Skip to main content

ပြည်သူလူထုအခြေပြု ဖျားနာကုဆေးခန်း(Community Fever Clinic)များ

ဖျားနာကုဆေးခန်းများ ပေါ်ပေါက်လာခြင်း

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာအနှံ့တွင် ဖြစ်ပွားလျက်ရှိပြီး ပထမအကြိမ်ပြီး၍ ဒုတိယအကြိမ်၏ ရိုက်ခတ်မှုကို ရင်ဆိုင်နေကြဆဲဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကူးစက်မြန် ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုဗစ်-၁၉ ကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Global Pandemic) အဖြစ် ၁၁-၃-၂၀၂၀ ရက်တွင် ကြေညာခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ကို ကာကွယ်ထိန်းချုပ်နိုင်ရန် ယခုနှစ် ဇန်နဝါရီ ၅ ရက်မှစ၍ ပြည်သူလူထုအား ရောဂါကူးစက်ပျံ့နှံ့မှုနှင့် ကာကွယ်ရန်နည်းလမ်းများကို သတင်းစာများ၊ လက်ကမ်း စာစောင်၊ ပိုစတာ၊ ဗီနိုင်းများဖြင့်လည်းကောင်း၊ ဟောပြော ပွဲများ ပြုလုပ်ခြင်းဖြင့်လည်းကောင်း ကျန်းမာရေးအသိ ပညာပေးမှုများ ဆောင်ရွက်ခဲ့သည်။ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို လည်း မတ်လ ၁၃ ရက်က ဖွဲ့စည်းခဲ့ရာ ဥက္ကဋ္ဌမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာ ကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်တွင် အမေရိကန် ပြည်ထောင်စုမှ ပြန်လာသူ မြန်မာနိုင်ငံသားတစ်ဦး (ချင်း ပြည်နယ် တီးတိန်မြို့၌နေသူ)တွင် စတင်တွေ့ရှိခဲ့သည်။ ထို့နောက် အတည်ပြုလူနာများ များလာပြီး သေဆုံးမှုများ လည်း ရှိခဲ့သည်။ ရောဂါကူးစက်မည်ကို စိုးရိမ်သဖြင့် ရပ်ကွက်အတွင်း ဆေးခန်းများ မဖွင့်တော့ခြင်း၊ ပုဂ္ဂလိက ဆေးရုံများတွင်လည်း အထူးကုများ မထိုင်တော့ခြင်းတို့ ကြောင့် ပြည်သူလူထုမှာ ဆေးခန်းပြရန် အခက်အခဲ ဖြစ်လာကြသည်။ ထိုအချိန်တွင် ပြည်သူတို့၏ အခက် အခဲကို ဖြေရှင်းရန်အတွက် မြို့နယ်များတွင် ပြည်သူလူထု အခြေပြု ဖျားနာကုဆေးခန်းများ ပေါ်ပေါက်လာသည်။ ဖျားနာကုဆေးခန်းများသည် အခြေအနေနှင့် အချိန်အခါ ကိုလိုက်ပြီး ပြည်သူများ၏ လိုအပ်ချက်အရ ပေါ်ပေါက်လာကြခြင်းဖြစ်သည်။ ဆေးရုံများသို့ မသွားနိုင်သောသူများ အတွက် မိမိမြို့နယ်အတွင်း၌ပင် ကုသမှုခံယူနိုင် ကြသည်။

