Skip to main content

တရားဝင်လမ်းကြောင်းကနေ ငွေကြေးစီးဆင်းမှုတွေဟာ ဘဏ်အချင်းချင်း နိုင်ငံခြားငွေကြေး ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှု၊နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်အကျကြီးမားတာကို လျော့နည်းစေမှုနဲ့ တိုင်းပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပါတယ်

တရားဝင်လမ်းကြောင်းကနေ ငွေကြေးစီးဆင်းမှုတွေဟာ ဘဏ်အချင်းချင်း နိုင်ငံခြားငွေကြေး ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်အကျကြီးမားတာကို လျော့နည်းစေမှုနဲ့ တိုင်းပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုပါတယ်

ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်းအား ပြည်ပငွေလွှဲလုပ်ငန်း၊ ပြည်ပငွေလွှဲလိုင်စင်ကိစ္စတို့နှင့်ပတ်သက်၍ ယနေ့တွင် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည် -

မေး။ ပြည်ပငွေလွှဲလုပ်ငန်းကို အရင်က ဘယ်လို

လုပ်ဆောင်ခဲ့ပါသလဲ။ အခုမှ ပထမဆုံး ခွင့်ပြု‌ ပေးခဲ့တာလားဆိုတာလေး သိချင်ပါတယ်။

ဖြေ။ ၂၀၁၂ ခုနှစ် ဩဂုတ်လမှာ ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၅

ခုနှစ် ဒီဇင်ဘာလမှာ ပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှုဥပဒေ အခန်း(၃)အရ နိုင်ငံဖြတ်ကျော်ပြီး ငွေလွှဲလုပ်ငန်း လုပ်ကိုင်ခြင်းကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းလိုင်စင်ရရှိတဲ့ ဘဏ်တွေကနေတစ်ဆင့် ဆောင်ရွက်နိုင်ပါတယ်။ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ယနေ့အထိ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းလိုင်စင် (AD လိုင်စင်) ကို ပြည်တွင်းဘဏ် ၂၄ ဘဏ်နဲ့ နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ခုကို ထုတ်ပေးထားပါတယ်။

ဥပဒေအရ အဲဒီဘဏ်တွေက နိုင်ငံဖြတ်ကျော်ငွေလွှဲ လုပ်ငန်း (Remittance Business) ကို ဆောင်ရွက်နိုင်ပါ တယ်။ ဒါ့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က Western Union ၊ Money Gram တို့လို နိုင်ငံတကာငွေလွှဲကုမ္ပဏီတွေနဲ့ အထက်ကပြောခဲ့တဲ့ AD လိုင်စင်ရဘဏ်တွေ ပူးပေါင်းပြီး ပြည်ပကနေ မြန်မာနိုင်ငံအတွင်းကို ငွေလွှဲပေးပို့ခြင်းနဲ့ ပြည်တွင်းကနေ ပြည်ပကို ငွေလွှဲပေး ပို့ခြင်းကို ဆောင်ရွက် ခွင့်ပြုထားပါတယ်။ ဒီနေ့အထိ ငွေလွှဲကုမ္ပဏီ ၁၃ ခုကို ဘဏ် ၁၄ ဘဏ်နဲ့ ပူးပေါင်းဆောင် ရွက်ခွင့်ပြုထားပါတယ်။ အခုတင်ပြခဲ့တဲ့ ငွေလွှဲလုပ်ငန်းတွေကတော့ ဘဏ်ကနေ တစ်ဆင့်သော်လည်းကောင်း၊ ဘဏ်နဲ့ ချိတ်ဆက် ထားတဲ့ ငွေလွှဲကုမ္ပဏီတွေနဲ့သော်လည်းကောင်း ပြည်ပငွေလွှဲ လုပ်ငန်းကို ဆောင်ရွက်နေကြောင်း တင်ပြခြင်းဖြစ် ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံနဲ့ ပြည်ပနိုင်ငံတွေအကြား အထူးသဖြင့် စင်ကာပူ၊ ထိုင်း၊ မလေးရှားနိုင်ငံတို့အကြား တရားမဝင်ငွေလွှဲ (ဟွန်ဒီ) လုပ်ငန်းတွေလည်းရှိပါတယ်။ အဓိကအားဖြင့်တော့ ကုန်သွယ်မှုမှာ ကုန်တန်ဖိုးကိုအမှန် မဖော်ပြဘဲ တန်ဖိုးပိုပြခြင်း၊ တန်ဖိုးလျှော့ပြခြင်းတွေ ပြုလုပ် ပြီး ပိုငွေ၊ လိုငွေကို ပေးပို့တာတွေ၊ ပြည်ပနိုင်ငံတွေမှာရှိတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာတွေကို လွှဲပို့တာ၊ ဆေးကုသစရိတ်၊ ပညာသင်စရိတ် စတာတွေအတွက် ငွေလွှဲ တွေ ဆောင်ရွက်တာကို ဟွန်ဒီလမ်းကြောင်းကနေတစ်ဆင့် ဆောင်ရွက်လျက်ရှိပါတယ်။

