အမျိုးသားစာပေဆုရှင်တို့၏ ရင်တွင်းစကားသံများ
မြန်မာစာပေလောကတွင် ဘဝတစ်သက်တာ ပျော်မွေ့ခဲ့ကြပြီး မြန်မာစာပေကို ချစ်ခင်မြတ်နိုးကာ ပြည်သူများ အသိပညာတိုးပွားစေသည့် စာပေများ ရေးသားဖော်ကျူးခဲ့ကြသော စာရေး ဆရာကြီးများအား နိုင်ငံတော်က နှစ်စဉ် အမျိုးသားတစ်သက်တာ စာပေဆုနှင့် အမျိုးသား စာပေဆုများကို ရွေးချယ်ချီးမြှင့်ဂုဏ်ပြုခဲ့သည်။ ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေဆုများကို ရွေးချယ်ထုတ်ပြန်ခဲ့ရာ အမျိုးသားစာပေ တစ်သက်တာဆု ရရှိခဲ့ကြသည့် စာရေးဆရာကြီး နှစ်ဦးနှင့် အမျိုးသား စာပေဆုရ စာရေးဆရာ အချို့အား မြန်မာ့အလင်းက တွေ့ဆုံမေးမြန်းခဲ့ပါသည်။
အမျိုးသားစာပေတစ်သက်တာဆု
ဆရာကြီး ဦးညွန့်မောင်
(မောင်မောင်ညွန့်-မန်းတက္ကသိုလ်)
ဆရာကြီး မောင်မောင်ညွန့် (မန်း-တက္က သိုလ်)က “အရင်ကစာပေဆုနှစ်ဆုရခဲ့ဖူးတယ်။ ၁၉၉၈ ခုနှစ်က ပခုက္ကူ ဦးအုန်းဖေစာပေဆု ပြိုင်ပွဲမှာ ‘ကျမ်း’ စာပေပထမဆုနဲ့ ၁၉၉၉ ခုနှစ်မှာလည်း ပခုက္ကူဦးအုန်းဖေ စာပေဆု ပြိုင်ပွဲမှာ ‘ သုတေသနစာပေ’ ပထမဆုကို ရရှိခဲ့ ပါတယ်။ စာပေကို လေ့လာခဲ့တာကတော့ ငယ်စဉ် ကျောင်းသားဘဝကတည်းကပါပဲ။ ခေတ်စာပေထက် သမိုင်းနဲ့ ပတ်သက်တာတွေ၊ ကျမ်းစာပေတွေကို ပိုပြီးစိတ်ဝင်စားခဲ့တာ ဆိုတော့ အဲဒီလိုစာပေတွေ ရေးသားခဲ့တယ်။ လူငယ်တွေအနေနဲ့ စာပေအမျိုးအစားစုံစုံ လင်လင်ဖတ်စေလိုတယ်။ မြန်မာလို၊ အင်္ဂလိပ်လို ဖတ်စေချင်တယ်။ ခေတ်စာပေနဲ့ ရှေးဟောင်း စာပေတွေကို ဖတ်နိုင်ရင် ဗဟုသုတမျိုးစုံရပြီး အတွေးအခေါ်နဲ့ စဉ်းစားချင့်ချိန်နိုင်မှု ပိုရစေတာပေါ့။ နိုင်ငံအတွက်နဲ့ မိမိဘဝအတွက်ပါ တန်ဖိုးရှိတဲ့သူအဖြစ် နေထိုင်သွားနိုင်ပါတယ်” ဟု ပြောကြားသည်။
ဆရာကြီးသည် ၁၉၂၉ ခုနှစ်တွင် အဖ ဦးပိုး၊ အမိ ဒေါ်ဂေါက်တို့မှ တောင်သာမြို့နယ် နွားတဲ ရွာတွင် မွေးဖွားခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် မန္တလေးမြို့ လှသိပ္ပံအထက်တန်းကျောင်းမှ တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီး ၁၉၇၀ ပြည့်နှစ်တွင် မန္တလေးတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (မြန်မာစာ)၊ ၁၉၇၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ စာကြည့်တိုက်ပညာဘွဲ့လွန်ဒီပလိုမာ ရရှိခဲ့သည်။ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်တွင် စာကြည့်တိုက်မှူး-၂ တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူကာ တက္ကသိုလ်များသမိုင်းသုတေသနဦးစီးဌာန၌ အကြံပေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၆ ခုနှစ်ကစကာ စာပေများရေးသားခဲ့ရာ ပညာရပ်ဆောင်းပါး နှင့် စာပေဆောင်းပါး ၃၅ ပုဒ်ခန့် ရေးသားခဲ့ပြီး ယခုအခါ အမှတ် ၄၇၅၊ ဗဟိုလမ်း၊ ၃၅ ရပ်ကွက် ဒဂုံမြို့သစ် မြောက်ပိုင်း၊ ရန်ကုန်မြို့၌ နေထိုင်လျက်ရှိသည်။
