မဟော်ဂနီရိပ်က သမိုင်းလှသည့် တောင်ငူဆောင်
အာကာတစ်ခွင်လုံး မှိုင်းပျရီမှောင်လျက်ရှိသည်။ ဒီဇင်ဘာဆောင်းက ပီပီပြင်ပြင် အေးမြလျက်။ နှင်းနုဖွဲဖွဲတို့ကလည်း ဆောင်း၏အလှကို ပါရမီဖြည့်လျက်။ မြောက်ပြန်လေနုအေးကလည်း လအစေ့ မှာ ပန်းပေါင်းစုံရနံ့တို့က မွှေးပျံ့ကြိုင်လှိုင်လျက်။ စိမ်းညိုအံ့မှိုင်းနေသော မြကျွန်းညိုညိုထက်က ကျေးငှက်သာရကာ လေးများကလည်း တစာစာနှင့် တေးသံကျူးရင့်လျက် ဆောင်း၏အလှ၊ ဆောင်း၏ သဘာဝသရုပ်ကို ဥဒါန်းကျူးလျက်နေပေသည်။ လောကဓာတ်တစ်ခုလုံးက လူတို့၏စိတ်ကို သိမ်းကျုံးယူငင် ဖမ်းစားနိုင်အားပေသည်။ သာယာလှပေစွ။ ထိုနေ့ကား ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက် တနင်္လာနေ့ပင်ဖြစ်သည်။ ဤနေ့သည် ရန်ကုန်မြေနှင့် ရန်ကုန်တက္ကသိုလ်ကြီးကို ကျွန်တော် စတင်ခြေချဖူးသောနေ့ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကြီး၏သမိုင်းကို ငယ်စဉ်ကပင်ကြားခဲ့ဖူးသည်။ ဖတ်ခဲ့ဖူးသည်။ မှတ်ခဲ့ဖူးသည်။ ထိုအချိန်မှစ၍ တွေ့ဖူးချင်ခဲ့သည်။ မြင်ဖူးချင်ခဲ့သည်၊ တက်ဖူးချင်ခဲ့သည်။ ဤစိတ်ဆန္ဒအတိုင်း တွေ့ဖူး၊ မြင်ဖူး၊ တက်ဖူးခဲ့ရ၍ ပျော်သည်။ ၂၀၁၅ ခုနှစ်မှ ယခုတိုင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် တာဝန်ထမ်းဆောင်နေရသည်ကို ကျေနပ်မိသည်။ ကျွန်တော် စတင်ရောက်ဖူးချိန်၌ ရန်ကုန်တက္ကသိုလ်ကြီး၏ အသက်မှာ ရှစ်ဆယ့်သုံးနှစ် ရှိလေပြီသည်။
၁၉၂၀ ပြည့်နှစ်၌ ကျောင်းအုပ်ကြီး မက်သရူးဟန်းတား တာဝန်ထမ်းဆောင်စဉ် ရန်ကုန်ယူနီဗာစီတီကောလိပ်တွင် ကျောင်း သား ကျောင်းသူပေါင်း ၆၉၂ ဦးခန့်ရှိသည်။ မူလ ဘက်ပတစ်အမည်မှ ဂျပ်ဆင်ခေါ် ယုဒသန်ကောလိပ်၌ ကျောင်းအုပ်ကြီး အာအယ်ဟောင်းဝပ် အုပ်ချုပ်ပြီး ကျောင်း သားကျောင်းသူပေါင်း ၁၃၇ ဦးခန့် ရှိသည်။ ထိုကောလိပ်နှစ်ခုကို ပေါင်းစည်းကာ ၁၉၂၀ ဒီဇင်ဘာလ ၁ ရက် ဗုဒ္ဓဟူးနေ့တွင် ကျောင်းသားပေါင်း ၈၂၉ ဦးနှင့် ရန်ကုန် တက္ကသိုလ်ကြီးကို စတင်တည်ထောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်၏ ပထမဆုံး အဓိပတိဖြစ်သူ မြန်မာပြည်၏ ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်က တက္ကသိုလ် ကို ၁၉၂၀ ဒီဇင်ဘာလ ၇ ရက် အင်္ဂါနေ့တွင် တရားဝင်ဖွင့်လှစ်ကြောင်းကြေညာခဲ့သည်။
