Skip to main content

ကျန်းမာရေးနဲ့ဆိုင်တဲ့ စံသတ်မှတ်ချက်တွေ လိုက်နာတဲ့နေရာမှာ သက်ဆိုင်ရာဒေသအစိုးရတွေ၊ ပုဂ္ဂလိက အဖွဲ့အစည်း တွေအားလုံး ပူးပေါင်းပါဝင်ပြီး ဆောင်ရွက်ရမယ့် အခြေအနေပါ

ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်တွင်းလေကြောင်းလိုင်းများ ပြေးဆွဲမှု ရပ်နားထားခဲ့ရာမှ ဒီဇင်ဘာ ၁၆ ရက်မှစတင်ကာ လေကြောင်း လိုင်းများ ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။ ပြည်တွင်းလေကြောင်း လိုင်းများ ပြန်လည်ပြေးဆွဲရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေးအတွက် လေဆိပ်နှင့်လေယာဉ်ပေါ်တွင် တာဝန် ထမ်းဆောင်ကြမည့် ဝန်ထမ်းများ၊ လေယာဉ်စီးနင်းလိုက်ပါကြမည့် ခရီးသည်များ လိုက်နာရမည့် ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် ဒီဇင်ဘာလ ၁၅ ရက်က တွေ့ဆုံမေးမြန်း ထားသည် များကို တင်ပြလိုက်ရပါသည်။

မေး ။ ။ ပြည်တွင်း လေကြောင်းလိုင်းတွေ

ပြန်လည်ပြေးဆွဲဖို့အတွက် ဆောင် ရွက်နေမှုအခြေအနေကို သိချင်ပါတယ်။

ဖြေ ။ ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး

ဌာနရယ်၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနရယ် ညှိနှိုင်းပြီးတော့ ပြည်တွင်း လေကြောင်းခရီးစဉ်ကို ပြန်လည်ပြေးဆွဲလို့ ရှိရင် လေကြောင်းလိုင်းဝန်ထမ်းတွေ၊ လေဆိပ် ဝန်ထမ်းတွေ၊ လေယာဉ်စီးခရီးသည်တွေ လိုက်နာရမယ့် စည်းကမ်းတွေ၊ ကျန်းမာရေးနဲ့ ဆိုင်တဲ့ စံသတ်မှတ်ချက်တွေ ထုတ်ပြန်ခဲ့တာ ရှိပါတယ်။ ဒီလိုထုတ်ပြန်ခဲ့တဲ့ ရည်ရွယ်ချက်က ကိုဗစ်-၁၉ ကြောင့်ပါပဲ။ ကိုဗစ်-၁၉ ကြောင့် လေကြောင်းလိုင်းတွေ ရပ်တန့်သွားတယ်။ အခု ကျန်းမာရေး စံသတ်မှတ်ချက်တွေနဲ့ စနစ်တကျ ပြန်လည်ပြေးဆွဲခွင့်ပြုမယ်။ ဒီလို ပြေးဆွဲခွင့်ပြုမယ်ဆိုရင် လေကြောင်း ပို့ဆောင်ရေးကဏ္ဍက ပြန်ပြီးတော့ အားကောင်း လာမယ်၊ အားကောင်းလာမယ်ဆိုရင် မြန်မာ့ စီးပွားရေး ပြန်လည်ဦးမော့လာစေရေး၊ ဒါတွေ ကို သွားပြီးတော့ အထောက်အကူပြုစေဖို့ ရည်ရွယ်ပါတယ်။ ဒီအတွက်ကို ကျန်းမာရေး စံသတ်မှတ်ချက်တွေ ထုတ်ပြန်တာဖြစ်ပါတယ်။