ဆရာကြီး ဦးအံ့မောင်(အံ့မောင်)
အမျိုးသားစာပေတစ်သက်တာဆုရ ဆရာကြီး ဦးအံ့မောင်၏ ရင်တွင်းစကားသံမှာ “၁၉၇၄ ခုနှစ်မှာ အမျိုးသားစာပေဆု(ဘာသာပြန်)ကို ‘ရေသူမကလေးအန်းဒါးဆင်း’ ပုံဝတ္ထုများနဲ့ရရှိခဲ့တယ်။ နောက်ပြီး ‘ စိန်ပွင့်မြပွင့် ပတ္တမြားပွင့်’ ကဗျာများ စာအုပ်နဲ့ တော်ဘုရားကလေး စာပေဆု ကို ၂၀၀၉ ခုနှစ်မှာ ရရှိဖူးတယ်။ မြန်မာ စာပေလောကအနေနဲ့ကတော့ စာပေ၊ ပေစာနဲ့ မိုဘိုင်း စာပေအားလုံးကို တတ်ကြပါစေလို့ ပြောလိုပါတယ်။ တိုင်းပြည်အတွင်းမှာ ဆုံးရှုံးနေတာကြာပြီဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်ရရှိအောင် စာပေကနေ ကြိုးစား ရေးသားတာတွေ လိုအပ်ပါတယ်။ ငြိမ်းချမ်းမှလည်း လူငယ်တွေ အရွယ်ရောက် လာတဲ့အခါ ပညာပြည့်ဝပြီး ထိုက်တန်တဲ့ အလုပ်ကိုယ်စီနဲ့ ကျန်းမာချမ်းသာတိုးတက်တဲ့ လူငယ်တွေ ဖြစ်လာမှာပါ” ဟူ၍ မြန်မာ့အလင်းနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ဆရာကြီး ဦးအံ့မောင်၏ ဇာတိမှာ မုံရွာမြို့အနီး လယ်ဇင်ရွာဖြစ်ပြီး ၁၉၃၂ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် မွေးဖွားခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့၊ ၁၉၅၇ ခုနှစ်တွင် ဥပဒေဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန နှင့် အင်္ဂလိပ်စာဌာနတို့တွင် နည်းပြ၊ မော်ကွန်း သတင်းမဂ္ဂဇင်းတွင် အယ်ဒီတာချုပ်၊ ဆင်ဟွာ သတင်းဌာနတွင် ဘာသာပြန်၊ မြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂတွင် နာယကနှင့် မြန်မာနိုင်ငံ ကဗျာဆရာ သမဂ္ဂတွင် နာယကတာဝန် တို့ကို ထမ်းဆောင်ခဲ့သည်။ ဂျာနယ်၊ ဆောင်းပါး၊ ကဗျာ၊ ဘာသာပြန်၊ ပုံဝတ္ထု၊ ဝတ္ထုနှင့် စာအုပ်များစွာ ရေးသားခဲ့ပြီး မကြာမီက သုဝဏ္ဏသာမဇာတ်ပေါင်းခန်း ကဗျာစာအုပ်ကို ရေးသားခဲ့ သည်။ ယခုအခါ မုံရွာမြို့ အေးသာယာရပ်ကွက် ညောင်တစ်ပင်လမ်း ဈေးသစ်အနီးတွင် ဇနီး ဒေါ်ခင်အုန်းမြင့်၊ သား၊ မြေးများနှင့်အတူ နေထိုင်လျက်ရှိသည်။
အမျိုးသားစာပေဆု (ဝတ္ထုရှည် )
ဆရာ ဦးမိုးကျော်ဇင် (မိုးကျော်ဇင်)