ဒီနေရာမှာ ဆက်စပ်ဆွေးနွေးလိုတာက ကမ္ဘာနဲ့အဝန်း နိုင်ငံတကာအစိုးရတွေ ပါဝင်ဖွဲ့စည်းထားတဲ့ငွေကြေးဆိုင်ရာ အရေးယူ ဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force – FATF) ဆိုတာရှိပါတယ်။ ဒီအဖွဲ့အစည်းက ငွေကြေး ခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေးမှာ နိုင်ငံတကာစံတွေ သတ်မှတ်တဲ့ အဖွဲ့အစည်းဖြစ် ပါတယ်။ ဌာနချုပ်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ရှိပါတယ်။

တရားမဝင်ငွေလွှဲ (ဟွန်ဒီ) လုပ်ငန်းတွေမှာ တရားဝင် ဘဏ်လမ်းကြောင်းကို အသုံးပြုပြီး ငွေလွှဲပြောင်းရာမှာ တင်ပြရတဲ့ စာရွက်စာတမ်းတွေတင်ပြဖို့မလိုဘဲ ငွေလွှဲ ပြောင်းခြင်းကို အလွယ်တကူပြုလုပ်နိုင်တဲ့အတွက် ဟွန်ဒီ ကို အများအပြား အသုံးပြုလာကြပါတယ်။ အထူးသဖြင့် ကုန်သွယ်မှုမှရငွေ၊ ပို့ကုန်ရငွေကို မြန်မာနိုင်ငံအတွင်းကို ပြန်လည်လွှဲပြောင်းခြင်း မရှိသည့်အပြင် သွင်းကုန်အတွက် ပေးချေမှုတွေကိုလည်း ဘဏ်လမ်းကြောင်းကို အသုံးမပြုဘဲ တရားမဝင်ငွေလွှဲပြောင်းစနစ်ဖြင့် ပေးချေကြတာ၊ အဓိက အားဖြင့် နိုင်ငံခြားမှာထားရှိတဲ့ ပို့ကုန်ရငွေတွေကနေ ပေးချေမှုတွေကို ပြုလုပ်တာတွေကြောင့် တရားမဝင် ငွေကြေး စီးဆင်းမှုများ အလွန်များပြားလာခဲ့ပါတယ်။

ငွေရေးကြေးရေးဆိုင်ရာ အရေးယူဆောင်ရွက်ရေး အဖွဲ့(FATF)ရဲ့ ဒေသဆိုင်ရာ ပုံစံတူအဖွဲ့အစည်းဖြစ်တဲ့ အာရှပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (The Asia/Pacific Group on Money Laundering - APG) ရဲ့ (၂၁) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးမှာ မြန်မာ နိုင်ငံမှာ တရားမဝင်နည်းလမ်းနဲ့ရရှိတဲ့ ငွေကြေးစီးဆင်းမှု (illicit flow) ဟာ တရားဝင်ငွေကြေးစီးဆင်းမှု (licit flow) ထက် လေးဆခန့်များပြားကြောင်း ဆွေးနွေးထောက်ပြခဲ့ ပါတယ်။ ဒါ့အပြင် APG ရဲ့ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံအပေါ် စိစစ်သုံးသပ်ချက်အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ယခုလို တရားမဝင် ငွေကြေးစီးဆင်းမှုတွေကို ထိန်းချုပ်နိုင်မှုအားနည်းတယ်လို့ အကဲဖြတ်ခံထားရပါတယ်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှာ ပြုလုပ်တဲ့ FATF ရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ အဲဒီအချက်အပါအဝင် ချို့ယွင်းအားနည်းချက် တွေကြောင့် မြန်မာနိုင်ငံကို ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးမှာ အားနည်းချက်တွေရှိလို့ စောင့်ကြပ်ကြည့်ရှုရမယ့် နိုင်ငံစာရင်းမှာ ထည့်သွင်းပြီး FATF က သူ့ရဲ့ Public Statement မှာ ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ အဲဒီစာရင်းကို တစ်နည်းအားဖြင့် Grey List ဟု ခေါ်ပြီး အဲဒီစာရင်းမှာပါဝင်ရင် မြန်မာနိုင်ငံကို ဝင်ရောက်ဖို့ ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဘဏ်လုပ်ငန်းဆောင်ရွက်ချက် တွေအပေါ် အနုတ်လက္ခဏာသက်ရောက်မှုတွေ ရှိပါတယ်။