ဒီမှာလိုက်နာရမယ့် အဖွဲ့အစည်းတွေလည်း ပါလာပါတယ်။ ဒီအဖွဲ့အစည်းတွေက အဓိက အားဖြင့် လေကြောင်းခရီးသည်တွေ၊ လေကြောင်းလိုင်း ဝန်ဆောင်မှုပေးနေတဲ့ ဝန်ထမ်းတွေ၊ လေဆိပ်မှာ တာဝန်ထမ်းဆောင် နေတဲ့ဝန်ထမ်းတွေ၊ လေယာဉ်မှူးတွေ၊ လေယာဉ်မောင်မယ်တွေ လိုက်နာရမယ့် ကျန်းမာရေးနဲ့ဆိုင်တဲ့ စံသတ်မှတ်ချက်တွေ ပါပါတယ်။ ဒါတွေက လိုက်နာရမယ့်အဖွဲ့တွေ ပါပဲ။ သူတို့အတွက် ရည်ရွယ်ပြီး ရေးဆွဲထား တာဆိုတော့ ဒီကျန်းမာရေးနဲ့ဆိုင်တဲ့ စံသတ်မှတ် ချက်တွေ လိုက်နာတဲ့နေရာမှာ ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာ ဒေသအစိုးရတွေ၊ ပုဂ္ဂလိကအဖွဲ့ အစည်းတွေအားလုံး ပူးပေါင်းပါဝင်ပြီး ဆောင်ရွက်ရမယ့် အခြေအနေပါ။ အဲဒီလို ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ဒီဇင်ဘာ ၁၆ ရက်ကစပြီး လေကြောင်းလိုင်းတွေ စနစ်တကျ ပုံမှန်ပြေးဆွဲနိုင်မယ့် အခြေအနေ ရှိပါတယ်။

မေး ။ ။ ခရီးသည်တွေအနေနဲ့ ကိုဗစ်-၁၉

စစ်ဆေးဖို့ ဘာတွေပြင်ဆင်ပြီးမှ လာရမလဲဆိုတာ သိချင်ပါတယ်။

ဖြေ ။ ။ ကိုဗစ်-၁၉ ကင်းစင်ကြောင်း

လာစစ်မယ်ဆိုရင် လေယာဉ် လက်မှတ်ပါရမယ်။ နိုင်ငံသားစိစစ်ရေး ကတ်ပြား ဒါမှမဟုတ် တခြားခိုင်ခိုင်မာမာပြဖို့ အထောက်အထားပါရမယ်။ ဓာတ်ပုံကလည်း ခြောက်လအတွင်း ရိုက်ထားတဲ့ပုံဖြစ်ပါတယ်ဆို တဲ့ အထောက်အထားပြရမယ်။ ပတ်စ်ပို့ဆိုဒ်နဲ့ ဆိုရင်လည်း တစ်ခါတည်း ကပ်ပေးလိုက်လို့ ရတယ်။ လူမှားမှာစိုးလို့ပါ။ အဲဒီလို အထောက် အထားတွေ ယူဆောင်လာမှပဲ စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ စစ်မယ်ဆိုရင် ခရီးစဉ်မစတင်မီ ၃၆ နာရီအတွင်း စစ်ဆေးခံနိုင်အောင် ကြိုတင်ပြင်ဆင်ပြီး လာဖို့လိုပါတယ်။ လာတဲ့ အခါမှာတော့ အဖော်ခေါ်လာလို့ မရပါဘူး။ စစ်ဆေးတဲ့ အဆောက်အအုံထဲမှာလည်း အဖော် အတွက် နေရာပြင်မထားဘူး။ လာတဲ့အခါ Mask တပ်ပါ၊ Face shield တပ်လာရမယ်။ Swab ယူတဲ့ အချိန်ကလွဲပြီး တောက်လျှောက် တပ်ထားရမယ်။ ယူတဲ့နေရာမှာလည်း တစ်ဦးနဲ့တစ်ဦး ခြောက်ပေခြားပြီးထိုင်ရမယ်။ ထိုင်နေရင်း အစားအသောက် ထိုင်စားတာကို လည်း ခွင့်မပြုပါဘူး။ ထိုင်စားတဲ့အချိန်က ကူးနိုင်တဲ့အချိန်ဖြစ်တဲ့အတွက် စောင့်ဆိုင်းနေ စဉ်မှာ အစားအသောက်စားတာကို ခွင့်မပြုဘူး။ စစ်ဆေးပြီးလို့ အဖြေက Negative ဖြစ်ပြီဆိုရင် ထောက်ခံချက်ပေးလိုက်မယ်။ ရပြီဆိုတာနဲ့ ကိုယ့်အိမ်ကိုယ်ပြန်ပါ။ အိမ်ပြန်ရင်လည်း Mask တပ်ပါ၊ Face shield တပ်ပါ။ ဟိုဝင်ဒီထွက် လုပ်လို့မရဘူး။ အိမ်ပြန်ရောက်ရင် တပ်ထားတဲ့ Mask ၊ Face shield တွေကို စနစ်တကျ စွန့်ပစ်တာ၊ ပိုးသတ်တာတွေ၊ လက်ဆေးတာ တွေ လုပ်ရပါမယ်။ အိမ်သားတွေနဲ့ နီးနီးကပ်ကပ် နေတာ ရှောင်ကြဉ်ရမယ်။