ကိုရိုနာဗိုင်းရပ်စ်သည် ပိုးအသစ်ဖြစ်ပြီး ကူးစက်မြန် သောကြောင့် လူတစ်ဦးမှတစ်ဦး ကူးစက်မှုမရှိစေရေးသည် အရေးကြီးသည်။ ဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ ဆေးခန်းများတွင် လူနာနှင့်ကျန်းမာရေး ဝန်ဆောင်မှုပေးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် စံလုပ်ထုံး လုပ်နည်း(Standard Operation Procedure-SOP)နှင့် လုပ်ငန်းလမ်းညွှန်(Guideline)များကို အင်းစိန်အထွေထွေ ရောဂါကုဆေးရုံကြီးမှ သမားတော် ပါမောက္ခ ဒေါက်တာ မာမာကြည်နှင့် မြောက်ဥက္ကလာပ သင်ကြားရေးဆေးရုံမှ သမားတော် ပါမောက္ခ ဒေါက်တာ သင်းသင်းနွယ် တို့က ရေးဆွဲခဲ့သည်။ မြန်မာနိုင်ငံ ဆရာဝန်အသင်း၌ သင်တန်း ဆရာများက ၁၉-၄-၂၀၂၀ ရက်နေ့တွင် ထို SOP နှင့် Guideline များကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖျားနာကုဆေးခန်းများတွင် တာဝန်ယူဆောင်ရွက်မည့် စေတနာ့ဝန်ထမ်း ဆရာဝန်များနှင့် ပရဟိတ အသင်းအဖွဲ့၊ လူမှု‌ရေးအသင်းအဖွဲ့များကို သင်တန်းများပို့ချခဲ့သည်။

တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှု

ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက ဖျားနာကုဆေးခန်းများကို SOP ၊ Guideline များနှင့်အညီ ဆောင်ရွက်ရန် ကွင်းဆင်း စစ်ဆေးပေးသည်။ သတ်မှတ်ချက်နှင့် ကိုက်ညီသော ဆေးခန်းများကို ရန်ကုန်တိုင်းဒေသ ကြီးအစိုးရထံသို့ ဆက်လက်တင်ပြပြီး ခွင့်ပြုချက် ရယူခဲ့သည်။ ဆေးခန်းများသည် လုံလောက်သော အကျယ်အဝန်းရှိခြင်း၊ ရောဂါကူးစက်မှုမှ ကာကွယ်ရန် ဖွဲ့စည်းတည်ဆောက်ထားခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် ကာကွယ်ရေးဝတ်စုံ Level-2 PPE ကို ဝတ်ဆင်ခြင်း၊ လူနာများအတွက် သတ်မှတ်ချက်များ အတိုင်း ဆောင်ရွက်ထားခြင်း (လက်ဆေးရန်နေရာ၊ နှာခေါင်းစည်းပေးခြင်း၊ ခြောက်ပေကွာထားခြင်း)၊ စနစ်တကျ လူနာလွှဲပြောင်းခြင်း၊ လွှဲပြောင်းမည့် လူနာများ အတွက် သီးသန့်အခန်း (Isolation room) စနစ်တကျ ပိုးသန့်စင်ခြင်း၊ လူနာတစ်ယောက်ဖြစ်ပြီးတိုင်း ထိုင်ခုံကို ပိုးသတ်ဆေးဖျန်းခြင်း၊ ဆေးခန်းပိတ်သိမ်းချိန်တွင် ပိုးသတ်ဆေးဖျန်းခြင်းနှင့် လူနာတင်ယာဉ်များ အသင့် ထားရှိခြင်း စသည့်အချက်များနှင့် ပြည့်စုံရမည်ဖြစ်သည်။

မြို့နယ်များတွင် ဖျားနာကုဆေးခန်းများ ဖွင့်လှစ်

မြို့နယ်များတွင် ဖျားနာကုဆေးခန်းများ ဖွင့်လှစ်နိုင်ရန် ဒေါက်တာကျော်မင်းထွန်း (အထွေထွေရောဂါကု ဆရာဝန်)က မြန်မာနိုင်ငံ ဆရာဝန်အသင်း အထွေထွေ ရောဂါကုအဖွဲ့၏ အကူအညီကို ရယူကာ ခေါ်ယူခဲ့သည်။ ဖွင့်လှစ်မည့် မြို့နယ်များ၏ မြို့နယ်အဆင့် ကိုဗစ် ကော်မတီများနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ပြီး ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ခဲ့သည်။ မင်္ဂလာတောင်ညွန့် ဖျားနာကု ဆေးခန်းသည် ရန်ကုန်တိုင်းဒေသကြီးတွင် ပထမဆုံး ဖွင့်လှစ်နိုင်ခဲ့သော ဆေးခန်းဖြစ်ပြီး ဧပြီ ၁ ရက်က ဖွင့်လှစ် ခဲ့သည်။ ဧပြီ ၈ ရက်တွင် တာမွေနှင့် ဧပြီ ၁၀ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်များ၌ ဖွင့်လှစ်နိုင်ခဲ့သည်။