မြန်မာနိုင်ငံကို ၂၀၁၁ ခုနှစ်မှာ Grey List အတွင်းကို ပထမအကြိမ်ထည့်သွင်းခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ယင်းစာရင်း က‌နေ ပယ်ဖျက်ခဲ့ ပါတယ်။ Grey List ကနေ ပယ်ဖျက်ခြင်း ခံခဲ့ရတဲ့ ၂၀၁၆ ခုနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) အများဆုံးဝင်ရောက် တဲ့နှစ်ဖြစ်ပါတယ်။ ပထမအကြိမ် Grey List အတွင်း ရောက်ရှိတုံးက ခြောက်နှစ်ကြာခဲ့ပြီး၊ Grey List ထဲကို ထည့်သွင်းခံရ ပြီးတဲ့နောက် ပြန်ထွက်ဖို့ အချိန် များစွာ ကြာမြင့်ပါတယ်။ အဲဒီလို စာရင်းဝင်ခြင်းဟာ စီးပွားရေးလုပ်ငန်းတွေအပေါ် အနုတ်လက္ခဏာသက်ရောက် မှုတွေရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူမပြုပါဘူး။

အဲဒီအချက်တွေအရ တရားမဝင်ငွေကြေးစီးဆင်းမှု လျော့နည်းစေဖို့အတွက် အခု နိုဝင်ဘာလ ၁၈ ရက်နေ့က ပြည်ပငွေ လွှဲလုပ်ငန်းလိုင်စင်ငါးခုကို ပထမဦးဆုံးအကြိမ် ထုတ်ပေးခဲ့ပါတယ်။

မေး။ ပြည်ပငွေလွှဲလိုင်စင်ကို ပထမဆုံးအနေနဲ့ ကုမ္ပဏီဘယ်နှခုကို ခွင့်ပြုပေးခဲ့သလဲ။ ဘယ်လို ရည်ရွယ် ချက်နဲ့ ခွင့်ပြုခဲ့ပါသလဲ။

ဖြေ။ အထက်မှာ ဆွေးနွေးခဲ့တဲ့အတိုင်း ပြည်ပငွေလွှဲ

လုပ်ငန်းလိုင်စင်ကို ကုမ္ပဏီငါးခုဖြစ်တဲ့ (၁) Ok Zune Co., Ltd (၂) 2C2P Plus (Myanmar) Co., Ltd (၃) Wakhema Trading Co., Ltd (၄) Top Shine General Services Co., Ltd နဲ့ (၅) OKM Global Remittance Co., Ltd တို့ကို ထုတ်ပေးခဲ့ပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ ခွင့်ပြုခဲ့သလဲဆိုတာကို ဆက်လက်ဆွေးနွေးပါမယ်။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ ပုဒ်မ ၃၂ ၊ ပုဒ်မခွဲ(က) နှင့် ပုဒ်မ ၄၉၊ ပုဒ်မခွဲ(က) တို့အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြည်ပငွေလွှဲလုပ်ငန်း (Money Remittance Services or Money Value Transfer – MVT) ကို မြန်မာနိုင်ငံမှာ ဖွဲ့စည်း တည်ထောင်ထားတဲ့ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပြုဖို့ အတွက် “ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်း ဆိုင်ရာစည်းမျဉ်း”ကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘော တူညီချက်နဲ့ ၁၅-၁၁-၂၀၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါ တယ်။ ပြည်ပငွေလွှဲလုပ်ငန်း တစ်နည်းအားဖြင့် နိုင်ငံ ဖြတ်ကျော်ငွေလွှဲခြင်းလုပ်ငန်းကို ဗဟိုဘဏ်က ထုတ်ပြန်တဲ့ စည်းမျဉ်းမှာ ပြည်ပငွေလွှဲလုပ်ငန်း (Remittance business) လို့ သုံးနှုန်းထားပြီး၊ အဲဒီလုပ်ငန်းကို တရားမဝင် ဆောင်ရွက်ခြင်းကို Hundi/ Hawala လို့ သုံးနှုန်းပါတယ်။