ထိုအချိန်၌ မြန်မာပြည်၏ ဘုရင်ခံတို့ သည် ရန်ကုန်တက္ကသိုလ်၏ အဓိပတိအဖြစ် တာဝန်ထမ်းဆောင်ကြရသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ၁၉၄၂ မှ ၁၉၄၅ အထိ တက္ကသိုလ်ကို ခေတ္တပိတ်ထားခဲ့ရသည်။ ၁၉၄၆ ခုနှစ်မှစ၍ တက္ကသိုလ်ကို ပြန်ဖွင့်ခဲ့ သည်။ ထိုအချိန်တွင် ပညာရေး၊ အုပ်ချုပ်ရေး၊ ပြန်လည်ထူထောင်ရေးဟူ၍ သုံးပိုင်းခွဲကာ တာဝန်ယူဆောင်ရွက်ခဲ့ကြသည်။ ပညာရေး ဘက်တွင် ဒေါက်တာထင်အောင်၊ အုပ်ချုပ် ရေးဘက်တွင် ဦးဘ၊ ပြန်လည်ထူထောင်ရေး ဘက်တွင် ဒေါက်တာလှဘူးတို့က အသီးသီး တာဝန်ယူဆောင်ရွက်ခဲ့ကြသည်။
၁၉၄၆ မှ ၁၉၅၁ ခုနှစ်အထိ ဒေါက်တာ ထင်အောင်ကို အုပ်ချုပ်ရေးအရာရှိအဖြစ် တာဝန်ပေးခြင်း ခံရသည်။ ၁၉၅၁ ခုနှစ်မှ စတင်ကာ အုပ်ချုပ်သူကို ပါမောက္ခချုပ် ဟူသော အမည်ဖြင့် စတင်ခန့်အပ်ခဲ့ရသည်။
၁၉၅၁ မှ ၂၀၂၀ ခုနှစ်အထိ ပါမောက္ခ အရေအတွက်မှာ ၁၇ ဦးခန့် ရှိခဲ့ပါသည်။ ထိုပညာရှင်ကြီးများက တိုင်းပြည်နှင့် လူမျိုး ၏ အကျိုးကို ရှေးရှု၍ “နတ္ထိဝိဇ္ဇာ သမံမိတ္တီ” ဟူသော ဆောင်ပုဒ်နှင့်အညီ ရန်ကုန် တက္ကသိုလ်ကြီး အဘက်ဘက်မှ ဖွံ့ဖြိုး တိုးတက်ရန် လုံ့လဥဿာဟ ထုတ်ခဲ့ကြ သည်။ နှင်းများဝေနေသော ဆောင်းလရာသီ တွင်သတည်ကာ စတင်အုတ်မြစ်ချခဲ့သော တက္ကသိုလ်ကြီးသည် ဘူမိနက်သန် မှန်ကန် ခြင်းကြောင့် ၂၀၂၀ ဒီဇင်ဘာလ ၁ ရက် အင်္ဂါ နေ့တွင် နှစ်တစ်ရာတိုင်ခဲ့ပြီ ဖြစ်သည်။
ဤသို့ဆိုလျှင်ရန်ကုန်တက္ကသိုလ်ကြီး၏ အကိုင်းအခက်အလက်ဖြစ်သော မြန်မာစာ ဌာန၏ အသက်သည် ခုနှစ်ဆယ့်ကိုးနှစ်ရှိပြီ ဖြစ်ကာ နှစ်တစ်ရာသို့ ချီတက်၍ နေပေပြီ ဖြစ်သည်။ အသက်အရွယ် ကြီးရင့်သည့် အလျောက် မြန်မာစာဌာနသည် ခံ့ညားသည်။ တည်ငြိမ်သည်၊ အေးချမ်းသည်၊ သီလသမာဓိ ပညာနှင့် ပြည်စုံသော အရိယာကြီးကဲ့သို့ ကြည်ညိုဖွယ်ကောင်းသည်။ ဤဌာနကြီး သည် မြန်မာသာမက ကမ္ဘာကပင် လေးစား ရသော ဌာနကြီးဖြစ်ပေသည်။ ဆရာကြီး ဦးဖေမောင်တင်သည် ရန်ကုန်တက္ကသိုလ် တွင် တာဝန်ထမ်းဆောင်ချိန်မှစ၍ မြန်မာ စာပေကို အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက် အောင် ကြိုးပမ်းခဲ့သည်။ မြန်မာစာပေကို ကမ္ဘာသို့ ချပြနိုင်အောင် စွမ်းဆောင်ခဲ့သည်။ မြန်မာစာ မြန်မာဘာသာစကားကို တန်ဖိုး ထားတတ်စေရန်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ဖွံ့ဖြိုးလာစေရန် အသက်သွင်းနိုင်ခဲ့ သည်။ ဟုတ်မှန်ပေသည်။ ကြည်နူးစရာ ကောင်းလေစွ။