အင်းစိန် အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော် ဒေါက်တာမာမာကြည်၏ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်ကော်မတီနှင့် အစည်းအဝေး ပြုလုပ်ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီ ၂ ရက်တွင် အင်းစိန်မြို့နယ်ခန်းမ၌ ဆေးခန်း ကို စတင်ဖွင့်လှစ်နိုင်ခဲ့သည်။ ဧပြီ ၉ ရက်တွင် ဆေးခန်း လာပြသူများမှ လေးဦးတွင် ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ထိုလူနာများနှင့် ထိဆက်မှုရှိသော၊ ဆက်စပ်မှုရှိသော လူနာများကို အစုအဖွဲ့အနေ ဖြင့် ဖော်ထုတ်နိုင်ခဲ့သည်။

နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူခြင်း

ဩဂုတ် ၁၆ ရက်က စစ်တွေမြို့၌ ပြည်တွင်း ကူးစက်မှု စတင်ခဲ့ပြီး ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ပိုးတွေ့လူနာများလာသည်။ ဒုတိယအကြိမ် စပြီဟု ဆိုကြပါသည်။

သံသယလူနာလည်း များလာ၍ လူနာများကို ဆေးရုံတင်ပြီး နှာခေါင်းနှင့်အာခေါင်တို့ဖတ်ယူရန် အခက်အခဲဖြစ်လာသဖြင့် ရက်ချိန်းပေး၍ ယူရသည်။ အခြားဆေးရုံ များတွင်လည်း အခက်အခဲဖြစ်လာသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ရှေ့ပြေး(Pilot Project)အနေဖြင့် အင်းစိန်ဖျားနာကုဆေးခန်းတွင် နှာခေါင်းနှင့် အာခေါင်တို့ဖတ်များယူနိုင်ရန် ပါမောက္ခ ဒေါက်တာမာမာကြည်၏ ဦးဆောင်မှုဖြင့် လိုအပ်သော သင်တန်းများပေးသည်။

စက်တင်ဘာ ၁၁ ရက်မှစပြီး သံသယလူနာ ၁၁ ဦးအား နှာခေါင်းနှင့်အာခေါင်တို့ဖတ်ယူပြီး အမျိုးသားဓာတ်ခွဲ ခန်း (NHL)သို့ ပို့ဆောင်စစ်ဆေးရာ ကိုးဦးတွင် ရောဂါပိုး တွေ့ရှိခဲ့သည်။ စက်တင်ဘာ ၁၄ ရက်က ၃၂ ယောက်အား နှာခေါင်းနှင့် အာခေါင်တို့ဖတ် ယူခဲ့ရာ ၂၁ ယောက်တွင် ရောဂါပိုးတွေ့ရှိသဖြင့် ၆၂ ဒသမ ၆၃ ရာခိုင်နှုန်းရှိသည်။

ထိုသို့ သံသယလူနာများအား ရက်ချိန်းပေးရန်မလိုဘဲ ချက်ချင်း တို့ဖတ်ယူပေးနိုင်၍ လူနာများ အဆင်ပြေ သကဲ့သို့ ဆေးရုံ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်သည်။ ဆေးရုံဝန်ထမ်းများသို့ ကူးစက်မှုကိုလည်း လျှော့ချနိုင် သည်။ စက်တင်ဘာလကုန်ရက်မှစ၍ Rapid Antigen Test Kit များဖြင့် စစ်ဆေးပေးနေပြီဖြစ်သည်။ အင်းစိန် ဖျားနာကု ဆေးခန်းသည် ပြည်သူများ၏ အားကိုးရာ ဆေးခန်းဖြစ်လာပြီး တစ်နေ့လျှင် လူနာ ၁၀၀ မှ ၂၀၀ ဝန်းကျင် လာရောက်ပြသလျက်ရှိပါသည်။

