Skip to main content

ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု၌ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှု ကျယ်ပြန့်လာပုံများနှင့် ပညာရေးတွင် ဒစ်ဂျစ်တယ် စီးပွားရေး၏ အရေးပါပုံများနှင့် ပတ်သက်ပြီး ဗဟုသုတ မျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၂၃ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး။ ။ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုမှာ အဓိက အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ ပညာရေး ကဏ္ဍ အနေနဲ့ ဒစ်ဂျစ်တယ်စီးပွားရေးမှာ အရေးပါပုံတွေနဲ့ ဒစ်ဂျစ်တယ် နည်းပညာကိုအသုံးပြုပြီး    ရရှိလာတဲ့အကျိုးကျေးဇူး တွေအကြောင်းကိုတင်ပြမယ့်  ဒစ်ဂျစ်တယ်စီးပွားရေး အကြောင်း   သိကောင်းစရာအစီအစဉ်ကနေ   ကြိုဆိုပါ တယ်။

ဒီနေ့အစီအစဉ်မှာ ပါရမီတက္ကသိုလ်ဥက္ကဋ္ဌ ဒေါက်တာ ကျော်မိုးထွန်းနဲ့ Strategy First University ၏ ဥက္ကဋ္ဌနှင့် Waso Learn ၏ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ချစ်ခင် တို့က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံးမေးခွန်းအနေနဲ့  မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ် တယ် အသွင်ကူးပြောင်းမှုမှာ ဒစ်ဂျစ်တယ်နည်းပညာရဲ့ ပြောင်းလဲလာမှုတွေ နဲ့ ပညာရေးမှာ ဒစ်ဂျစ်တယ်စီးပွား ရေးရဲ့ အရေးပါပုံတွေကို    ဒေါက်တာကျော်မိုးထွန်းက ရှင်းပြပေးပါဦး။

ဒေါက်တာကျော်မိုးထွန်း။ ။ ပညာရေးမှာ  ဒစ်ဂျစ်တယ် စီးပွားရေးလို့ ပြောတယ်ဆိုရင် ကျွန်တော့်အနေနဲ့ Mr.Richard Buck-minster Fuller (၁၉၃၈ ခုနှစ်) တင်ပြခဲ့တဲ့ Ephemera-lization ဆိုတဲ့ဖြစ်စဉ်ကို အမှတ်ရပါတယ်။ ဒီဖြစ်စဉ်က ဘာကိုဆိုလိုတာလဲ ဆိုတော့     ဒီခေတ်အခါကြီးမှာ နည်းပညာရဲ့ တိုးတက်မှုတွေကြောင့် ပစ္စည်းနည်းနည်းနဲ့ အလုပ်ကို များများလုပ်လာနိုင်ပြီး အနာဂတ်မှာ  ဘာမှ ပစ္စည်းတွေမရှိတော့ဘဲ အလုပ်တွေ အများကြီး လုပ်လာ နိုင်မယ့်အခြေအနေဖြစ်စဉ်ကို သူက ပြောခဲ့ပါတယ်။

အဲဒီလိုမျိုး ဖြစ်စဉ်တွေက ဒီခေတ်၊ ဒီအခါမှာ မျက်မြင် သက်သေပါ။ အရင်တုန်းက ကွန်ပျူတာဆိုတာ  အရွယ် အစား အကြီးကြီးတွေ လာတာပါ။ အခုခေတ်မှာ Laptop ဆိုတာ သေးသေးလေးပါ။ အခုဆိုရင် မိုလ်ဘိုင်းဖုန်းတွေ အသုံးပြုပြီး အရင်တုန်းက လုပ်ခဲ့သမျှတွေကို မိုလ်ဘိုင်း ဖုန်းကနေ လုပ်လာနိုင်တဲ့ အခြေအနေရောက်လာပါပြီ။

ဒစ်ဂျစ်တယ် နည်းပညာပြောင်းလဲမှုမှာ ပညာရေး ဆိုရင် အပိုင်းနှစ်ပိုင်း  ကျွန်တော်  မြင်ပါတယ်။    ပထမ တစ်ပိုင်းက ကျောင်းတွေရဲ့ ပုံမှန်လည်ပတ်မှုမှာ ဒစ်ဂျစ် တယ် နည်းပညာပြောင်းလဲမှုတွေနဲ့ အစားထိုးသုံးစွဲလာ တာ ဖြစ်ပါတယ်။ ဥပမာ - ကျောင်းလခ ကောက်ခံတဲ့အခါ e-Payment တွေ သုံးလာတဲ့ အခြေအနေတွေ၊ ကျောင်း အုပ်ချုပ်ရေးမှာ ဒစ်ဂျစ်တယ် နည်းပညာကို သုံးလာတာ တွေ ဒီအပိုင်းမှာဆိုရင် Ellucian, Classe365, Fedena တို့စတဲ့ ကျောင်းအုပ်ချုပ်ရေးအတွက် သုံးတဲ့ Platform တွေ၊ Software တွေ ပေါ်လာပါပြီ။