တိတိကျကျ ဖြည့်သွင်းဖို့လို

ခရီးသွားတွေအနေနဲ့ ဒီနေရာမှာ ဖုန်းနံပါတ်နဲ့ အိမ်လိပ်စာကို တိတိကျကျ ဖြည့်ပေးဖို့လိုတယ်။ ဟိုဘက်မှာဆိုရင်လည်း သူသွားမယ့်မြို့ရဲ့ လိပ်စာကို တိတိကျကျ ဖြည့်သွင်းဖို့လိုတယ်။ နောက်တစ်ခုက ဖောင်ထဲ မှာ ဖြည့်စွက်ဖို့လိုတာက ဖုန်းနံပါတ်၊ ရန်ကုန် မှာစစ်တဲ့ လူကလည်း ရန်ကုန်လိပ်စာပေးဖို့၊ ဟိုဘက်မှာဆိုလည်း သွားမယ့်လိပ်စာ တိတိ ကျကျ ဖြည့်သွင်းဖို့လိုတယ်။ တိတိကျကျ ဖြည့်သွင်းမထားဘူးဆိုရင် ကျွန်တော်တို့က ငြင်းပယ်လိုက်မယ်။ ရောဂါပိုးတွေ့ရှိမယ်ဆိုရင် တော့ ကျန်းမာရေးဦးစီးဌာနက သတ်မှတ်ထား တဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ကုသဖို့ သဘောတူပြီးဖြစ်ရပါမယ်။ ဒါမှသာလျှင် စစ်ဆေး ဆောင်ရွက်ပေးမှာပါ။

မေး ။ ။ ရန်ကုန်မှာ လေယာဉ်စီးမယ့်

ခရီးသည်တွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဘယ်နေရာတွေမှာ သွားရောက် စစ်ဆေးရမယ်ဆိုတာ သိချင်ပါတယ်။

ဖြေ ။ ။ ကျွန်တော်တို့ ပြည်သူ့ကျန်းမာရေး

ဦးစီးဌာနက နှစ်နေရာမှာ စစ်ဆေး ပေးပါတယ်။ တစ်နေရာက မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ ယာဉ်ရပ်နားစခန်းမှာရှိတဲ့ ဒေသန္တရကျန်းမာရေးဌာန၊ နောက်တစ်နေရာ က ကျောက်တံတားမြို့နယ် ဆူးလေဘုရား လမ်းမှာရှိတဲ့ Tourist Burma အဆောက်အအုံ မှာရှိပါတယ်၊ အဲဒီမှာ ဒီနေ့ကစပြီး စစ်ဆေး ဆောင်ရွက်ပေးနေပါတယ်။ အဲဒီလို စစ်ဆေး ဆောင်ရွက်တာကတော့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဆောင်ရွက်တာပါ။ မကြာခင်မှာ ပုဂ္ဂလိကကိုလည်း ဆောင်ရွက်ခွင့်ပြုသွားမှာပါ။ ခုတော့ ပုဂ္ဂလိကတွေအနေနဲ့က ဆောင်ရွက်မှု အဆင်သင့်မဖြစ်သေးဘူး။ အဆင်သင့်မဖြစ် သေးခင်မှာ ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ သူတို့ဘက်က ကောင်းကောင်းဆောင်ရွက်မှု တွေ လုပ်ဆောင်နိုင်ပြီဆိုရင် ကျွန်တော်တို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မဆောင်ရွက် တော့ပါဘူး။ စစ်ဆေးဖို့ ပုဂ္ဂလိကမှာဆိုရင် နှစ်ခု ခွင့်ပြုထားတာရှိပါတယ်။ တစ်ခုက လှိုင်သာယာ မှာရှိတဲ့ ပန်းလှိုင်ဆေးရုံ၊ နောက်တစ်နေရာ ကတော့ လမ်းမတော်မြို့နယ်မှာရှိတဲ့ N Health Myanmar ဓာတ်ခွဲခန်း ဒီနေရာတွေမှာ စစ်ဆေး ဖို့ လျာထားပါတယ်။

ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး

ခရီးသည်တွေကို RDT Test Kits နဲ့ စစ်တာ။ ဒါက ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက်သာလျှင် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနက စစ်ဆေးပေးတာ။ ကုန်ကျတဲ့ပမာဏက Test Kits ဖိုးတောင် မရှိပါဘူး။ ခရီးသွား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လေကြောင်းလိုင်း တွေ ပုံမှန်ပြေးဆွဲရေးအတွက် ဦးတည်ပြီး ဒီနှုန်းထားနဲ့ ဆောင်ရွက်ကြတာပါ။ အကယ်၍ ပုဂ္ဂလိကဘက်က ဆောင်ရွက်ကြမယ်ဆိုရင် ဒီနှုန်းထားနဲ့မရနိုင်ပါဘူး။ ပုဂ္ဂလိကကလည်း ထိုက်သင့်အားလျော်စွာ ဈေးနှုန်းသတ်မှတ် ပြီးတော့ ဆောင်ရွက်မှာဖြစ်ပါတယ်။

ခရီးသည်တွေအနေနဲ့ လေကြောင်းလိုင်း တွေ စီးနင်းဖို့ လေယာဉ်လက်မှတ်ဝယ်တာက တော့ အေးဂျင့်တွေဆီကပဲဖြစ်ဖြစ်၊ အွန်လိုင်း ကပဲဖြစ်ဖြစ် ထောက်ခံစာမလိုဘဲ ဝယ်လို့ရပါ တယ်။ စစ်ဆေးတာကတော့ Test တစ်ခုကို ငွေကျပ် တစ်သောင်း သတ်မှတ်ထားပါတယ်။

လေယာဉ်လက်မှတ်ဝယ်ပြီး လေဆိပ်မှာ Check-In မဝင်ခင် ၃၆ နာရီအတွင်း စစ်ဆေး ထားတဲ့ အဖြေစာရွက်ဖြစ်ရမယ်။ အဲဒီလို စစ်ဆေးထားလို့ Negative အဖြေထွက်တယ် ဆိုရင် ဒီ Negative အဖြေရယ်၊ လေယာဉ် လက်မှတ်ရယ်၊ နိုင်ငံသားစိစစ်ရေးကတ်ရယ် ဒါတွေပြသပြီး လေယာဉ်စီးလို့ရပါတယ်။

မေး ။ ။ တာဝန်ထမ်းဆောင်မယ့် လေယာဉ်

ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ညွှန်ကြားချက်တွေရှိရင်လည်း သိချင်ပါတယ်။

ဖြေ ။ ။ ခရီးသည်တွေနဲ့ မြေပြင်မှာပဲဖြစ်ဖြစ်၊

လေယာဉ်ပေါ်မှာပဲဖြစ်ဖြစ် ထိတွေ့ မှုရှိမယ်။ ခရီးသည်တွေနဲ့ ထိတွေ့မှုဖြစ်တဲ့အခါ မှာ ထိတွေ့မှုကြာတဲ့သူတွေကို ဥပမာ လေယာဉ်မောင်မယ်တွေ၊ လေယာဉ်မှူးတွေဆို ခရီးစဉ်တစ်လျှောက်လုံး ကြာမယ်။ သူတို့ကို တော့ RT-PCR နဲ့စစ်ဆေးရမယ်။ မြေပြင်မှာ လည်း ဆောင်ရွက်ပေးတဲ့ လေဆိပ်ဝန်ထမ်းတွေ ကိုလည်း RT-PCR နဲ့စစ်ဆေးပြီးတော့ တစ်ခါ စစ်ထားရမယ်။ Negative ဖြစ်မှသာ တာဝန် ထမ်းဆောင်ခွင့်ရမှာဖြစ်တယ်။ သူတို့ကိုတော့ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှာ စစ်ဆေး ရမယ်။ တစ်ခါစစ်ဆေးရင် ငွေကျပ် သုံးသောင်း ခွဲပေးရမှာဖြစ်ပါတယ်။

မေး ။ ။ လေယာဉ်နဲ့ ခရီးသွားမယ့် ခရီး

သည်တွေအနေနဲ့ သွားရောက်မယ့် မြို့တွေမှာ Quarantine ဝင်ရဖို့ရှိသလားဆိုတာ သိချင်ပါတယ်။