အထက်မှာ ဆွေးနွေးခဲ့တဲ့အတိုင်း FATF က နိုင်ငံ အများ လိုက်နာဆောင်ရွက်ဖို့ စံသတ်မှတ်ချက် (ဒီနေရာမှာ အကြံပြုချက် လို့ဆိုပါတယ်။) တွေ ထုတ်ပြန်ထားပြီး အဲဒီ စံသတ်မှတ်ချက်တွေကတော့ အကြံပြုချက် ၄၀ ဖြစ်ပါတယ်။ အဲဒီအကြံပြုချက် ၄၀ ကို ၂၀၁၉ ခုနှစ်မှာ update ပြုလုပ် ခဲ့ပြီး ကမ္ဘာ့နိုင်ငံအားလုံးက လိုက်နာရမယ့် အကြံပြုချက်ဖြစ် ပါတယ်။ အဲဒီ အကြံပြုချက် ၄၀ ရဲ့ အမှတ်စဉ် ၁၄ ကတော့ Money or Value Transfer Services (MVTs) ဖြစ်ပြီး ငွေကြေး သို့မဟုတ် တန်ဖိုးကို လွှဲပြောင်းတဲ့လုပ်ငန်း ဖြစ်ပါ တယ်။ အထက်ပါ ပြည်ပငွေလွှဲလုပ်ငန်းကို FATF ရဲ့ အသုံး အနှုန်းမှာ MVTs ဖြစ်ပြီး အဆိုပါ လုပ်ငန်းဆောင်ရွက်သူတွေကို MVTs provider လို့ ရည်ညွှန်းသုံးနှုန်းပါတယ်။ MVTs ဟာ နိုင်ငံဖြတ်ကျော်ငွေလွှဲပြောင်း ဆောင်ရွက်ရာမှာ (အထူး သဖြင့် ရွှေ့ပြောင်းလုပ်သားတွေက မိခင်နိုင်ငံကို ပြန်လည် လွှဲပြောင်းရာမှာ အများဆုံးအသုံးပြု ပါတယ်။) ကုန်ကျစရိတ် အသက်သာဆုံး၊ အလျင်မြန်ဆုံး ငွေလွှဲရောက်ရှိတဲ့ နည်းလမ်းဖြစ်တဲ့အတွက် အခြေခံလူတန်းစားတွေ အများဆုံး အသုံးပြုကြပါတယ်။

ရွှေ့ပြောင်းလုပ်သား အများအပြားရှိတဲ့နိုင်ငံတွေ အနေနဲ့ အထူးအားပေးဆောင်ရွက်နေတဲ့ လုပ်ငန်းဖြစ်ပါ တယ်။ ဒါပေမယ့် အဲဒီအချက်ကို အခွင့်ကောင်းယူပြီး ငွေကြေးခဝါချမှု (ML) နဲ့ အကြမ်းဖက်ငွေကြေးထောက်ပံ့မှု (TF) အန္တရာယ်ဆုံးရှုံးနိုင်ခြေ ကြီးမားတာကြောင့် FATF က သူ့ရဲ့ အကြံပြုချက် (၄၀) ရဲ့ အကြံပြုချက် ၁၄ “Money or Value Transfer Services” မှာ နိုင်ငံတွေအနေနဲ့ MVTs provider တွေကို လိုင်စင် သို့မဟုတ် မှတ်ပုံတင်ခြင်း ဆောင်ရွက်ဖို့၊ အဲဒီလို လိုင်စင် သို့မဟုတ် မှတ်ပုံတင်ထား ခြင်းမရှိတဲ့ တရားမဝင်လုပ်ငန်းတွေကို သတ်မှတ်ဖော်ထုတ် အရေးယူဖို့၊ လိုင်စင် သို့မဟုတ် မှတ်ပုံတင်ထားပြီးတဲ့ လုပ်ငန်း တွေကို သေချာကြပ်မတ်ကွပ်ကဲဖို့ ဆောင်ရွက်ရန် အကြံပြု ထားပါတယ်။

မြန်မာနိုင်ငံဟာ FATF ရဲ့ ပုံစံတူဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်တဲ့ APG ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် သူ့ရဲ့ နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်ခြင်း (Mutual Evaluation) ဒုတိယအကြိမ်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတို့မှာ ခံယူခဲ့ရပြီး Mutual Evaluation Report (MER) ကို ၂၀၁၈ ခုနှစ်မှာ အတည်ပြုခဲ့ပါတယ်။ အဲဒီ MER မှာ အကြံပြုချက် ၁၄ ပါ အချက်တွေကို မြန်မာနိုင်ငံအနေနဲ့ လိုက်နာအကောင်အထည်ဖော်မှု အားနည်းတာကြောင့် အကြံပြုချက် ၁၄ မှာ မြန်မာနိုင်ငံက Non-compliant (NC) ရရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ် စက်တင်ဘာလ (MER adopted) ကနေ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း တိုးတက်ဆောင်ရွက်မှုတွေ ကြောင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ တရုတ်နိုင်ငံ ပေကျင်း မြို့မှာပြုလုပ်တဲ့ APG Joint Group (APJG) meeting အပြီးမှာ မြန်မာနိုင်ငံက တိုးတက်ဆောင်ရွက်ရမယ့် Action Plan ၁၃ ချက်အနက် MVTs နဲ့ ပတ်သက်တဲ့ အချက်က “Demonstrate the implementation of the regulation related to hundi/ hawala providers, including outreach registration and supervision” ဖြစ်ပါတယ်။ အကောင်အထည်ဖော်ရမယ့် Deadline မှာ ၂၀၂၁ ခုနှစ် မေလဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လမှာ APG က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံအတွက် ဒုတိယအကြိမ် နောက်ဆက်တွဲအစီရင်ခံစာမှာ အကြံပြုချက် ၁၄ ကို တစ်စိတ်တစ်ပိုင်းလိုက်နာခြင်း (partially compliant – PC) အဖြစ် အဆင့်တိုးတက်ရရှိခဲ့ပါတယ်။

အထက်မှာ ဆွေးနွေးခဲ့တဲ့အတိုင်း မြန်မာနိုင်ငံအနေနဲ့ ပြည်ပငွေလွှဲလုပ်ငန်းများကို တရားဝင်လိုင်စင်ထုတ်ပေးဖို့လိုအပ်လာပြီး တရားမဝင်ငွေလွှဲလုပ်ငန်းများကို အသုံးပြုပြီး ငွေကြေး စီးဝင်၊ စီးထွက်ခြင်းများ လျော့နည်းလာစေဖို့နဲ့ တရားဝင်ငွေလွှဲလုပ် ငန်းများ ပေါ်ပေါက်ထွန်းကားလာစေဖို့ ရည်ရွယ်ပြီး အခုလို စည်းမျဉ်းများပြဋ္ဌာန်းပြီး ပြည်ပငွေလွှဲ လုပ်ငန်းလိုင်စင်ကို ထုတ်ပေးခြင်းဖြစ်ပါတယ်။

တရားမဝင်ငွေလွှဲလမ်းကြောင်းကို အသုံးပြုတာ နည်းပါးလာပြီး ဘဏ်နဲ့အခုလိုင်စင် ထုတ်ပေးလိုက်တဲ့ ကုမ္ပဏီတွေကနေ တစ်ဆင့် ငွေလွှဲပြောင်းဆောင်ရွက်တဲ့ တရားဝင်လမ်းကြောင်း တိုးတက်အသုံးပြုလာရင် ဘဏ်လုပ်ငန်းစနစ်ထဲကို ငွေများစီး ဝင်လာမှာဖြစ်ပါတယ်။ ဒီလိုစီးဝင်လာတဲ့ငွေတွေဟာ တရားဝင်ငွေကြေးတွေဖြစ် လို့ နိုင်ငံအပေါ် FATF လို အပြည်ပြည်ဆိုင်ရာ စံသတ်မှတ် သည့်အဖွဲ့အစည်းတွေရဲ့ သုံးသပ်အကဲဖြတ်ချက်များ တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။

တရားဝင်ငွေကြေးတွေ စီးဝင်လာတာဟာ နိုင်ငံရဲ့ နိုင်ငံခြားငွေကြေးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူ ပြုပါတယ်။ ကျွန်မအနေနဲ့ ဆက်လက်ပြီး တော့ ဘဏ်အချင်းချင်း နိုင်ငံခြားငွေကြေးဈေးကွက် (Interbank Foreign Exchange Market) အကြောင်း အနည်းငယ် ဖြည့်စွက်ဆွေးနွေးလိုပါတယ်။