နောက်ဒုတိယတစ်ပိုင်းက ကျောင်းရဲ့အဓိက လုပ်ငန်း တစ်ခုဖြစ်တဲ့ သင်ကြားရေးအပိုင်းမှာ  နည်းပညာတွေ သုံးလာတာဖြစ်ပါတယ်။ အခုဆိုရင် Zoom Meeting တွေနဲ့ ကျွန်တော်တို့ ပြောနေကြတယ်။ Big Blue Bottom, Blue Jeans တို့ အများကြီးရှိပါတယ်။ ဒါတွေ အကုန်လုံး Virtual Video Conferencing လုပ်ပြီး သင်ကြားရတာ ဖြစ်ပါတယ်။ ဒီအပြင် သင်ကြားရေးအပိုင်းမှာ နောက်ထပ် Learning Management System လို့ခေါ်တဲ့ Google Class Room တို့၊ Moodle, Canvas, Sakai ဒါတွေလည်း ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။

ပညာရေးမှာ ဒစ်ဂျစ်တယ်နည်းပညာရဲ့ ဒစ်ဂျစ်တယ် စီးပွားရေးက တော်တော်ကြီးကို ကြီးမားတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်နေတယ်လို့ ကျွန်တော်က မြင်ပါတယ်။ ယနေ့ ခေါင်းစဉ်က အွန်လိုင်းသင်ယူမှု  ဖြစ်တဲ့အတွက် ဒုတိယ အပိုင်းနဲ့ ပိုပြီးသက်ဆိုင်တယ်လို့ ကျွန်တော်မြင်ပါတယ်။

အစီအစဉ်မှူး။ ။ အခုလို ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလမှာ    ဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြုမှု ကျယ်ပြန့်လာပုံတွေနဲ့ သင်ကြား ရေးအပိုင်းမှာ အသုံးပြုနေတဲ့ ဒစ်ဂျစ်တယ်နည်းပညာရဲ့ အရေးပါပုံတွေကိုလည်း ရှင်းပြပေးပါဦး။

ဦးအောင်ချစ်ခင်။ ။ နိုင်ငံတကာမှာ ပညာရေးအတွက်   ဒစ်ဂျစ်တယ် နည်းပညာတွေ Education Technology အတိုကောက် အနေနဲ့ EdTech လို့ခေါ်တာတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတာ ကြာပါပြီ။ အွန်လိုင်းပုံစံနဲ့ အဝေးသင် သင်ကြားတာတွေ ရှိပါတယ်။ လူနဲ့တွေ့တာ၊ အွန်လိုင်းနဲ့ တွေ့တာတွေကိုပေါင်းစပ်ပြီး နှစ်မျိုးစပ်    Blended Learning လုပ်တာလည်း ရှိပါတယ်။ စီမံခန့်ခွဲရေးအတွက် အသုံးပြုတာတွေရှိပါတယ်။

အခုလို  ကိုဗစ်ရောဂါဖြစ်နေတဲ့အချိန်မှာ    ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြပါတယ်။   မြန်မာနိုင်ငံ အနေနဲ့ ကိုဗစ်ရောဂါ ဖြစ်နေတဲ့အချိန်မှာ Education Technology   (EdTech) နည်းပညာတွေ၊   ပညာရေး နည်းပညာတွေ အသုံးပြုပြီး ပြုပြင်ပြောင်းလဲရေးတွေကို အရှိန်အဟုန်မြှင့်နိုင်ဖို့အတွက် ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ အစိုးရကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အရေးကြီးတဲ့အချိန် ဖြစ်ပါတယ်။

သင်ကြားရေးအပိုင်းမှာ  အဓိက  ကြိုတင်ရိုက်ကူး ထားတဲ့ အွန်လိုင်းဗီဒီယိုတွေကိုအသုံးပြုပြီး Smart TV တွေ၊ Tablets တွေ၊ ဖုန်းတွေကနေ ပြန်ကြည့်တာတွေ၊ သင်ကြားတာတွေ လုပ်ကြပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် ဆရာရှားပါးတဲ့ ဘာသာရပ်တွေ၊ အခုဆိုရင် အခြေခံပညာ သင်ရိုးတွေပြောင်းတဲ့အခါမှာ   ပိုပြီးဘာသာရပ်စုံလာပါ တယ်။ နယ်တွေမှာ ဆရာ၊ ဆရာမ မလုံလောက်တာတွေ ရှိလာတဲ့ အချိန်မျိုးမှာဆိုရင် ဒါအသုံးဝင်တဲ့ ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။

