ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀) ပြည့်မှသည်...
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀) ပြည့် ရာပြည့်အခမ်းအနားကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ ရန်ကုန်တက္ကသိုလ်ကြီးသည် ၁၉၆၂ ခုနှစ် မတိုင်မီက အမိမြန်မာနိုင်ငံတွင်သာမက အရှေ့တောင်အာရှနိုင်ငံ များတွင်ပါ နာမည်ကျော်လှသော တက္ကသိုလ်ကြီး (Flagship University/ Top University by Reputation) ဖြစ်ခဲ့ပါသည်။
အပြုသဘော ပြိုင်ဆိုင်ကြ
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၆ ရက်နေ့ ထုတ် The Voice နေ့စဉ်သတင်းစာ၊ အယ်ဒီတာအာဘော်တွင်လည်း ‘ရန်ကုန် တက္ကသိုလ်နှစ်တစ်ရာပြည့် အထိမ်းအမှတ်နှင့် ပတ်သက်၍ လွမ်းစရာ၊ သတိရစရာ အကြောင်းများ ရေးသားထားသည်ကို ဖတ်ရှု ရပါသည်။ တက္ကသိုလ်နှင့် ပတ်သက်၍လည်း မြန်မာ့ရုပ်ရှင်၊ ဗီဒီယိုဇာတ်လမ်း အများစုတွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အကြောင်းပုံဖော်ရာ၌ ကန်တင်းထိုင်ခြင်း၊ ဟာသများပြုလုပ်ပြောဆိုခြင်းများသာ များ ပြားလျက်ရှိပြီး ကျောင်းသား ကျောင်းသူ ဟောင်းများနှင့် အမှတ်တရတွေ့ဆုံမေးမြန်း မှုများတွင်လည်း တက္ကသိုလ်တက်စဉ် စာမည် မျှ ကြိုးစားရကြောင်း၊ စာဖတ်ရလွန်း၍ မည်ကဲ့သို့ စိတ်ပင်ပန်းခဲ့ရကြောင်း ပြန်ပြောပြ သူများက နည်းပါးလွန်းလှသည်’ အစရှိသဖြင့် ရေးသားထားသည်ကို တွေ့ရပါသည်။ ကျွန်တော်ကမူ ကျောင်းသား ကျောင်းသူ ဟောင်း၊ ဆရာကြီး ဆရာမကြီးများ၏ ကမ္ဘာ ကျော်နာမည်ကြီး သုတေသနတွေ့ရှိချက်များ ကို ယခုထက်ပို၍ ရေးသားဖော်ပြစေချင်ပါ သည်။ ကျွန်တော် စိုက်ပျိုးရေးပါရဂူဘွဲ့ သွားရောက်ပညာသင်ကြားခဲ့ရသော ဂျာမနီ နိုင်ငံတွင် မိမိတက္ကသိုလ် ကျောင်းသား/ သူ ဟောင်းများက နိုဘယ်ဆု (Noble Prize) ဘယ်နှစ်ဆုအထိ ဆွတ်ခူးပြီးပြီဟူ၍ တက္ကသိုလ်အလိုက် အပြုသဘော ပြိုင်ဆိုင်ကြ ပါသည် (Free and fair Competition)။
ပြန်လည်ရှင်သန်စေလို
ကျွန်တော်၏ဆန္ဒတွင် ရန်ကုန် တက္ကသိုလ်ကြီးကို အောက်စဖို့ဒ်ဆရာတော် ကြီး မိန့်ကြားသကဲ့သို့ ယခင်တုန်းက တက္ကသိုလ်ကြီးကဲ့သို့ ပြန်လည်ရှင်သန် တက်ကြွအောင်မြင်လာရန် (Revitalization) ဆောင်ရွက်စေလိုပါသည်။
ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံ၏ အဓိကကျသော၊ သမိုင်းအစဉ်အလာကြီးမား သော နိုင်ငံဂုဏ်ဆောင်တက္ကသိုလ်၊ စံနမူနာပြ တက္ကသိုလ်ဖြစ်နိုင်ရေးအတွက် ကိုယ်ပိုင် လွတ်လပ်စွာ စီမံခန့်ခွဲသည့် တက္ကသိုလ် (Autonomous University) ဖြစ်လာတော့မည် ဖြစ်ပါသည်။