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ် ကွင်းမြို့၌ ၁၉၈၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အဖ ဦးကျော်မြင့်၊ မိခင်ဒေါ်ခင်ဝိုင်းတို့မှ မွေးဖွားခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ကညွတ်ကွင်း အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကာ ၂၀၀၈ ခုနှစ်မှစ၍ နိုင်ငံခြား သင်္ဘောသားအဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၀၅ ခုနှစ် စက်တင်ဘာလ ရွှေအမြုတေမဂ္ဂဇင်း၏ ရွှေအသစ် ကဏ္ဍတွင် ‘နယ်နိမိတ်မရှိတဲ့နိုင်ငံ’ ဝတ္ထုတိုဖြင့် စာပေလောကသို့ ဝင်ရောက် ခဲ့ပြီး ၂၀၁၇-ခုနှစ်တွင် ‘ရန်ကုန်မြစ်၏ တစ်နေရာ’ မဂ္ဂဇင်းဝတ္ထုတိုများ၊ ၂၀၁၈ ခုနှစ်တွင် ‘ အခန်းနံပတ် ၆ ၊ ‘အိုအင်း၀’ အက်ဆေးအချို့နှင့် ဆောင်းပါးအနည်းငယ်၊ ၂၀၁၉ ခုနှစ်တွင် ‘ငါးဖမ်းသမား’ ဝတ္ထုတိုနှင့် ‘ချက်ကော့ရဲ့ သေနတ်’ဝတ္ထုတို၊ ၂၀၂၀ ပြည့်နှစ်တွင်‘လက်ဖက် ရည်ဆိုင်ထဲကအိမ်’ လုံးချင်း ဝတ္ထုတို စသည် တို့ကို ရေးသားထုတ်ဝေခဲ့သည်။
“စာပေကို ရေးသားတဲ့အခါမှာ ဘာကို ရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရေးသားခဲ့ တာ မရှိပါဘူး။ တွေ့၊ မြင်၊ ခံစားရတဲ့အပေါ်မှာ ရေးသားခဲ့တာပါ။ အမျိုးသားစာပေဆုရမယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ မမျှော်လင့်ဘဲ ဆုရရှိတဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။ အခုလို အပြင်ထွက်ပြီး လေကောင်းကောင်းရှူလို့ မရတဲ့ကာလမှာ ဆုရရှိတဲ့အတွက် မိသားစုနဲ့ ရေးဖော် ရေးဖက် မိတ်ဆွေတွေပီတိဖြစ် ဝမ်းသာနေကြပါတယ်။ အားလုံး ဝမ်းမြောက် ခွင့်ပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။ ငါးဖမ်းသမားဝတ္ထုတိုကို ရေးရတဲ့ အကြောင်း ရင်းက ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ကမ္ဘာ့ပင်လယ်ပြင်မှာ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်။ အသက်ရှင်ဖို့ အတွက် ဘယ်လိုရုန်းကန်ရတယ်။ ဒီလိုခေတ်မှာ ဒီလို နေထိုင်နေရပါတယ်ဆိုတာ ကြုံတွေ့ရမှုကို ကမ္ဘာ့တစ်နေရာမှာ တကယ်ရှိ နေပါတယ် ဆိုတဲ့ အကြောင်းကို သတင်းစကား ပါးချင်တာပါ”ဟု ဆရာ မိုးကျော်ဇင်က ဆိုသည်။
အမျိုးသားစာပေဆု (ဝတ္ထုတို)
ဆရာမ ဒေါ်ခင်ဖုဏ်းရည်
(နတ်မောက်အနီချို)