နောက် ဘာသာစကားသင်ကြားရေးအနေနဲ့ အင်္ဂလိပ် စာဘာသာစကား သင်ကြားတယ်ဆိုရင် တကယ့်ကို မိခင် ဘာသာစကားအဖြစ်ပြောဆိုနိုင်တဲ့ ဆရာ၊ ဆရာမတွေနဲ့ ဗီဒီယိုကနေ သင်ကြားပေးလို့ ရလာပါတယ်။ ကျွန်တော်တို့ လုပ်နေတဲ့ အစီအစဉ်တစ်ခုမှာဆိုရင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ Smart TV   သုံးပြီး ကျောင်း သင်ခန်းစာတွေကို လေ့လာနိုင်တဲ့ အနေအထားကို တွေ့ရ ပါတယ်။

နောက်တစ်ခုက Flip Classroom  နည်းလမ်းကို သုံးပါတယ်။ စာသင်တဲ့ကိစ္စကို   အိမ်မှာ  ဗီဒီယိုတွေနဲ့ ကြိုတင်ပြီးကြည့်ထားပါတယ်။ အတန်းထဲရောက်တဲ့အခါ ကျောင်းသား၊ ကျောင်းသူတွေ   အချင်းချင်းတိုင်ပင်ပြီး ဆရာ၊ ဆရာမတွေရဲ့ ကြည့်ရှုပေးမှုနဲ့ သူတို့ လေ့ကျင့်ခန်း တွေလုပ်ကြတဲ့  ပြောင်းပြန်စာသင်တဲ့စနစ်   ဒါမျိုးတွေ သုံးလာတာလည်း ရှိပါတယ်။

နောက်တစ်ခုက ဒစ်ဂျစ်တယ်သင်ရိုးနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်း၊ သင်ထောက်ကူရုပ်ပုံတွေကို အွန်လိုင်း ပေါ်တင်ထားပြီး    အလွယ်တကူအသုံးပြုနိုင်အောင် လုပ်ပေးနေတဲ့ လုပ်ငန်းတွေလည်းရှိပါတယ်။   ဒီလိုမျိုး တွေကို ကျောင်းတွေက အသုံးပြုပါတယ်။ နောက်အွန်လိုင်း စာကြည့်တိုက်တွေရှိပါတယ်။   နောက်ပြီး   အိမ်စာနဲ့ ကျောင်းသင်ခန်းစာတွေကို အွန်လိုင်းကနေ အတူတကွ ဆွေးနွေးတာတွေ၊ ပူးပေါင်းဆောင်ရွက်တာတွေ ဒါတွေ လည်း လုပ်လို့ရပါတယ်။ နောက်ဂိမ်းပုံစံ စိတ်လှုပ်ရှားဖွယ် ကောင်းအောင်   အမှတ်ပေးတာတွေ၊   အကဲဖြတ်တာ တွေ၊ လေ့ကျင့်ခန်းလုပ်တာတွေ လုပ်တာရှိပါတယ်။ ဒါကို Gamifying လို့ ခေါ်ပါတယ်။

နောက်တစ်ခုက  ဖုန်းထဲကနေ၊ Tablet   ထဲကနေ ဒါမှမဟုတ်   အထူးပြုလုပ်ထားတဲ့  မျက်မှန်ထဲကနေ ကြည့်လိုက်ရင် ကိုယ့်ရဲ့စားပွဲပေါ်ကို ပြတိုက်ထဲကပစ္စည်း တွေ၊ ရှားပါးပစ္စည်းတွေ ရောက်လာတာ၊   ရှားပါးနေရာ တစ်ခု ဥပမာ - အန္တာတိကတိုက်ကို ရောက်နေသကဲ့သို့ ကြည့်နိုင်တာ၊ ဒါမျိုးတွေလည်း  လုပ်လို့ရလာပါတယ်။ Augmented Reality (AR) နဲ့ Virtual Reality (VR) နည်းပညာတွေ အသုံးပြုတာဖြစ်ပါတယ်။

နောက်ပြီး သိပ္ပံစမ်းသပ်ချက်တွေဆိုရင် ကိုယ့်မျက်စိ ရှေ့မှာတင် ယုန်လေးတွေ၊ တိရစ္ဆာန်တွေ၊ လူတွေကို ပုံရိပ် တုနဲ့ ခွဲစိတ်တာမျိုး  လုပ်နိုင်ပါတယ်။   ဒါတွေကလည်း သင်ကြားရေးမှာ အများကြီးအထောက်အကူပြုပါတယ်။ နောက်တစ်ခုက   စာမေးပွဲအရည်အသွေးစစ်ဆေးတဲ့ အပိုင်းမှာ ဓမ္မဓိဋ္ဌာန် မေးခွန်းတွေကို ရုပ်သံတွေပါထည့်ပြီး မေးလို့ရလာပါတယ်။  ကျပန်းစနစ်နဲ့   တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ကြိမ်နဲ့တစ်ကြိမ်   မေးခွန်းတွေမတူ အောင်လုပ်ပြီးမေးတာ၊ အမှတ်တွေ ချက်ချင်းထုတ်ပေး တာတွေ၊ ဆရာတွေကလည်း ဒါတွေကို  အလွယ်တကူ ပြန်ပြီး စစ်ဆေးနိုင်အောင် လုပ်ထားတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။  ကိုဗစ် - ၁၉ ကြောင့်  ပြောင်းလဲသွားတဲ့အခြေနေအရ  ကျောင်းသား/ ကျောင်းသူတွေက အိမ်မှာနေပြီး   ဒစ်ဂျစ်တယ်   နည်း ပညာကို အသုံးပြုပညာသင်ကြားနိုင်မယ့် Online Lear-ning ရဲ့ အရေးပါပုံတွေကို တင်ပြပေးပါဦး။