မြန်မာစာဌာနတွင် ၁၉၃၇ ခုနှစ်မှ ယခု ၂၀၂၀ ပြည့်နှစ်အထိ ပါမောက္ခဌာနမှူးအဖြစ် မြန်မာစာပေအကျိုး သယ်ပိုးထမ်းဆောင် ခဲ့သူများမှာ ဦးဧမောင် (၁၉၃၇-၁၉၆၁)၊ ဦးဝန် (မင်းသုဝဏ်)(၁၉၆၁-၁၉၆၂)၊ ဦးသိန်းဟန် (ဇော်(၁၉၆၂)၊ ဦးမောင်မောင်ကြီး (၁၉၆၂၁၉၇၄)၊ ဦးတင်ဧ (၁၉၇၄-၁၉၇၅)၊ ဒေါက်တာ မြင့်ကြည် (တက္ကသိုလ်မြတ်စိုး) (၁၉၇၅၁၉၇၈)၊ ဒေါ်သန်းဆွေ(၁၉၇၈ -၁၉၈၀)။ ဒေါ်စီစီဝင်း (၁၉၈၀ -၁၉၈၈)၊ ဦးဘိုသင်း၊ (၁၉၈၈ -၁၉၈၉)၊ ဦးရွှေသွင် (၁၉၈၉- ၁၉၉၁) ဒေါ်ပို ၁၉၉၁-၁၉၉၄)၊ (၁၉၉၇-၁၉၉၉)၊ ဒေါ်ခင်မေနွဲ့ (၁၉၉၄-၁၉၉၇)၊ ဦးဝင်မွန် ( ၈-၁၉၉၉)-(၁၁-၁၉၉၉)၊ ဒေါက်တာ ခင်အေး(မောင်ခင်မင်ဓနုဖြူ)(၁၉၉၉ -၂၀၀၆) ဒေါက်တာခင်ဆွေမြင့် (၅ -၂၀၀၆)-(၁၀ - ၂၀၀၇)၊ ဒေါက်တာခင်ဆန်းဦး (၁၀ - ၂၀၀၇)(၄-၂၀၁၃)၊ ဒေါက်တာအောင်မြင့်ဦး (၄-၂၀၁၃) - (၉-၂၀၂၀)၊ ဒေါက်တာညိမ်းညိမ်း (၉-၂၀၂၀ မှ ယခု လက်ရှိ ပါမောက္ခဌာနမှူး အထိ ၁၉ ဦးမျှ ရှိခဲ့သည်။
ဆရာကြီး ဆရာမကြီးတို့၏ ဝါသနာ ( ပါရာ၊ စိတ်အားထက်သန်ရာ၊ မိမိတို့ ကျွမ်းကျင်ရာအပေါ်မူတည်၍ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးကိုရှေးရှုကာ ရှေးဟောင်း စာပေများကို ပြန်လည်ထုတ်ဖော်ကြသည်။ သုတေသနပြုကြသည်။ ခေတ်သစ်စာပေ များကိုလည်း တီထွင်ကြံဆကြသည်။ ဝေဖန် သုံးသပ်ကြသည်။ စာပေခေတ်ပြောင်းစနစ် ပြောင်းကို ထိန်းကျောင်းနိုင်ခဲ့ကြသည်။ “လေ့လာဖတ်မှတ် နှံ့စပ်ကုန်စင် သိမြင်လိမ္မာ မြန်မာစာ”ဟူသော ဆောင်ပုဒ်နှင့်အညီ ကျင့်ကြံအားထုတ်ကြသည်။ ။
မြန်မာစာပေ ဖွံ့ဖြိုးရေးအတွက် ပုဂံ ခေတ်မှ မျက်မှောက်ခေတ်အထိ ပေါ်ပေါက် ခဲ့သော စာပေများကို ဝိုင်းဝန်း၍ ကြိုးပမ်း ဖော်ထုတ်ခဲ့ကြသည်။ ကျောက်စာ၊ မင်စာ၊ စဉ့်ကွင်းစာ၊ ပေစာ၊ ပုရပိုက်စာ၊ ပေကြိုးစာ စသည့် ရှေးဟောင်းစာပေများကို စောင့် ရှောက်ခဲ့ကြသည်။ ပျို့၊ လင်္ကာ၊ အဲ၊ အန်၊ သာချင်း၊ ရတု၊ မော်ကွန်း၊ ဧချင်း၊ တျာချင်း၊ လေးချိုးသဖြန် စသည်ရှေးကဗျာကြီးများ၏ အရေးအဖွဲ့စည်းစနစ်ကျပုံများကို အတုယူ ထိန်းသိမ်းကြသည်။ ဝတ္ထု၊ ပြဇာတ်၊ မေတ္တာစာ၊ စာ၊ ဗေဒင်ကျမ်းဂန်တို့မှ ဖွံ့ဖြိုးတိုးတက်လာသော မြန်မာစာ အရေးအသားနှင့် မြန်မာဘာသာစကား တို့ကို လေလာဆည်းပူး မှတ်တမ်းတင်ကြ သည်။ လောကတစ်ခွင်သာယာရွှင်ဖို့ ဦးနှောက်နှင့် နှလုံးသားဖွံ့ဖြိုးရန် လိုသည်။ ထို့ကြောင့် နှလုံးသားဖွံ့ဖြိုးစေရန် ရသ စာပေများကို သင်ကြားပို့ချပေးသကဲ့သို့ ဦးနှောက် ဖွံ့ဖြိုးစေရန် အတွက်လည်း သုတစာပေများကို လမ်းညွှန်ပို့ချလျက် ရှိသည်။ စာပေအမျိုးအစားနှင့် စာပေပုံ သဏ္ဌာန်များကို စည်းစနစ်တကျ သင်ကြား ပို့ချပေးသည့်အပြင် မြန်မာစာ မြန်မာစကား ကို မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်
ရှောက်ခဲ့ကြသည်။ ခေတ်စမ်းတစ်ခေတ်ကို ထူထောင်ခဲ့ကြသည်။ မော်ဒန်ခေတ်၌လည်း ရှင်သန်နေဆဲ ဖြစ်သည်။ မြန်မာစာပေ သည် မြန်မာတစ်မျိုးသားလုံး၏ နှလုံးသား ပြယုဂ်ဖြစ်သည်။ “သင်၏မျိုးသား၊ စာစကား လည်း၊ ကြီးပွားတက်မြင့်၊ ကျန်ကောင်း သင့်၏” ဟူသော ဆရာဇော်ဂျီ၏ သင်သေ သွားသော် ကဗျာမှ နှိုးဆော်မှုနှင့်အညီ မိခင် ဘာသာစကားကို မြှင့်တင်ကြရမည်။
စာပေမြင့်မှ လူမျိုးတင့်နိုင်မည်ကို သတိချပ် သင့်သည်။ စာပေသည် လူမျိုး၏အသက် ဖြစ်သည်။ စာပေပျောက်က လူမျိုးပျောက် နိုင်သည်ကို သတိပြုကြရမည်။အမျိုးပျောက် မှာ စိုးကြောက်မိသည်တော့ အမှန်ပင်ဖြစ် သည်။ ။
မြန်မာစာဌာနတွင် မြန်မာစာဘာသာရပ် သာမက မြန်မာမှုဘာသာရပ်ကိုလည်း (၁၉၉၉-၂၀၀၀) ပညာသင်နှစ်တွင် တိုးချဲ့ကာ ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ မြန်မာစာ၊ မြန်မာမှု ပညာကို ပထမနှစ်မှစ၍ ပါရဂူဘွဲ့ အထိ ဖွင့်လှစ်ထားရုံမျှမက စာပေတည်းဖြတ်မှု ဆိုင်ရာ ဒီပလိုမာသင်တန်းများကိုလည်း ဖွင့်လှစ်ထားသည်။ နိုင်ငံခြားတက္ကသိုလ် များမှ ကျောင်းသား ကျောင်းသူတို့အား လည်းမြန်မာစာပေနှင့်ဘာသာစကားများကို သင်ကြားပေးလျက်ရှိသည်။ ထို့အပြင် စာပေဟောပြောပွဲများ၊ ကဗျာရွတ်ပွဲများ၊ စာတမ်းဖတ်ပွဲနှင့်လည်း စည်ကားလျက် ရှိသည်။ ပညာရေးဝေးသည်မရှိဟူသော ဆောင်ပုဒ်နှင့်အညီ တောင်ငူဆောင်၏ အရိပ် ၌ လူကြီးလူငယ်တို့ ခိုလှုံကာ ပညာရည်နို့ သောက်သုံးလျက်နေကြသည်။ ။