ဖြေ ။ ။ ခရီးသည်တွေအနေနဲ့ Stay at

Home သတ်မှတ်ထားတဲ့ မြို့ကနေ တခြား Stay at Home မြို့ကို သွားတယ်ဆိုရင် ဒီကနေပြီးတော့ ၃၆ နာရီအတွင်း စစ်ဆေးထား တဲ့ RDT Certificate ပြလိုက်လို့ရှိရင် Stay at Home to Stay at Home ကတော့ Quarantine ဝင်စရာမလိုဘူး။ အကယ်၍ Stay at Home သတ်မှတ်ထားတဲ့ မြို့ကနေ ဟိုဘက်က Non Stay at Home မြို့ကို သွားမယ်ဆိုရင် ဒီဘက် ကလည်း ၃၆ နာရီအတွင်း စစ်ဆေးထားတဲ့ အဖြေ Certificate လိုမယ်။ ဟိုဘက်မှာလည်း Quarantine ဝင်ရမယ်။ အကယ်၍ ကိုယ် Quarantine ဝင်နေတဲ့မြို့က PCR Facility ရှိတယ်ဆိုရင် သုံးရက်ကြာတဲ့အခါမှာ PCR Test စစ်ပြီးတော့ Negative ဆိုရင် Quarantine ကနေ သုံးရက်နဲ့ ထွက်လို့ရပြီ။ အကယ်၍ PCR Facility မရှိဘူးဆိုရင် RDT Test Kits နဲ့ ခုနစ် ရက်ပြည့်ရင်စစ်မယ်။ အဲဒါစစ်ပြီးရင် Quarantine ထွက်လို့ရပြီ။ နောက်တစ်ခုက Non Stay at Home မြို့ကနေ Stay at Home မြို့ကိုလာရင် ရန်ကုန်ဆိုရင် ၄၄ မြို့နယ်က Stay at Home မြို့နယ်တွေ၊ ရန်ကုန်ကို Non Stay at Home မြို့ကနေလာမယ်ဆိုရင် ၃၆ နာရီအတွင်း စစ်ဆေးထားတဲ့ အဖြေစာရွက်ပြ ပြီးရင် ဒီမှာ Quarantine ဝင်စရာမလိုတော့ဘူး။ Non Stay at Home မြို့ကနေ Non Stay at Home မြို့ကိုသွားမယ်ဆိုရင် ၃၆ နာရီအတွင်း စစ်ဆေးထားတဲ့ RDT Test အဖြေပါမယ်ဆိုရင် Quarantine ဝင်စရာမလိုပါဘူး။

မေး ။ ။ လေယာဉ်နဲ့ ခရီးသွားမယ့်သူက

စစ်ဆေးလိုက်လို့ Positive ပြသွား ရင် ဘယ်လို ဆောင်ရွက်သွားမလဲဆိုတာ သိချင်ပါတယ်။

ဖြေ ။ ။ အဲဒီမှာ စစ်လိုက်လို့ ကံမကောင်းစွာ

နဲ့ပဲ Positive ဖြစ်သွားတယ်ဆိုရင် စစ်ဆေးတဲ့နေရာမှာ Positive တွေထားတဲ့ နေရာလေးလုပ်ထားပါတယ်။ အဲဒီနေရာမှာ ခဏထားပြီး Positive လူနာသယ်တဲ့ လမ်းကြောင်းအတိုင်းပဲ လူမှုရေးအဖွဲ့က အရေး ပေါ်ယာဉ်တွေနဲ့ ကိုဗစ်-၁၉ ရောဂါ ကုသရေး စင်တာကိုပို့မယ်။ ရန်ကုန်မှာဆိုရင်တော့ Positive ထားတဲ့နေရာ တွေကလည်း လွတ်နေ ပါတယ်။ လူနာတွေ့ရှိမှုနှုန်းကလည်း နည်းသွား တော့ လျာထားတာက အောင်မြင့်မိုရ် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာမှာ ထားဖို့ လျာထားပါတယ်။ အဲဒီမှာထားပြီး ကုသပေး သွားမယ်။