မြန်မာနိုင်ငံဆရာဝန်အသင်း၏ ဦးဆောင်မှု

မြန်မာနိုင်ငံဆရာဝန်အသင်း၏ ဦးဆောင်မှုဖြင့် မေလ ၈ ရက်က ပြည်သူလူထုအခြေပြု ဖျားနာကုဆေးခန်း ရန်ကုန်ကွန်ရက်ကို ဖွဲ့စည်းခဲ့သည်။ ဆေးခန်းများတွင် လုပ်အားပေးမည့် ဆရာဝန်များအား မြန်မာနိုင်ငံ ဆရာဝန်အသင်း (အထွေထွေရောဂါကုအဖွဲ့)မှ ခေါ်ယူပေးပြီး ပြည်တွင်းပြည်ပ အလှူရှင်များ လှူဒါန်းသည့် အလှူ ပစ္စည်းများကို လက်ခံ၍ ဆေးခန်းများသို့ လွှဲပြောင်းပေးခြင်း စသည့်လုပ်ငန်းများ အဆင်ပြေစေရန် ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဆေးခန်းအတွက် လိုအပ်သော သင်တန်းများပေးရန် စီစဉ်ဆောင်ရွက်ပေးသည်။

စက်တင်ဘာ ၂၅ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကိုဗစ်-၁၉ ရောဂါကို စမ်းသပ်ဖို့ ခရိုင်ဆေးရုံတွေ၊ မြို့နယ်ဆေးရုံတွေအပြင် Fever Clinic များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်အောင် စီစဉ်နေပါတယ်” ဟု ‌ပြောကြားသွားသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြောကြားချက်ကို အကောင်အထည်ဖော်ရန်အတွက် မြန်မာနိုင်ငံဆရာဝန်အသင်းသည် ရန်ကုန် တိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ဖျားနာကုဆေးခန်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်နိုင်ရန် စေတနာ့ဝန်ထမ်း အထူးကုဆရာဝန်များ၊ အထွေထွေကုဆရာဝန်များအား အွန်လိုင်းမှဖိတ်ခေါ်ရန် ဆောင်ရွက်ခဲ့ကြသည်။

ရှေ့တန်းခံတပ်များ

ပြည်သူများ၏လိုအပ်ချက်အရ ပြည်သူလူထုအခြေပြု ဖျားနာကုဆေးခန်းများ၊ စေတနာ့ဝန်ထမ်းဆရာဝန်များ၊ သူနာပြုများ၊ ပရဟိတ လုပ်အားရှင်များ ပေါ်ပေါက်လာ ကြသည်။ ရောဂါကူးစက်ခံရနိုင်သည်ကို သိရှိလျက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းကို အမျိုးသားရေးတာဝန်ဟုခံယူ၍ အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်ဆောင်ရွက်နေကြသူများဖြစ်သည်။ ဆေးရုံများ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်ရန် ရှေ့တန်းတွင် ဆောင်ရွက် နေကြသော ခံတပ်များဖြစ်သည်။ ဆေးခန်းများ ဆက်လက်ရပ်တည်နိုင်အောင် ဒေါက်တိုင်များသဖွယ် ပံ့ပိုးနေကြသူများမှာ မြို့နယ် ကိုဗစ်-၁၉ ကော်မတီဝင်များ၊ အလှူရှင်များ၊ ပရဟိတလုပ်အားရှင်များဖြစ်ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက် ဖွင့်လှစ်ထားပြီးသော ဖျားနာကုဆေးခန်းများအနေဖြင့် မြောက်ပိုင်းခရိုင်၌ ငါးခု၊ တောင်ပိုင်းခရိုင်၌ ငါးခု၊ အရှေ့ ပိုင်းခရိုင်၌ ၁၂ ခုနှင့် အနောက်ပိုင်းခရိုင်၌ ငါးခု စုစုပေါင်း ၂၇ ခုဖြစ်ပြီး လက်ရှိတွင် ဆေးခန်း ၂၆ ခု၌ စေတနာ့ဝန်ထမ်း ဆရာဝန် ၁၇၀ ကျော်၊ သူနာပြု ၃၀ ကျော်နှင့် ပရဟိတ လုပ်အားရှင် ၁၀၀ ကျော်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ဖွင့်လှစ်ထားသော ဆေးခန်းများကို Community Fever Clinic, Yangon Network (https://www.facebook.com/CommunityFeverClinicYangon) တွင် ဝင်ကြည့် နိုင်သည်။