ဒေါက်တာကျော်မိုးထွန်း။ ။  အရာရာမှာ   အကောင်းနဲ့အဆိုးဆိုတာ   ရှိပါတယ်။ အွန်လိုင်းကနေ လေ့လာသင်ယူတာတွေလုပ်တဲ့အခါ ကောင်းတဲ့အချက်တွေ အများကြီးရှိပါတယ်။ ကောင်းတဲ့ အမြင်နဲ့ ကျွန်တော် ပထမဦးစွာ ပြောပါမယ်။ ကျောင်းသား/ ကျောင်းသူတိုင်းက Online Learning လုပ်လာတဲ့အခါ ဘယ်နေရာရောက်ရောက် သူတို့ပိုပြီး လွယ်လွယ်ကူကူ လေ့လာသင်ယူလို့ရတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

ဒီခေတ်မှာ Personalized Learning လို့ ပြောကြ ပါတယ်။ ကိုယ်ရဲ့အချိန်၊ ကိုယ်အလုပ်လုပ်တဲ့ အချိန်သည် နံနက်ပိုင်း၊ ညနေပိုင်းမှာ အားတယ်ဆိုရင် ဗီဒီယိုတွေကို ညနေပိုင်းမှာကြည့်ပြီး သင်ယူလို့ရပါတယ်။ ကိုယ့်အတွက် အဆင်ပြေတဲ့အခြေအနေနဲ့ လေ့လာလို့ရတာကို Per-sonalized Education ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက် အတွက် ပိုပြီးအဆင်ပြေသွားတယ်။ ဒါတွေက Online Learning အတွက် ကောင်းတဲ့အချက်တစ်ခုပါ။

နောက်တစ်ခုက အွန်လိုင်းကနေ  လေ့လာသင်ယူ တာတွေ လုပ်နေရင်းနဲ့ ကျောင်းသား/ ကျောင်းသူတွေက Digital Literacy ဒစ်ဂျစ်တယ်နည်းပညာ သိနားလည်မှု တွေပါ ပိုပြီးတတ်ကျွမ်းသွားပါတယ်။ Platform တွေ၊ Software   တွေကို   ဘယ်လိုသုံးရမလဲဆိုတာ    သူတို့ ကိုယ်တိုင်ကြံဖန်စဉ်းစားပြီး  မသုံးမနေရသုံးလာရပြီဖြစ်တဲ့ အတွက် သုံးတတ်အောင်ကို လုပ်ရပါတယ်။ ကျွန်တော်တို့ လည်း အခုဆိုရင် Zoom နဲ့ ပြောနေရပါတယ်။ နည်းပညာ အခက်အခဲတွေဆိုရင်လည်း အကုန်လုံး တိုင်တိုင်ပင်ပင်နဲ့ ဖြေရှင်းကြရပါတယ်။

နောက်ထပ် Online Learning ရဲ့ကောင်းကျိုးတစ်ခုက ဈေးသက်သက်သာသာနဲ့ ပေးလာနိုင်တဲ့ပညာရေးမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အခုဆိုရင် ဖေ့စ်ဘွတ်ထဲမှာ အမြဲတမ်း တွေ့နေရတာတွေရှိပါတယ်။ Master Class တွေဆိုရင် ဆရာ/ဆရာမတွေနဲ့ သင်ကြားနိုင်ပြီဖြစ်ပါတယ်။ သင်ကြား ရေးမှာ ဆရာတွေရှာဖို့   လွယ်ကူတဲ့အခွင့်အလမ်းလည်း ဖြစ်ပါတယ်။

Online Learning ကို ရှေ့ဆက်သွားရင်းနဲ့ သေချာ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သွားရမှာတွေရှိပါတယ်။ ဥပမာ - ကျောင်းသား/ကျောင်းသူတွေက Online Lear-ning တို့၊ ဗီဒီယိုကွန်ဖရင့်တို့ လုပ်နေရင်းနဲ့  နည်းပညာ အားနည်းလို့ဖြစ်ဖြစ်၊    အင်တာနက်လိုင်းမကောင်းလို့ ဖြစ်ဖြစ် ဗီဒီယိုတွေကို ပိတ်ထားတာတွေ ရှိပါတယ်။

