ကြားရေးနှင့် အသိပညာပေးရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းရပ်များအလိုက် လိုအပ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် မန္တလေးမြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာခဲ့ပြီး မန္တလေးမြို့အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးနေမှုအခြေအနေများနှင့် စစ်ကိုင်းတံတား (အင်းဝ) ရထားလမ်းကူးတံတား ပြိုကျပျက်စီးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး ငလျင်ဘေးဒဏ်ကြောင့် လေယာဉ်ပြေးလမ်း အနည်းငယ်ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပျက်စီးနေသည့်နေရာများအား အမြန်ဆုံးပြန်လည် ပြင်ဆင်မှုများ ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
လက်ရှိအချိန်အထိ နောက်ဆုံးကောက်ယူရရှိသော စာရင်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၁၆၄၄ ဦး၊ ဒဏ်ရာရရှိသူ စုစုပေါင်း ၃၄၀၈ ဦး၊ ပျောက်ဆုံး နေသူ ၁၃၉ ဦး ဖြစ်ကြောင်းနှင့် အသေးစိတ်စာရင်းများအား ဆက်လက်ကောက်ယူလျက် ရှိသည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့သည်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်နေရာများအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်