ဘဏ်အချင်းချင်း နိုင်ငံခြားငွေကြေးဈေးကွက် (Interbank Foreign Exchange Market) ကို ၂၀၁၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး နိုင်ငံခြားသုံးငွေတွေ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းလိုင်စင်(AD) ရရှိတဲ့ ဘဏ် (၃၇) ဘဏ်က ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ Interbank Foreign Exchange Market မှာ ဘဏ်အချင်းချင်း ရောင်းဝယ်တဲ့ဈေးကွက် (Interbank Market) နဲ့ ဘဏ်နဲ့ customer တွေအကြား ရောင်းဝယ်တဲ့ ဈေးကွက် (Bank-Customer Market)ဆိုပြီး နှစ်ပိုင်းရှိပါ တယ်။ စတင်တည်ထောင်တဲ့ ၂၀၁၃ ခုနှစ်မှာ ဘဏ် အချင်းချင်း နိုင်ငံခြားငွေကြေးဈေးကွက်ရဲ့ ရောင်းဝယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၄၅ သန်းသာ ရှိခဲ့ရာကနေ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ဘီလီယံ အထိ ရောင်းဝယ်မှုပမာဏ တိုးတက်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် မှာတော့ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလီယံအထိ ရှိနေပြီဖြစ်ပါတယ်။ အခုလို ဘဏ်အချင်းချင်းနိုင်ငံခြားငွေကြေးဈေးကွက် ဖွံ့ဖြိုးတိုးတက်လာခြင်းဟာ တရားမဝင် လမ်းကြောင်းကနေ ငွေများတရားဝင်လမ်းကြောင်းကို ဝင်ရောက်လာလို့ဖြစ်ပါတယ်။ အလွန်ကောင်းမွန်တဲ့အချက် ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မတင်ပြလိုတာက တရားဝင်လမ်း ကြောင်းကနေ ငွေကြေးစီးဆင်းမှုတွေဟာ ဘဏ်အချင်းချင်း နိုင်ငံခြားငွေကြေး ဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုပြီး အဲဒီကနေတစ်ဆင့် နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်အကျကြီးမားတာကို လျော့နည်းစေပါတယ်။ အဲဒီ အချက်တွေက တိုင်းပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လည်း အထောက်အကူပြုပါတယ်။

မေး။ ပြည်ပငွေလွှဲလိုင်စင်ခွင့်ပြုပေးခဲ့တဲ့ ကုမ္ပဏီတွေအနေနဲ့ ဘယ်တော့စပြီး လုပ်ငန်းလည်ပတ်ရမလဲ။ တစ်ကြိမ်ငွေလွှဲခွင့် အနည်းဆုံးနဲ့ အများဆုံးက ဘယ်လောက် သတ်မှတ်ထားပါသလဲ။

ဖြေ။ ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာစည်းမျဉ်းအရ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင် ထုတ်ပေးတဲ့နေ့ကနေစပြီး သုံးလအတွင်း လုပ်ငန်းစတင် ဆောင်ရွက်ရပါမယ်။ စည်းမျဉ်း အပိုဒ် ၈ အရ “ငွေလွှဲ လက်ခံမှု သို့မဟုတ် ငွေလွှဲပေးပို့မှုတစ်ကြိမ်ကို အများဆုံး လွှဲပြောင်းနိုင်တဲ့ ပမာဏက အမေရိကန်ဒေါ်လာ ၁၀၀၀ နဲ့ ညီမျှတဲ့ ပမာဏဖြစ်ပါတယ်။ ပုဂ္ဂိုလ်တစ်ဦးအတွက် ငွေလွှဲလက်ခံမှု သို့မဟုတ် ငွေလွှဲပေးပို့မှုပြုနိုင်တဲ့ ပမာဏက တစ်လကို အမေရိကန်ဒေါ်လာ ၅၀၀၀ နဲ့ ညီမျှတဲ့ ပမာဏ ထက် မပိုစေရ” လို့ သတ်မှတ်ဖော်ပြထားပါတယ်။ အများ ဆုံး လွှဲပြောင်းနိုင်တဲ့ပမာဏက တစ်ကြိမ်ကို အမေရိကန် ဒေါ်လာ ၁၀၀၀ ဖြစ်ပါတယ်။

အခုလို စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

သတင်းအဖွဲ့