အဲဒီအခါ ဆရာတွေက ဗီဒီယိုတွေဖွင့်ဖို့၊ မပိတ်ထားဖို့ ဒီလိုမျိုးတွေကအစ ထိန်းထိန်းသိမ်းသိမ်းလုပ်ရတာတွေ ရှိပါတယ်။ တစ်ခါတလေကျရင်  ကျောင်းသားတွေက အွန်လိုင်းမှာလည်း ရှိနေတယ်။ ဗီဒီယိုကိုလည်း ဖွင့်ထား ပါတယ်။ ဒါပေမယ့် ဖေ့စ်ဘွတ်တွေ၊ Twitter တွေ သုံးနေ တယ်။ ဒါမျိုးတွေကျရင် ဆရာက  ကျောင်းသားနဲ့    ပိုပြီး ဆက်သွယ်နိုင်အောင်   Engagement     ပိုဖြစ်အောင် အမြဲတမ်းနည်းလမ်းတွေသုံးပြီး   ကျောင်းသားတွေကို ပညာရေးမနိမ့်ကျသွားအောင်   လုပ်ရတဲ့အပိုင်းတွေ ရှိပါ တယ်။                                           

အမျိုးသားပညာရေးအဆင့်အတန်းနှင့်    အရည် အသွေးအာမခံမှု  အကဲဖြတ်ရေးကော်မတီဆိုရင်   အခု ပညာရေးအဆင့်အတန်းနဲ့ အရည်အသွေးကိုစစ်ဆေးတဲ့ အခါ နံပါတ်စဉ် ၁၅ မှာ အချက်တစ်ခုအဖြစ် သူတို့စိစစ် သွားမယ်ဆိုတာ သိရပါတယ်။ ဒါတွေက ကောင်းတဲ့အချက် တွေပါ။ ဒီလိုမျိုးတွေလုပ်မှသာလျှင်    မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာတဲ့    ပုဂ္ဂလိကကျောင်းတွေမှာဖြစ်ဖြစ်၊ အစိုးရကျောင်းတွေမှာဖြစ်ဖြစ်     အရည်အသွေးရှိတဲ့ အွန်လိုင်းကနေ  လေ့လာသင်ယူမှု   Online  Learning တွေပေါ်လာမှာ ဖြစ်ပါတယ်။  ဒါကို   ကျွန်တော်တို့က ကြိုဆိုပါတယ်။  အဲဒီတော့   ကောင်းတာတွေရှိသလို၊ ဆိုးတာတွေလည်းရှိတဲ့အတွက် Online  Learning  ကို ပိုပြီးတိုးတက်အောင်လုပ်တဲ့အခါ နှစ်ဖက်စလုံးကို စဉ်းစား ပြီးလုပ်ဖို့လိုတယ်လို့ ကျွန်တော်ထင်ပါတယ်။

အစီအစဉ်မှူး။ ။  အခြေခံပညာရေး     ကဏ္ဍမှာ နည်းပညာအသုံးပြုလာမှုတွေနဲ့ ကျောင်းပြင်ပနဲ့ တစ်သက်တာပညာရေးကဏ္ဍမှာ ဒစ်ဂျစ် တယ်နည်းပညာကို အသုံးပြုခြင်းဖြင့် ရရှိလာမယ့်အကျိုး ကျေးဇူးတွေနဲ့ အခက်အခဲတွေက ဘယ်လိုတွေရှိနေသလဲ ဆိုတာကို ဆွေးနွေးပေးပါဦး။

ဦးအောင်ချစ်ခင်။ ။  ဒစ်ဂျစ်တယ်စီးပွားရေးလို့ဆိုတဲ့အတွက်   လုပ်ငန်းပိုင်းဆိုင်ရာ ကိုလည်း ပြောသွားပါမယ်။ အခြေခံပညာအဆင့်အတွက် နိုင်ငံတကာမှာ နာမည်ကြီးနေတာက   အခမဲ့သုံးနိုင်တဲ့ Khan Academy ဆိုတာရှိပါတယ်။ သူက အမြတ်အတွက် လုပ်ထားတဲ့အဖွဲ့အစည်းမဟုတ်ပါဘူး။ သုံးစွဲသူ သန်း ၇၀ လောက်ရှိပါတယ်။ နောက်ပြီး ပညာရေးဆိုင်ရာ နည်းပညာ ကုမ္ပဏီတွေထဲမှာ Yuanfudao ဆိုတဲ့    တရုတ်ကုမ္ပဏီ တစ်ခုဆိုရင် သုံးစွဲသူ သန်း ၄၀၀ ရှိပါတယ်။