ထိုအခါ တက္ကသိုလ်ကို သီးခြားအုပ်ချုပ်ရ သည့်အဖွဲ့အစည်း (Governing Body) ဖြစ် သည့် တက္ကသိုလ်ကောင်စီ (University Council) သည် အလွန်အရေးကြီးလာပါသည်။
ထိုအခါ တက္ကသိုလ်များကို အုပ်ချုပ်မှု၊ အုပ်ချုပ်ပုံ (University Governance) ဆို သည်မှာ တက္ကသိုလ်အဖွဲ့အစည်းများ တိုးတက်ကောင်းမွန်အောင် ကြီးကြပ်ကွပ်ကဲ ခြင်း ဖြစ်ပါသည်။ အဆင့်မြင့်ပညာသင် အစိုးရ၊ ပုဂ္ဂလိကတက္ကသိုလ် (Public and Private Universities)၊ ကောလိပ်များတွင် တက္ကသိုလ် အုပ်ချုပ်မှုအဖွဲ့ (University Council, Board of Governors, Board of Directors, Board of Trustee) စသည်ဖြင့် အမျိုးမျိုး ခေါ်ဝေါ်ကြပြီး အဖွဲ့၏ လုပ်ငန်း အခန်းကဏ္ဍမှာ တက္ကသိုလ်၏ -
၁။ နိစ္စဓူဝ၊ စီမံခန့်ခွဲမှု အတွေ့အကြုံများ၊ အကြံပြုချက်များ၊ ထောက်ခံချက် (Recom-mendation) အပေါ်မူတည်၍ အထူးတာဝန် (Mission) သို့မဟုတ် မဟာဗျူဟာမြောက် စီမံကိန်း (Strategic plan) ချမှတ်ရပါမည်။
၂။ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် များ၊ မဟာဌာနမှူး (Dean)၊ ပါမောက္ခ၊ ဌာနမှူးများ၏ လုပ်ရည်ကိုင်ရည် စွမ်းဆောင် နိုင်မှုများ (Performance) ကို စောင့်ကြည့်၊ မှတ်သား၊ စစ်ဆေးပေးခြင်း (Monitoring)၊ အကြံပြုပေးခြင်း (Consultation) ကို ပြုလုပ် ရပါမည်။
၃။ တစ်နှစ်စာ တက္ကသိုလ်အသုံးစရိတ် (Annual Budget) များကို စစ်ဆေး၊ အတည် ပြု (Approve) ပေးရပါမည်။
တစ်နည်းအားဖြင့် အုပ်ချုပ်မှုအဖွဲ့မှာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၏ နိစ္စဓူဝလုပ်ငန်းများကို တစ်လတန်သည်၊ နှစ်လတန်သည် ကောင်စီအစည်းအဝေး ခေါ်ယူ၍ ပညာရေးဝန်ကြီးဌာန ကိုယ်စား ထိန်းကျောင်း၊ ကြပ်မတ်ပေးသည့်နည်းစနစ် (Check-and-Balance) ကို ကျင့်သုံးသည့် စနစ်တခုဖြစ်ပါသည်။ ပါမောက္ခချုပ်၏ လုပ်ငန်းများကို ဝင်ရောက်စွက်ဖက်သည့်အဖွဲ့ မဟုတ်ပါ။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်
ကျွန်တော်သည် ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်း တစ်ယောက်မဟုတ်ပါ၊ သို့သော် ကျွန်တော်အပါအဝင် ပြည်သူ၊ ပြည်သားအားလုံးက ရန်ကုန်တက္ကသိုလ်ကြီး ကို ယခင်အောင်မြင်မှု၊ ကျော်ကြားမှုအတိုင်း ပြန်လည်ဖြစ်စေလိုပါသည်။ ရန်ကုန် တက္ကသိုလ်အပါအဝင် တက္ကသိုလ် ၁၆- ကျောင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ခွင့်ပြုပြီး ဖြစ်ရာ ကျွန်တော်၏ကိုယ်ပိုင်ဆန္ဒအနေဖြင့် လက်ရှိပါမောက္ခချုပ်နှင့်အတူ ရန်ကုန် တက္ကသိုလ် ကျောင်းသားဟောင်းများ၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဆရာ ဆရာမ ကြီးများ ပူးပေါင်း၍ -