ထို့အပြင် မန္တလေး၊ မုံရွာ၊ မော်လမြိုင်၊ ပုသိမ်၊ မိုးကုတ်၊ လွိုင်ကော်၊ မြိတ်နှင့် ဒိုက်ဦးတို့တွင်လည်း ဖွင့်လှစ်နိုင်ခဲ့သည်။

ပြည်သူလူထုအပေါ် အကျိုးသက်ရောက်မှု

ပြည်သူလူထုအခြေပြု ဖျားနာကုဆေးခန်းများကြောင့်

- မိမိရပ်ကွက် မြို့နယ်ရှိ ပြည်သူများသာမက မည်သူမဆို ဖျားနာခြင်းအတွက် လာရောက်ပြသနိုင်ပြီး ကျန်းမာရေး စောင့်ရှောက်မှုကို အခမဲ့ရရှိသည်။

- ဖျားနာလူနာများမှ ကိုဗစ်သံသယလူနာများ၊ အရေးကြီး လူနာများအား သက်ဆိုင်ရာနေရာများသို့ လွှဲပြောင်းပို့ပေးနိုင်သည်။

- သံသယမဟုတ်သောလူနာများအား ခွဲခြားပေးခြင်း ဖြင့် လူနာများ၏စိုးရိမ်မှုကို လျှော့ချနိုင်သည်။

- သံသယလူနာများထဲမှ ကိုဗစ်-၁၉ ပိုးတွေ့လူနာကို စောစီးစွာ ရှာဖွေနိုင်သဖြင့် စောစောကုသမှုရရှိသည့်အပြင် မိသားစု၊ ပတ်ဝန်းကျင်သို့ ကူးစက်မှုကို လျှော့ချနိုင်သည်။

ယခုအခါ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာနှင့် ရန်ကင်း၊ ဗဟန်း၊ မရမ်းကုန်းနှင့် စမ်းချောင်းမြို့နယ်ရှိ ဖျားနာကုဆေးခန်းများသို့ သွားရောက်ပြသသော သံသယလူနာများထဲမှ တစ်နေ့ လျှင် ၂၀ ဦးကို Test and Care(AYA Center)သို့ စေလွှတ်၍ Rapid Antigen Test Kit (RDT) နှင့် စစ်ဆေးနိုင်ပြီ ဖြစ်သည်။

နိုင်ငံတော်၏ချီးမြှင့်မှု

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လမှစ၍ ဖျားနာကုဆေးခန်းများသို့ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထိုဂုဏ်ပြုမှတ်တမ်းလွှာတွင် “Fever Clinic စေတနာ့ဝန်ထမ်း အဖွဲ့အစည်းသည် မေတ္တာ၊ စာဂ၊ ဝီရိယကို အခြေခံ၍ ပါဝင်ဆောင်ရွက်ခြင်းအတွက် ပေးအပ်ချီးမြှင့်ကြောင်း”ပါရှိသည်။ Fever Clinic များ၏ စွမ်းဆောင်ရည်ကို နိုင်ငံတော်က အသိအမှတ်ပြုပြီဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်သည် မည်သည့်အချိန်တွင် ကင်းစင်သွားမည်ကို မည်သူမှမပြောနိုင်ပါ။ ကိုဗစ်-၁၉ ကို ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် ဖျားနာကု ဆေးခန်းများသည် New Normal အနေဖြင့် ရှေ့တန်းနေရာတွင် ဆက်ရှိနေကြမည်ဖြစ်သည်။ ပြည်သူများ၏အားကိုးရာ ဆေးခန်းများ ဖြစ်နေပြီလည်းဖြစ်သည်။ ယခင်က လူနာ ဆယ်ဂဏန်းမှ ယခု လူနာများလာသဖြင့် ရက်တိုးကြည့်ခြင်း၊ အချိန်တိုးကြည့်ခြင်းများ လုပ်ဆောင်နေရသည်။

စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် လူနာများလာသဖြင့် ပြည်သူလူထုကို ဝန်ဆောင်မှုပေးရန်အတွက် စေတနာ့ဝန်ထမ်း ဆရာဝန်များ၊ သူနာပြုများ၊ ပရဟိတ လုပ်အားရှင်များ လိုအပ်လျက်ရှိသည်။ ဆေးခန်းများ ရေရှည်ရပ်တည်နိုင်ရန် အလှူရှင်များလည်း လိုအပ်လျက် ရှိသည်။ ဖျားနာကုဆေးခန်းတစ်ခုဖွင့်ရန်မှာ သိပ်မခက်သော်လည်း သိပ်လည်းမလွယ်ကူပါ။ မြို့နယ်အဆင့် ကိုဗစ် ကော်မတီဝင် များ၊ အလှူရှင်များ၊ ပရဟိတလုပ်အား ရှင်များ၊ လုပ်အားပေးဆရာဝန်များ၊ သူနာပြုများ၏ စုပေါင်းအားဖြင့် ကိုယ့်ထူကိုယ်ထ ဖွင့်ကြရခြင်းဖြစ် သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် အချို့မြို့နယ်များနှင့် တိုင်း ဒေသကြီးနှင့်ပြည်နယ် အချို့တွင် ဖျားနာကုဆေးခန်းများ မဖွင့်နိုင်သေးပါ။ ဆေးခန်းများ ဖွင့်ပေးနိုင်လျှင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကို ဆောင်ရွက်နိုင်သလို ပြည်သူများ အတွက်လည်း အဆင်ပြေစေပါသည်။

သူရဲကောင်းတို့၏ သမိုင်းမှတ်တိုင်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က မတ်လ ၃၁ ရက်တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် “မပြည့်စုံသည့်ကြားက စိတ်ဓာတ်မြင့်မြင့်မားမားနဲ့ ရှေ့တန်းက တိုက်ပွဲဝင်နေတဲ့ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းတွေကို အထူး ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ၎င်းတို့ဟာ ပြည်သူများအတွက် တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေပဲ ဖြစ်ပါ တယ်” ဟု ပြောကြားသွားခဲ့သည်။ ကိုဗစ်-၁၉ တိုက်ပွဲသည် ရေရှည်တိုက်ပွဲဖြစ်သည်။ ပြည်သူများကလည်း မိမိတို့၏ အသိစိတ်ဓာတ်ဖြင့် ကျရာကဏ္ဍ၊ မိမိတို့နိုင်ရာ နယ်ပယ် အသီးသီးတွင် ဝင်ရောက်ပံ့ပိုး ကူညီဆောင်ရွက်လျက်ရှိ သည်။ ရှေ့တန်းခံတပ်များမှ တစ်ခုဖြစ်သော ပြည်သူလူထု ဖျားနာကုဆေးခန်းများသည်လည်း ကိုဗစ်-၁၉ ကို ထိန်းချုပ်နိုင်ရန် တစ်ထောင့် တစ်နေရာမှ ပါဝင်လုပ်ဆောင် လျက်ရှိသည်။ တိုက်ပွဲဝင်သူများသည် မလျှော့သော ဇွဲလုံ့လ၊ ခိုင်မာသော ဆုံးဖြတ်ချက်၊ အရှုံးမပေးသည့် စိတ်ဓာတ်များဖြင့် ကပ်ရောဂါကို ကျော်ဖြတ်နိုင်ရန် ဆက်လက်တိုက်ပွဲဝင်လျက်ရှိသည်။ သို့ဖြစ်၍ ကိုဗစ်-၁၉ ကို ကျော်လွန် အောင်နိုင်ပြီးသွားသည့် ကာလတွင်လည်း ပြည်သူလူထု ဖျားနာကုဆေးခန်းများသည် သမိုင်း မှတ်တိုင်တစ်ခုအနေဖြင့် တွင်ကျန်ခဲ့မည် ဖြစ်ပေသည်။ ။

ဒေါက်တာသီတာကြူး