နောက်ပြီး အိန္ဒိယနိုင်ငံက ထုတ်လုပ်တဲ့ Byju’s ဆိုတဲ့ Platform တစ်ခုလည်းရှိပါတယ်။ အဲဒီမှာ သုံးစွဲသူတွေ သန်း ၄၀ လောက် ရှိပါတယ်။ ပြောချင်တာက ပညာရေး နည်းပညာနဲ့ပတ်သက်ပြီး တစ်ဖက်မှာက   ကလေးတွေ၊ လူကြီးတွေ သင်ယူမှုအတွက် အထောက်အကူပြုနိုင်သလို တစ်ဖက်မှာလည်း ဝင်ငွေတွေရနိုင်တယ်ဆိုတဲ့    အနေ အထားရှိပါတယ်။

ကျွန်တော်တို့နိုင်ငံအနေနဲ့ အစိုးရကဏ္ဍက ဦးဆောင်ပြီး အခြေခံပညာဦးစီးဌာနက ဆောင်ရွက်နေတဲ့  DBE Box ဝက်ဘ်ဆိုက်တွေ၊ ပရောဂျက်တွေ ရှိပါတယ်။ ဆရာ/ ဆရာမတွေ၊ ကျောင်းသား/ ကျောင်းသူတွေ အသုံးပြုနိုင်အောင်၊ ဝက်ဘ်ဆိုက်ကနေ ဗီဒီယိုတွေကြည့်နိုင်အောင်၊   စာအုပ်တွေ ဖတ်နိုင်အောင်၊  ဖတ်စာအုပ်တွေ   လေ့လာ နိုင်အောင် တင်ပေးထားတာ တွေ့ရပါတယ်။ ကိုဗစ်ရောဂါ ဖြစ်တဲ့အချိန်မှာ အထူးအရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက် ထားတာကို တွေ့ရပါတယ်။ 

ကျောင်းသား၊   မိဘ၊   ဆရာ၊   အုပ်ချုပ်သူတွေကို ဆက်သွယ်နိုင်မယ့်   ကျောင်းအုပ်ချုပ်မှုစနစ်တွေကို အင်တာနက်အသုံးပြုပြီး ဆောင်ရွက်လို့ရအောင် လုပ်ထား တာတွေ့ပါတယ်။ Report Card တွေ၊  ကျောင်းခေါ်ချိန် စစ်နိုင်တာမျိုးတွေ လုပ်ပေးထားပါတယ်။ ပုဂ္ဂလိကကဏ္ဍ မှာ ကိုယ်ပိုင်ကျောင်းတွေက Moodle, Google Class-room, Class  Dojo စတဲ့ Learning   Management System သင်ယူမှု၊ စီမံခန့်ခွဲမှုစနစ်တွေကို   Zoom နဲ့ ချိတ်ဆက်ပြီး သင်ကြားနေကြတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ဗီဒီယိုသင်ခန်းစာတွေပါတဲ့  Waso Learn တို့၊ Concept X တို့ရှိပါတယ်။ နောက် AR နည်း ပညာနဲ့ ဂိမ်းပုံစံပေါင်းစပ်ထားတဲ့ 360ed ဆိုတာရှိနေပါပြီ။ မြန်မာနိုင်ငံက ကလေးတွေလေ့လာနိုင်တဲ့ ဗီဒီယိုတွေက တကယ်တမ်း You Tube မှာ   အများကြီးရှိနေပါတယ်။ ဒါတွေကို သက်ဆိုင်ရာအတန်းအလိုက် ရှာဖွေပြီး ကြည့်လို့ ရပါတယ်။ ပထဝီ၊  သမိုင်းသင်တဲ့အခါ   Google Earth, Google Map တွေကို အသုံးပြုပြီး နိုင်ငံတကာနဲ့ ပတ်သက် တာတွေ၊ မြေမျက်နှာသွင်ပြင်တွေကို လေ့လာလို့ရတာ တွေလည်း ရှိပါတယ်။

ဒစ်ဂျစ်တယ်နည်းပညာတွေသုံးတဲ့အခါ ကလေးတွေ အတွက် ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အတွက်   ကိုဗစ် ရောဂါ ပြီးသွားတဲ့အခါမှာလည်း ဆက်ပြီးအသုံးပြုသင့်တဲ့ ကိစ္စတွေဖြစ်ပါတယ်။ ကျောင်းပြင်ပနဲ့   တစ်သက်တာ ပညာရေးမှာ ဒစ်ဂျစ်တယ်က အများကြီးအကျိုးရှိပါတယ်။ အလုပ်ခွင်ထဲရောက်နေသူတွေက အချိန်ပေးပြီး သီးသန့် အတန်းတက်ဖို့ အခက်အခဲရှိတဲ့အတွက် အွန်လိုင်းကနေ အချိန်မရွေး၊ နေရာမရွေး စရိတ်သက်သာစွာနဲ့ သင်ယူလို့ ရပါတယ်။