၁။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ် (Autonomous University) ဖြစ်လာအောင် ယနေ့မှစ၍ နေ့ရက်၊ လအလိုက် စီမံချက်များ ဆွဲပြီး အမြန်ဆုံးအကောင်အထည်ဖော်စေချင် ပါသည်။
၂။ အတော်ဆုံး၊ အထူးချွန်ဆုံးဆိုသော ဆရာ ဆရာမများရရှိအောင် ရန်ကုန် တက္ကသိုလ်တွင် ပျော်ရွှင်စွာလာရောက် လုပ်ကိုင်နိုင်အောင် နည်းလမ်းမျိုးစုံ ကျင့်သုံးပြီး သမားရိုးကျရာထူးတိုးပေးမှု၊ အမြဲတမ်း ခန့်ထားပေးမှု (Permanent-Based Appointment System) ထက် တက္ကသိုလ် ပဋိညာဉ်စာတမ်း (University Charter) အရ တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည် စာချုပ် ချုပ်ဆိုကာ (Contract-Based Appoint-ment System) ဆရာ ဆရာမများ၏ စွမ်းရည်ကို စောင့်ကြည့်အကဲဖြတ်ပြီးမှ ဆက်လက်စာချုပ်ချုပ်ခန့်ထားမှုစနစ် ဆောင် ရွက်စေလိုပါသည်။ လူတော်များ လာရောက် လုပ်ချင်အောင် မက်လုံး၊ ဆွဲဆောင်မှု (Incentive) တော့ ရှိရမည်ထင်ပါ သည်။
၃။ ဘာသာရပ်ပေါင်းစုံ (နေ့သင်တန်း၊ အဝေးသင်စနစ်သစ်အပါအဝင်) သင်ကြားပေး သောတက္ကသိုလ် (Comprehensive Univer-sity) စနစ်ဖြစ်လာအောင် ကျင့်သုံးစေလိုပါ သည်။ ဥပမာ - သင်ရိုးညွှန်းတမ်းနှင့် သင်ကြား နည်းပညာ (Curriculum and Pedagogy/Teaching Methodology)၊ စီးပွားရေး လုပ်ငန်းပညာ (Business)၊ စီးပွားရေးစွန့်ဦးတီထွင်လုပ်ငန်းပညာ (Entrepreneurship)၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းပညာ(Tourism)၊ မိုးလေဝသပညာ (Meteorology/Climato-logy)၊ သုတေသန ပြုလုပ်ရန်အတွက် လိုအပ် သော စာရင်းအင်းပညာ (Statistics/Biome-trics/Econometrics) အစရှိသည့် ဌာန အသစ်များ (New Departments) တိုးချဲ့၍ သင်ကြား၊ သုတေသနပြုစေချင်ပါသည်။ ယဉ်ကျေးမှုတက္ကသိုလ်များကဲ့သို့ သတင်း (Journalism)၊ စာပေ၊ ဂီတ၊ အနုပညာ(Music)၊ အားကစား (Sports) အထူးပြုဘာသာများ၊ ဌာနများမှ ဘွဲ့ကြို၊ ဘွဲ့လွန် ဒီဂရီပေးနိုင်သည် အထိ တိုးချဲ့သင်ကြားပေးခြင်းဖြင့် မိမိ တက္ကသိုလ်မှပင် စာပေ၊ သတင်း ရေးသားမှု ထူးချွန်သူ၊ ဂီတပညာရှင်များ၊ နိုင်ငံကျော် အားကစားသမားများ ပေါ်ထွက်လာပါလိမ့် မည်။ ဤဌာနများရှိခြင်းအားဖြင့် ရန်ကုန် တက္ကသိုလ် ကျောင်းသား ကျောင်းသူ အားလုံး၏ အပန်းဖြေမှု (Recreation) ကို ဝါသနာအရ အပျော်တမ်းဘဝ (Hobby) မှ ကျွမ်းကျင်သက်မွေးပညာရှင် (Professional Musician/ Professional Journalist/Professional Player) အထိ တက်လှမ်းနိုင်ပါ လိမ့်မည်။