မေး ။ ။ တာဝန်ထမ်းဆောင်မယ့် လေယာဉ်

မှူးနဲ့ လေယာဉ်မောင်မယ်တွေ အနေနဲ့ လိုက်နာရမယ့်အချက်တွေရှိရင် သိချင် ပါတယ်။

ဖြေ ။ ။ လေယာဉ်မှူးနဲ့ လေယာဉ်မောင်

မယ်တွေအနေနဲ့ သူတို့လိုက်နာရ မယ့် အချက်တွေက RT-PCR နဲ့စစ်မယ်။ စစ်လိုက်လို့ ပိုးမတွေ့ရှိတဲ့သူတွေကပဲ တာဝန် ထမ်းဆောင်ရမယ်။ သူတို့အားလုံးက ခရီးစဉ် မစတင်မီ အပူချိန်တိုင်းတဲ့လုပ်ငန်းရှိမယ်။ ဒါကိုလည်း သက်ဆိုင်ရာလေကြောင်းလိုင်းက တာဝန်ယူပြီး လုပ်ပေးရမယ်။ အကယ်၍ ချောင်းဆိုးတာ၊ အနံ့ပျောက်သွားတာ သံသယ ရှိတယ်ဆိုရင် လိုက်ပါခွင့်မပေးဘဲနဲ့ ဒါတွေ ကင်းစင်မှပဲ သတ်မှတ်ထားတဲ့ခရီးစဉ်မှာ လိုက်ပါ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ခရီးစဉ်မစတင်မီမှာ သတ်မှတ်ထားတဲ့ Level 2 PPE တွေ မဖြစ်မနေ ဝတ်ဆင်ထားရမှာ ဖြစ်ပါတယ်။ အကယ်၍ PPE ဝတ်ဆင်ရာမှာ မှားယွင်းသွားတယ်ဆိုရင် ချက်ချင်းပြင်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ခရီးစဉ် တစ်ကြောင်းပြီးသွားရင် ဝတ်ဆင်ထားတဲ့ ကာကွယ်ရေးဝတ်စုံကို အသစ်လဲရပါမယ်။ သတ်မှတ်ထားတဲ့နေရာမှာ စွန့်ပစ်ဖို့အရေးကြီး ပါတယ်။

လေယာဉ်မှူးကတော့ အတတ်နိုင်ဆုံး လေယာဉ်ထိန်းချုပ်ခန်းထဲမှာပဲ နေသင့်တယ်။ လိုအပ်ချက်အရ အပြင်ထွက် ရမယ်ဆိုရင် ကိုဗစ်-၁၉ ကာကွယ်ရေးနဲ့ပတ်သက်တာတွေ အပြည့်အစုံဝတ်ဆင်ပြီးမှ ထွက်ဖို့လိုပါတယ်။ လေယာဉ်မောင်မယ်တွေအနေနဲ့ ခရီးသည်တွေ နဲ့ အတတ်နိုင်ဆုံး ခပ်ခွာခွာနေဖို့လို့ပါတယ်။ အရေးပေါ် ကိစ္စရှိရင် တော့ ကူညီပေးရမယ်။ ခရီးစဉ်မထွက်ခွာခင်မှာ လေယာဉ်မောင်မယ် တွေအနေနဲ့ ကိုဗစ်-၁၉ လမ်းညွှန်ချက်တွေကို ထုတ်ပြန်ကြေညာပေးရမယ်။ ခရီးသည်တွေ အားလုံးကလည်း Mask တွေ၊ Face shield တွေကို ခရီးစဉ်တစ်လျှောက်လုံး တပ်ထားဖို့ လို့ပါတယ်။ တပ်မထားရင်လည်း တပ်ဖို့အသိ ပေးကြေညာရမယ်။ နောက်တစ်ခု အရေး အကြီးဆုံးက လေယာဉ်ပေါ်မှာ အစားအသောက် ကျွေးတာမွေးတာ ပြုလုပ်လို့မရပါဘူး။ ကျွေးချင်ရင်လည်း လေယာဉ်ပေါ်မတက်ခင် ဧရိယာတစ်ခုသတ်မှတ်ပြီး ကျွေးမွေးပေါ့။