အထူးသဖြင့် ကိုဗစ်ရောဂါအခြေအနေကြောင့် စီးပွား ရေးလုပ်ငန်းတွေ နှောင့်နှေးနေတဲ့အချိန်မှာ အလုပ်အကိုင် ပြောင်းလဲလုပ်ရတာတွေရှိနိုင်ပါတယ်။   ဒီလိုအချိန်မှာ ကျွမ်းကျင်မှုတွေ ပြန်ပြီးအဆင့်မြှင့်တာတွေ၊   မတူညီတဲ့ အလုပ်တွေကို  လုပ်နိုင်ဖို့အတွက်    အွန်လိုင်းသင်တန်း တွေက အရေးကြီးပါတယ်။ အခုခေတ်မှာ ပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်အောင် နည်းပညာတွေကို ကြုံသလို သင်သွားလို့ရအောင် Micro Credential  တွေ ရှိလာပါ တယ်။ ဘွဲ့တစ်ခုလိုမျိုး ၃/၄   နှစ်တက်ရတာမဟုတ်ဘဲ ရက်သတ္တပတ် ၂ ပတ်/ ၃ ပတ်နဲ့ ပြီးသွားတဲ့ ကျွမ်းကျင် အောင်သင်ယူရတဲ့   Nano  Degree လိုမျိုး  လက်မှတ် တွေလည်း  အွန်လိုင်းမှာ   အများကြီးရှိလာပါတယ်။  သက်မွေးပညာနဲ့    လုပ်ငန်းသုံးနည်းပညာတွေဆိုရင် အွန်လိုင်းကနေ လေ့လာလို့ရနေပြီဖြစ်ပါတယ်။

အွန်လိုင်းနည်းပညာတွေ အသုံးပြုခြင်းဖြင့် ကျွန်တော် တို့နိုင်ငံရဲ့ ပညာရေးကို    ဘယ်လိုအပြောင်းအလဲတွေ လုပ်နိုင်သလဲဆိုတာကို  နည်းနည်းပြောချင်ပါတယ်။ အဓိက ဆရာ/ ဆရာမ မလုံလောက်တဲ့ ဘာသာရပ်တွေမှာ အများကြီး အကူအညီဖြစ်သွားတယ်။ အစိုးရရဲ့ သင်ရိုး ထဲမှာလည်း တိုင်းရင်းသားဘာသာစကားတွေပါလာပြီဆိုတော့ တချို့နေရာတွေမှာ ဆရာ/ ဆရာမ မလုံလောက် တာတွေကိုလည်း အများကြီး အထောက်အကူပြုနိုင်လိမ့် မယ်လို့ထင်ပါတယ်။ နောက်ပြီး မလိုက်နိုင်တဲ့ကျောင်းသား တွေအတွက်လည်း သူဟာသူပြန်ပြီး အချိန်မရွေး နားလည် တဲ့အထိ ထပ်ခါထပ်ခါ ပြန်ပြီးလေ့လာလို့ရပါတယ်။

ဒီအတွက်ကြောင့်  ကျေးလက်နဲ့    မြို့ကြီးတွေ အကြားမှာ ကွာခြားချက်နည်းလာပြီး သင်ယူရတာ  ပိုပြီး ဘက်မျှလာမှာဖြစ်ပါတယ်။ ကလေးတွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားလာနိုင်မယ်။ ဥပမာ - ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေကို ကြည့်ရတာ နားထောင်ရတာမျိုး၊ ရုပ်သံ မြင်ရတာမျိုးတွေ၊ အရင်တုန်းက စာထဲမှာပါတဲ့ မြန်မာ့ ဆိုင်းဝိုင်းဆိုရင် မမြင်ရဘူး၊ အခုဆိုရင် တီးနေတာကို ပြလို့ ရပြီ၊ အသံလည်းကြားနိုင်တယ်။ အဲဒီအတွက် စာအုပ်တွေ ဖြန့်ရတာ သက်သာလာမယ်။ စရိတ်တွေ လျော့လာမယ်။

အရေးကြီးတဲ့  အချက်တစ်ချက်က    တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့စနစ်တွေ လုပ်လာနိုင်ရင် အချက်အလက်တွေ အများကြီးထွက်လာနိုင်တယ်။ ဘယ်ဒေသတွေက ဘယ် ဘာသာရပ်တွေမှာ အားနည်းမှုရှိနေတယ်။ ဘယ်လိုအခြေ အနေရှိနေတယ်ဆိုတာကို ကျောင်းသားတစ်ယောက်ချင်း အထိ  ရှာဖွေပြီး   သူ့ကို  ဘယ်လိုကူညီရမလဲဆိုတာမျိုး၊ အချက်အလက်တွေ ရရှိလာတဲ့အခါ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ပြီးတုံ့ပြန်တာတွေကို ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါ တယ်။