တောင်ငူဆောင်၏ရှေ့တွင် မဟော်ဂနီ ပင်ကြီးကလည်း ထီးထီးမားမား စိမ်းစို ဝေဆာလျက်ရှိသည်။ မဟော်ဂနီနှင့် တောင်ငူဆောင်၊ တောင်ငူဆောင်နှင့် မဟော်ဂနီက ခွဲခြား၍ မရစကောင်းပေ။ မဟော်ဂနီ၏ အရိပ်အောက်တွင် တောင်ငူ ဆောင်နှင့်အတူ ချစ်စရာ၊ မက်စရာ တမ်းတစရာ ဦးချစ်လက်ဖက်ရည်ဆိုင်ကြီး ကလည်း လူတို့၏ အတိတ်ခြေရာ ကောက် သည့်နေရာ၊ နောင်အနာဂတ်ကို မျှော်ကြည့် သည့်နေရာ၊ ပစ္စုပ္ပန်တည့်တည့်ကို ဝေဖန် သုံးသပ်သည့်နေရာ ဖြစ်ခဲ့လေသည်။ ။
ရန်ကုန်တက္ကသိုလ်သမိုင်းကို ပြောလျှင် တောင်ငူဆောင်ပါရန် လိုသကဲ့သို့ ဦးချစ် လက်ဖက်ရည်ဆိုင်ကိုလည်း ချန်လှပ်ထား၍ မရနိုင်ပေ။ ဦးချစ်လက်ဖက်ရည်ဆိုင်သည် စာပေ၊ ဂီတ၊ အနုပညာရှင်များ ဆုံဆည်းရာ နေရာဖြစ်သည်။ စာပေလောက၏ အတွင်း နှင့် အပြင်ကို ဆက်စပ်ပေးသော နေရာ ဖြစ်သည်။ ပညာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်အရေးအားလုံးကို ဤနေရာ ၌ တိုင်ပင်ကြသည်။ ဆွေးနွေးကြသည်။ ဆုံးဖြတ်ကြသည်။ ကျွန်တော်အလုပ်ဝင်စ၌ ဤဦးချစ် လက်ဖက်ရည်ဆိုင်တွင် ကြာသပတေး စကားဝိုင်းရှိသည်။ ဤတွင် ပညာရှင်များ လာရောက်ကြသည်။ တွေ့ကြ သည်။ ဆုံကြသည်။ ပြောကြသည်။ ဟောကြ သည်။ တိုင်ပင်ကြသည်။ ဆွေးနွေးကြသည်။ ဤသည်တို့က ကြည်နူးပျော်ရွှင်ဖွယ်ရာ ဖြစ်သည်။ ကျွန်တော်တို့ထိုင်၍ နားထောင် ကြရသည်မှာ မငြီးငွေ့နိုင်။ တစ်ခါတစ်ရံ မိမိတို့ အမြင်လေးများကိုဝင်၍ ပြောဆို ဆွေးနွေးရသည်မှာလည်း ကျေနပ်စရာပင်။ ဤနေရာသည်လည်း ဗဟုသုတဘဏ်တိုက် သဖွယ် ဖြစ်ခဲ့သည်။ ။
ဤနေရာတွင် လွမ်းစရာပုံပြင်များ၊ ကြည်နူးစရာပုံပြင်များ၊ နာကြည်းစရာပုံပြင် များမှာ မရေတွက်နိုင်အောင် ရှိကြပေလိမ့် မည်။ မဟော်ဂနီပင်အောက် ကျပျောက်ခဲ့ သော အလွမ်းဝေဒနာ သောကခြေရာများကို ခံစားရင်း ဦးချစ်လက်ဖက်ရည် တစ်ခွက်နှင့် ဖြေသိမ့်ရသူတို့ကလည်း အနန္တရှိကြပေလိမ့် မည်။
ကျောင်းသား ကျောင်းသူ လူငယ် လူရွယ်တို့လည်းဤနေရာတွင် လွတ်လပ်စွာ ဂီတာတီးကြသည်။ သီချင်းဆိုကြသည်။ စာပေဆွေးနွေးကြသည်။ ကဗျာရေးကြသည်။ သူတို့၏ ပစ္စုပ္ပန်နှင့် အနာဂတ်အတွက် နှီးနှောတိုင်ပင်သည့် နေရာ။ အနာဂတ်ကို မျှော်တွေးသည့်နေရာ ဖြစ်သည်။ ဝိဇ္ဇာသိပ္ပံ ကျောင်းသူ ကျောင်းသားမခွဲခြား သူတို့ ပျော်ရွှင်ခဲ့ကြသည်။ စည်ကားလျက်ရှိခဲ့သည့် ဤနေရာသည် သူတို့အတွက် တမ်းတစရာ လှပသည့် အတိတ်သမိုင်းဖြစ်လာမည်မှာ မလွဲပင်ဖြစ်ပေသည်။