ဆက်သွယ်သတင်းပေး

ခရီးစဉ်သွားနေတုန်း ခရီးသည် တစ်ယောက်ယောက်က ကိုဗစ်-၁၉ သံသယ လက္ခဏာတွေ့တယ်ဆိုရင် အဲဒီခရီးသည်ကို လေယာဉ်ပေါ်မှာရှိတဲ့ သတ်မှတ်ထားတဲ့နေရာ မှာ ခွဲထားဖို့ လိုပါတယ်။ အနီးဆုံးဆိုက်ရောက် မယ့် လေဆိပ်ရောက်ရင် ကျန်းမာရေးဌာနနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ဆက်သွယ် သတင်းပေးရမှာ ဖြစ်ပါ တယ်။ ခရီးစဉ်ပြီးဆုံး သွားတယ်ဆိုရင် ဝတ်ဆင်ထားတဲ့ PPE တွေ စနစ်တကျ သတ်မှတ်ထားတဲ့နေရာမှာ စွန့်ပစ် ဖို့လိုပါတယ်။ လေယာဉ်မှူးတွေ လေယာဉ် မောင်မယ်တွေအနေနဲ့ ခရီးစဉ်တစ်ခုပြီးသွားရင် ကျန်းမာရေးနဲ့ဆိုင်တဲ့ ဖြည့်စွက်ရမယ့်ကတ်ကို ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန် ဖြည့်စွက်ပြီး ကျန်းမာရေးနဲ့ဆိုင်တဲ့သူတွေကို ပေးဖို့လိုပါ တယ်။ လေယာဉ်မှူးတွေ၊ လေယာဉ်မောင်မယ် တွေအနေနဲ့ ကိုယ့်အိမ်မှာပဲဖြစ်ဖြစ်၊ အလုပ်ခွင် ထဲမှာပဲဖြစ်ဖြစ် နေတဲ့အချိန်မှာတော့ ကိုဗစ်-၁၉ နဲ့ ပတ်သက်တဲ့ လိုက်နာရမယ့် စည်းကမ်းတွေ ကို လိုက်နာဖို့လိုပါတယ်။ နေထိုင်မကောင်း ဖြစ်တယ်ဆိုရင် ရန်ကုန်မှာဆိုရင် လေဆိပ် ကျန်းမာရေးဌာနနဲ့ လေဆိပ်ကျန်းမာရေးဌာန မရှိတဲ့မြို့တွေမှာဆိုရင် အဲဒီမြို့မှာရှိတဲ့ ကျန်းမာ ရေးဌာနတွေကို သတင်းပို့ဖို့ အရေးကြီးပါတယ်။

မေး ။ ။ ခရီးသွားဖို့အတွက် ဖောင်ဖြည့်ရာ

မှာ မှန်မှန်ကန်ကန် ဖြည့်သွင်းဖို့ ဘယ်လောက်ထိ အရေးကြီးတယ်ဆိုတာ ပြောပြပေးပါ။

ဖြေ ။ ။ ဒုတိယ ကိုဗစ်လှိုင်းက ဩဂုတ်လ

၁၆ ရက်နေ့ကစတယ်။ လူနာ အမှတ် ၃၇၅။ ဒါက အမှတ်တရပါပဲ။ အဲဒီမတိုင် ခင်က ရန်ကုန်မှာ Positive လူနာ ၂၇၆ ယောက် ပဲရှိတယ်။ အများစုက ပြည်ပပြန်တွေပါ။ အဲဒီ အချိန်က ပြည်တွင်းကူးစက်မှုက မရှိဘူး။ အဲဒီ ကာလတွေမှာ ကောင်းကောင်းကြီး ထိန်းချုပ် နိုင်တယ်။ အဲဒီအချိန်က ပြည်သူလူထုကလည်း စည်းကမ်းလိုက်နာမှု အားကောင်းတယ်။ ကျွန်တော်တို့ဘက်ကလည်း ကောင်းကောင်း ထိန်းချုပ်နိုင်တယ်။ လူနာအမှတ် ၃၇၅ က ရခိုင် ကလာတယ်။ ရန်ကုန်မှာ ဆေးလာကုတယ်။ အဲဒီကနေ အစိုးရဆေးရုံကြီးရော၊ ပုဂ္ဂလိက ဆေးရုံတွေရော သူသွားခဲ့တဲ့နေရာတွေအားလုံး ကူးစက်ခံခဲ့ရတယ်။ သူတည်းခိုတဲ့နေရာက စက်ရုံမှာလုပ်တော့ စက်ရုံတွေမှာရော ကူးစက် ခံခဲ့ရတယ်။