ဆရာတွေကို သင်တန်းပေးတဲ့အခါ အခုလို စရိတ်တွေ ကုန်၊ အချိန်တွေကုန်မဟုတ်ဘဲ  စဉ်ဆက်မပြတ်စနစ်နဲ့ တောက်လျှောက်   သင်တန်းတွေပေးလို့   ရတာမျိုးတွေ ရှိမယ်။ နွေရာသီကို စောင့်စရာမလိုတော့ဘူး။ ကျောင်းသား၊ မိဘ၊ ဆရာ ပူးပေါင်းမှုပိုကောင်းလာမယ်။ အရေးကြီးတာ တစ်ချက်က မသန်စွမ်းမှုတစ်ခုခုရှိနေတဲ့ ကျောင်းသား/ကျောင်းသူတွေအတွက် ဒစ်ဂျစ်တယ်သင်ယူမှုက အများ ကြီးအထောက်အကူပြုနိုင်ပါတယ်။     နေမကောင်းလို့ စာပြန်လေ့လာတာ၊ သွားလာမှုခက်ခဲတာ၊ အမြင်အာရုံ ချို့ယွင်းနေတဲ့သူတွေဆိုရင်  အသံတွေ နားထောင်လို့ရမယ်။ အကြားအာရုံချို့ယွင်းနေသူတွေကို စာတမ်းတွေ ထိုးပေး ထားမယ်ဆိုရင် သူတို့အတွက်လည်း   ညီမျှတဲ့သင်ယူမှု အခွင့်အရေးတွေ ရရှိလာမယ်။

အခက်အခဲတွေအနေနဲ့ အင်တာနက်သုံးစွဲသူတွေက မြန်မာနိုင်ငံမှာ ၂၂ သန်း ရှိပါတယ်။ ၂၂ သန်းဆိုတာ အိမ်တိုင်း နီးပါး အင်တာနက်ရှိနိုင်တယ်လို့ ပြောလို့ရပေမယ့် အချို့ ဒေသတွေမှာ အင်တာနက်ချိတ်ဆက်မရတာတွေ ရှိနေပါ တယ်။ နှေးနေတယ်၊ ပြတ်တောက်တာတွေ ရှိနေတယ်။ နောက်ပြီး ဒေတာခတွေက ကျွန်တော်တို့နိုင်ငံမှာ အတော် ဈေးကြီးနေပါတယ်။  အဲဒီတော့  သင်ယူမှုလုပ်တဲ့အခါ၊ ဗီဒီယိုတွေကြည့်တဲ့အခါ   ဒေတာကို   အလွန်သုံးရတာ ဖြစ်တဲ့အတွက် ထိရောက်ဖို့ဆိုရင် ဒါက  အဟန့်အတား တစ်ခုဖြစ်နေပါတယ်။

သူတို့မှာ Tablet ၊ ကွန်ပျူတာ၊ ဖုန်းတွေက ရှိနေတယ်။ ဒါပေမယ့် သုံးလောက်အောင် မကောင်းတာ၊ နှေးနေတာ တွေရှိတဲ့အတွက် ထိရောက်စွာ   မပါဝင်နိုင်တာတွေရှိပါ တယ်။  အရေးအကြီးဆုံးက   အင်္ဂလိပ်စာအားနည်းတာ ဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာရှိတဲ့ သင်ယူလို့ရတဲ့အရာ တော်တော်များများက   အင်္ဂလိပ်လိုဖြစ်နေတဲ့အတွက် အလောတကြီးလုပ်ရမှာက မြန်မာဘာသာနဲ့ သင်ယူနိုင်တဲ့ သင်ခန်းစာတွေကို ပြည်တွင်းလုပ်ငန်းရှင်တွေက အစိုးရနဲ့ ပူးပေါင်းပြီး ဖန်တီးနိုင်ဖို့  အရေးကြီးပါတယ်။    ဒါမှသာ ကျွန်တော်တို့  အွန်လိုင်းသင်ယူမှုရဲ့   အကျိုးကျေးဇူးကို ပိုပြီးခံစားရမှာ ဖြစ်ပါတယ်။

နောက်ပြီး နေသားမကျတာ၊ အချို့က မသုံးတတ်ဘူး ဆိုတာမျိုးတွေရှိပါတယ်။ ဒါကလည်း   စိတ်ဝင်စားရင် ဖေ့စ်ဘွတ်တွေ၊ Tiktok တွေ   သုံးနေကြတာဆိုတော့ စိတ်ပါရင်ဖြစ်လာမှာပါ။ ဒါတွေ   အကုန်လုံးက  နောက် ငါးနှစ်လောက်မှာ အဆင်ပြေသွားမယ်လို့ ယူဆပါတယ်။ ဒေတာဖိုးတွေ သက်သာလာမယ်၊   နည်းပညာတွေနဲ့ စက်ပစ္စည်းတွေက ပိုကောင်းလာမယ်၊ ပိုပေါပြီး လက်လှမ်း မီလာမယ်။ ဒီလိုအခြေအနေတွေ ရှိလာတယ်ဆိုရင် Online Education ရဲ့   အားသာချက်တွေကို   မြန်မာနိုင်ငံအနှံ့ ပြည်သူတိုင်းက ခံစားရမယ်လို့    ကျွန်တော်ယုံကြည်ပါတယ်။

ထက်လျှံ