အေးမြသည့် မဟော်ဂနီရိပ်ကတောင်ငူ ဆောင်၊ စာကြည့်တိုက်နှင့် ခမ်းနားလှသည့် တောင်ငူဆောင်၊ ပြခန်းဆောင်နှင့် တင့်တယ် သော တောင်ငူဆောင်၊ စာပေသင်သံ အံသံ များနှင့် စည်ဝေနေသော တောင်ငူဆောင်၊ စာပေဟောပြောသံ၊ ကဗျာရွတ်ဆိုသံ၊စာတမ်း ဖတ်သံများနှင့် ပြည့်နှက်နေသော တောင်ငူ ဆောင်၊ ကျောင်းသားဟောင်း ကျောင်းသား သစ်များနှင့် ချစ်ခင်ကြသော စည်ကားလှ သည့် တောင်ငူဆောင် စသည် စသည်ဖြင့် ဂုဏ်တင့်စရာ သမိုင်းလှသည့် တောင်ငူဆောင်မှ မြန်မာစာဌာနသည် အမိရန်ကုန် တက္ကသိုလ်ကြီး၏ ဂုဏ်ကိုဆောင်လျက်ရှိ သည်။ ၁၉၂၀ ဒီဇင်ဘာလ ၁ ရက် ဗုဒ္ဓဟူးနေ့မှ စတင်ဖွင့်လှစ်ခဲ့သော ရန်ကုန်တက္ကသိုလ်ကြီး သည် ၂၀၂၀ ဒီဇင်ဘာလ ၁ ရက် အင်္ဂါနေ့ တွင် နှစ်တစ်ရာတိုင်တိုင် ပြည့်ခဲ့ပေပြီ။ ယခုမှသည် နောင်နှစ်ပေါင်း ထောင်သောင်း မကရှည်ကြာပါစေကြောင်း ဆုတောင်းရင်း ရာပြည့်တက္ကသိုလ် မြကျွန်းညိုကို ဂုဏ်ပြု လိုက်ရပေတော့သည်။
===== ဒေါက်တာဆန်းလွင် (မြန်မာစာ) = = = = =

စာရေးသူ၏ ကိုယ်ရေးအကျဉ်း
အမည်ရင်းမှာ ဆန်းလွင် ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ မြို့နယ်၊ ရွာတန်းရှည် (ထပ်ပိုး) ကျေးရွာတွင် အဖ ဦးလှရွှေ၊ အမိ ဒေါ်ကြည်တို့က ၁၉၇၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် (အင်္ဂါနေ့)တွင် မွေးဖွားခဲ့သည်။
- အခြေခံပညာကို (အမက ၃၆) ဂွေ့အိုင်ကျောင်းတွင်သင်ယူခဲ့သည်။
- တက္ကသိုလ်ဝင်တန်းကို အထက(၆) ဖလံကျင်းကျောင်းမှ အောင်မြင် ခဲ့သည်။
- မိတ္ထီလာတက္ကသိုလ်မှ မြန်မာစာ အမိကဖြင့် ဝိဇ္ဇာဂုဏ်ထူးဘွဲ့ရရှိကာ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့၊ မဟာသုတေသနဘွဲ့ တို့ကို ရရှိခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ ပါရဂူဘွဲ့ကို ရရှိခဲ့သည်။
- ဆန်းလွင်၊ ဆန်းလွင် (မြန်မာစာ)။ ကိုကြီးဆန်း(မြန်မာစာ)၊ ရွှေကြည် လွင် (မြန်မာစာ) ကလောင်အမည် များဖြင့် စာပေရေးသားလျက်ရှိသည်။
- ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန တွင် လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။