၄။ မြန်မာစာအသင်း၊ ဓာတုဗေဒအသင်း စသည်တို့အပြင် ဗဟိုရှိ ရန်ကုန်တက္ကသိုလ် ဘွဲ့ရကျောင်းသား ကျောင်းသူအားလုံး စုစည်း ထားသော ကျောင်းသား ကျောင်းသူဟောင်း များအသင်း (Yangon University Alumni Association) ကို အမြန်ဆုံးဖွဲ့စည်း၍ တက္ကသိုလ်ကြီးဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုစေလိုပါသည်။ ဤသည်မှာ မခက်ပါ ဘာသာရပ်ဆိုင်ရာ အသင်းဥက္ကဋ္ဌများ စု၍ အမြန်လုပ်လျှင် အမြန်ရပါမည်။ အသင်းကြီး ဥက္ကဋ္ဌမှာ ပြင်ပမှ ဘွဲ့ရကျောင်းသားဟောင်း၊ စီးပွားရေးလုပ်ငန်းရှင် ဖြစ်သင့်ပါသည်။
ကျွန်တော် မဟာစိုက်ပျိုးရေးပညာ တက်ရောက်ခဲ့သော သြစတြေးလျနိုင်ငံ ကွင်းစလန်တက္ကသိုလ် (University of Queensland) ရှိ ဘာသာရပ်ပေါင်းစုံ ကျောင်းသားဟောင်းများအသင်း (UQ Alumni) ၏ ထောက်ပံ့လှူဒါန်းရန်ပုံငွေ (Endowment) မှာ သြစတြေးလျဒေါ်လာ သန်း ၂၀၀ ကျော်ရှိပါသည်။ ထိုရန်ပုံငွေမှ ကျောင်းသားများ ပညာသင်ဆု (Scholar-ship)၊ သုတေသန အသုံးစရိတ်ရန်ပုံငွေ (Research Funds) စသည့် စုပေါင်းလှူဒါန်းမှုမှ သည် ကျောင်းသား ကျောင်းသူတစ်ဦးချင်း၏ အဆောက်အအုံ ဥပမာ - ဦးဖြူ၏ ဓာတုဗေဒ သုတေသနအဆောက်အအုံ (U Pyu's Research Building for Chemistry)၊ ဒေါ်နီ၏ စီးပွားရေးပညာဆိုင်ရာစာကြည့်တိုက် (Daw Ni's Library for Economics) စသည်ဖြင့် တစ်ဦးချင်းလှူဒါန်းမှု ပြုလာပါလိမ့်မည်။
၅။ ကျောင်းသား ကျောင်းသူများအားလုံး ၏အဆောင်နေရသောဘဝ (Hostel Life) ကို ပြန်ရစေချင်ပါသည်။ သို့မှသာ မိဘနှင့် ခွဲနေရ ပြီး ကျောင်းစာအပြင် အချင်းချင်း ခေါင်းဆောင်မှု စွမ်းရည် (Leadership Skills)၊ အဖွဲ့အစည်းနှင့် လုပ်နိုင်သောစွမ်းရည် (Teamwork Skills) တွေ တိုးတက်လာပါ လိမ့်မည်။ နိုင်ငံတကာနည်းတူ နိုင်ငံတော် အစိုးရမှ ပံ့ပိုးပေးသော အဆောင်များ (Government-own Dormitories) သာမက မိမိကိုယ်တိုင် ချက်ပြုတ်၊ ဝယ်ယူစားသုံးနိုင် သည့် အဆင့်အတန်းမီ၊ အရည်အသွေးမီ ပုဂ္ဂလိကအဆောင်များ (သင့်တော်သော ကုန်ကျစရိတ်တော့ ရှိပါလိမ့်မည်) (Private-own Self-Cooking/Non-Cooking Hostels/Halls) တက္ကသိုလ်အနီးတွင် ထားရှိကာ ကျောင်းသားအချင်းချင်း၊ ကျောင်းသူအချင်း ချင်း စုပေါင်းနေထိုင်ခြင်းဖြင့် မိမိကိုယ်တိုင် ယုံကြည်မှုရှိအောင် စီမံခန့်ခွဲနိုင်သော စွမ်းရည်များ ပေါ်ထွန်းလာပါလိမ့်မည်။ အစိုးရ၊ ပုဂ္ဂလိက ပူးတွဲအကောင်အထည် ဖော်မှု (Public-Private Partnership) ကိုလည်း လုပ်ဆောင်ရပါလိမ့်မည်။ မလိုလားအပ်သော ဘတ်စ်ကားပေါ်တွင် အချိန်များစွာ ကုန်နေမှုကိုလည်း လျှော့ချ နိုင်ပါလိမ့်မည်။