အဲဒီအချိန်တုန်းက ရခိုင်ကလာတဲ့သူတွေကို တစ်ပတ် အတွင်း စာရင်းကောက်ဖို့လုပ်တဲ့အခါ လူဦးရေ ၅၇၀၀ ရှိပါတယ်။ ၅၇၀ဝ မှာ လူဦးရေ နှစ်ထောင်ကျော်လောက် ကို မလိုက်နိုင်ခဲ့ဘူး။ မလိုက်နိုင်တာက သူတို့ဖြည့်စွက် ထားတာတွေက မပြည့်စုံဘူး။ လိပ်စာတွေလည်း မမှန်ကန် ဘူး။ ဖုန်းနံပါတ်တွေကလည်း မှန်မှန်ကန်ကန် မဖြည့်စွက် ခဲ့ဘူး။ မဖြည့်စွက်ခဲ့တဲ့အခါကျတော့ ဒီလူတွေကို Quarantine ထားရှိရေး မဆောင်ရွက်နိုင်ခဲ့ဘူး။ ဒီလူတွေက ရန်ကုန်မြို့ထဲမှာလည်း ပြန့်သွားတယ်လို့ ယူဆရတယ်။ နောက်ပြီး ဒီလူတွေက ရန်ကုန်တင်မနေဘဲနဲ့ တစ်နိုင်ငံလုံး ကို ခရီးဆက်ပြီး ထွက်ခွာသွားကြတယ်လို့ ယူဆရတယ်။ အခုလိုမျိုး ကိုဗစ်ဒုတိယလှိုင်းအကြီးကြီး ခံစားခဲ့ရတယ်။ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် ဘာမှမဟုတ်ပေမယ့် ကိုယ့်နိုင်ငံ အခြေအနေ နဲ့ကျတော့ ဒါကတော်တော်ကြီးမားတဲ့ ရိုက်ခတ် မှုပါပဲ။ ကိုဗစ်-၁၉ စောင့်ကြည့်တဲ့နေရာမှာ သေသေချာချာ သိရှိနိုင်ဖို့အတွက် ဖုန်းနံပါတ်တွေ၊ အိမ်လိပ်စာတွေ၊ ခရီးစဉ် အကြောင်းတွေ၊ ခရီးစဉ်မှာ ပါခဲ့ကြတဲ့သူတွေရဲ့ အချက် အလက်တွေ လိုပါတယ်။ စနစ်တကျ စောင့်ကြည့် ရတာပါ။ ကိုဗစ် ဒုတိယလှိုင်းမှာ အဲဒီလိုစောင့်မကြည့်နိုင်ခဲ့လို့ ရန်ကုန် က အကြီးမားဆုံး ရိုက်ခတ်မှုနဲ့ ကြုံခဲ့ရပါတယ်။

မေး ။ ။ ဖြည့်စွက်ပြောကြားစရာရှိရင် ပြောကြားပေးပါ။

ဖြေ ။ ။ ပြည်တွင်းလေကြောင်းလိုင်းတွေ ပြန်လည်

ပြေးဆွဲခွင့်ပြုလိုက်ရတာက လေကြောင်း ပို့ဆောင်ရေးကဏ္ဍ ပြန်လည်အားကောင်းပြီးတော့ မြန်မာ့ စီးပွားရေး ဦးမော့လာဖို့အတွက် ဖြစ်ပါတယ်။ ခရီးသည်တွေ အနေနဲ့ ကျန်းကျန်း မာမာရှိမှပဲ ခရီးသွားဖို့လိုပါတယ်။ ဖျားတာနာတာ သံသယရှိရင်လည်း ခရီးမသွားဖို့လိုပါ တယ်။ ကျန်းမာရေးနဲ့ဆိုင်တဲ့ ညွှန်ကြားချက်တွေ ခရီးစဉ် တစ်လျှောက်လုံး လက်မှတ်မဝယ်ခင် ကတည်းကစပြီး လိုက်နာရမယ်။ ခရီးစဉ်ပြီးဆုံးတဲ့အခါမှာလည်း ခရီးစဉ် ပြီးဆုံးသွားတဲ့ဒေသရဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ အကြောင်းကြောင်းကြောင့် နေထိုင်မကောင်းဖြစ်ရင်လည်း သက်ဆိုင်ရာ လေကြောင်း တာဝန်ရှိသူတွေကို အကြောင်းကြား ပြီး ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ခရီးသည်တွေကို RDT Test Kits နဲ့ စစ်ဆေးသလို လေယာဉ်ပေါ် တက်ရင်လည်း အပူချိန်တိုင်း တာတွေ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ယခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ဒေါက်တာထွန်းမြင့်

 

တွေ့ဆုံမေးမြန်း - သီသီမင်း၊

မင်းသစ် (MNA)၊ ဓာတ်ပုံ-ဥက္ကာ