မလွဲဧကန်ဖြစ်
ဤသည်မှာ ကျွန်တော်တစ်ဦးတည်း၏ ကိုယ်ပိုင်အမြင်သာ ဖြစ်ပါသည်။ ကျောင်း သား/ သူဟောင်းများ၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ အတွေ့အကြုံကောင်း၊ အကြံဉာဏ်ကောင်းများဖြင့် ဆုံးဖြတ်ချက် မှန်မှန် ဆောင်ရွက်ပါက ရန်ကုန် တက္ကသိုလ်ကြီး ယခင်ကကဲ့သို့ အောင်မြင် ကျော်ကြားလာမည်မှာ မလွဲဧကန်ဖြစ်ပါ သည်။ ။
ဒေါက်တာမျိုးကြွယ်(ဆင်ပေါင်ဝဲ)

စာရေးသူ၏ ကိုယ်ရေးအကျဉ်း
- အမည်ရင်း ဒေါက်တာမျိုးကြွယ် ဖြစ် သည်။
- ပြည်မြို့တွင် မွေးဖွားခဲ့သည်။
- မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်၊ ဇောင်ချမ်းတောင် ရွာ၌ မူလတန်း ကို လည်းကောင်း၊ ဆင်ပေါင်ဝဲမြို့ အထက်တန်းကျောင်း၌ နဝမတန်း အထိလည်းကောင်း တက်ရောက်ခဲ့ သည်။
- မကွေးမြို့ အထက (၁) မှ တက္ကသိုလ် ဝင်တန်းကို ၁၉၇၄-ခုနှစ်တွင် အောင်မြင်ခဲ့ပြီး ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ စိုက်ပျိုးရေးပညာဘွဲ့ (B.Ag) ကို ၁၉၇၉ ခုနှစ် တွင် ရရှိခဲ့ သည်။ ထို့နောက် ယင်းတက္ကသိုလ် လယ်ယာသီးနှံဌာန (Agronomy Department) ၌ ဘွဲ့ရပြီးသည့်နှစ် ၁၉၇၉-ခုနှစ်၊ အောက်တိုဘာလ မှစတင်၍ သရုပ်ပြ၊ လက်ထောက် ကထိက၊ ကထိက၊ တွဲဖက် ပါမောက္ခ၊ ပါမောက္ခ (ကျောင်းအုပ်ကြီး) ညောင်ပင်သာနှင့် မှော်ဘီနယ်မြေ၊ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၊ ပါမောက္ခချုပ်အဖြစ် အနှစ် ၄၀-နီးပါး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် အလုပ်တာဝန်ထမ်းဆောင်ခဲ့သည်။
- ၁၉၈၉ ခုနှစ်တွင် ဩစတြေးလျနိုင်ငံ ကွင်းစလန်တက္ကသိုလ် (University of Queensland) မှ မဟာစိုက်ပျိုးရေး သိပ္ပံပညာဘွဲ့ အပူပိုင်းသီးနှံသိပ္ပံအထူး ပြုဘာသာရပ် (M.Agr.St. - Tropical Crop Science) ကို လည်းကောင်း၊ ၂၀၀၆ ခုနှစ်တွင် ဂျာမနီနိုင်ငံ ကတ် ဆယ်တက္ကသိုလ် (University of Kassel) မှ ပါရဂူဘွဲ့ (Dr.Agri. – Agronomy) လယ်ယာသီးနှံ အထူး ပြုဘာသာရပ်ကို လည်းကောင်း ဆွတ်ခူးရရှိခဲ့သည်။
- ၂၀၁၈-ခုနှစ် ဇူလိုင်လတွင် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် အဖြစ်မှ အငြိမ်းစားယူခဲ့ပြီး၊ ယခု အမျိုးသားပညာရေး မူဝါဒကော်မရှင် (National Education Policy Commission – NEPC) ရန်ကုန်မြို့ တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထမ်း ဆောင်လျက်ရှိပါသည်။