ဆရာမကြီး၏ အမည်ရင်းမှာ ဒေါ်ခင်ဖုဏ်း ရည် ဖြစ်ပြီး အဖ ဦးဘုန်းကျော် (နတ်မောက် ဘုန်းကျော်)၊ အမိဒေါ် အေးရီ(ညိုညက်)တို့က ၁၉၄၆ ခုနှစ်၌ နတ်မောက်မြို့တွင် မွေးဖွား သည်။ ၁၉၆၉ ခုနှစ်တွင် ပညာရေး တက္ကသိုလ်မှ B.Ed ဘွဲ့နှင့်၂၀၀၅ ခုနှစ်တွင် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ M.A(Eng:) ဘွဲ့ကို ရရှိခဲ့သည်။ တိုင်းအမျိုးသမီးပညာအုပ် (အိမ်တွင်းမှုသိပ္ပံ)အဖြစ် ၁၉၆၉ ခုနှစ်မှ ၁၉၇၃ ခုနှစ်ထိ မကွေးတိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၃ ခုနှစ် နောက်ပိုင်း အထက်တန်းပြဆရာမအဖြစ် အ.ထ.က(၁) ရန်ကင်း၊အ. ထ.က.(၆)စစ်တွေ နှင့် အ.ထ.က(၂) တာမွေတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၂ ခုနှစ်မှစတင်၍ ကဗျာ ရေးသားခဲ့ပြီး တိုင်းရင်းမေဂျာနယ်၊ ငွေတာရီ၊ ရှုမဝ၊ စန္ဒာ၊ စစ်ပြန်၊ မဟေသီ၊ လုံမ လေး၊ စံပယ်ဖြူ စသည့်မဂ္ဂဇင်းများ၌ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးများ ရေးသားခဲ့ သည်။ လုံမလေး မဂ္ဂဇင်းတွင် ဘာသာပြန် အခန်းဆက်ဝတ္ထုရှည်များ ရေးသားခဲ့ပြီး မိုးတိမ်တောင်များနှင့် အခြားဝတ္ထုတိုများ၊ ကဗျာအလှ စာအလှ၊ ရတနာအနှစ်သမီးချစ်၊တိမ်ဖြူတစ်ဆုပ် နွားတစ်အုပ် ကလေးပုံပြင်များ ရေးသားခဲ့သည်။၂၀၁၄ ခုနှစ်တွင် လေးကျွန်းကြာခိုင်နှင့်၂၀၁၉ ခုနှစ်၌ လမ်းဆုံး တော့ရွာနှင့် မဂ္ဂဇင်းဝတ္ထုရှည်များကိုလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အချစ်ခါးခါး အမုန်းချိုချို စာအုပ် ကိုလည်းကောင်း ရေးသားခဲ့သည်။ ဘာသာပြန်အနေဖြင့် မေကံကောင်း၊ ကိုယ့်ကိုကိုယ် ကိုး တိုး၍သာဝင်၊ ဝါဆိုလပြည့် လက်ဖက်ရည်ဆိုင်၊ အမေ့ခံ အတိတ်၊ အသက်ဆက်အားအင် စသည့်စာအုပ်များ ရေးသားခဲ့ပြီး ၂၀၁၄ ခုနှစ်၌ အမျိုးသားစာပေဆု(ဘာသာပြန်)ကို ကိုယ့်ကို ကိုယ်ကိုးတိုး၍သာဝင် စာအုပ်ဖြင့်ရရှိခဲ့သည်။ ယခုအခါ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၂) ရပ်ကွက်၌ နေထိုင်ကာစာပေများ ရေးသားလျက်ရှိသည်။
“လမ်းဆုံးတော့ရွာ မဂ္ဂဇင်းဝတ္ထုရှည်ဟာ ဝတ္ထုတို ၁၃ ပုဒ်ထဲမှာ နောက်ဆုံးပုဒ်ပါ။ ၂၀၁၅ ခုနှစ် အကြို နတ်မောက် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မော်ကွန်းစာစောင်ထဲက ဝတ္ထုတို ထည့်ထားတာပါ။ ရန်ကုန်ကနေ ကျောက်ပန်းတောင်း ကြေးနီရထားကို စီးနင်းတဲ့ အမျိုးသမီး တစ်ဦးရဲ့ အမြင်ကိုအခြေခံပြီး ရေးသားခဲ့တာပါ။ စားနပ်ရိက္ခာပင် မပေးနိုင်တဲ့ လယ်ယာမြေတွေကို လက်တစ်ဆုပ်စာ ငွေကြေးနဲ့ လဲလိုက်တဲ့အခါ တိုင်းပြည်မှာ အခက်အခဲများစွာ ဖြစ်သွားနိုင်တယ်ဆိုတာ နိမိတ်ပုံပြပြီး ရေးထားတာပါ။ မြေယာတွေ ပျောက်ကွယ် သွားရင် လူတွေအခက်အခဲ ကြုံရမယ်။ တောင်သူတွေ၊ တရားစီရင်ရေးနဲ့ ပညာရေး ကဏ္ဍတွေကို ရေးဖွဲ့ထားပြီးတော့ သူရထားစီးရင်း အိပ်မက်မက်ခဲ့တာကို ပြန်သတိရတဲ့အခါ သူသွားနေတဲ့ ခရီးဟာ ဗိုလ်ချုပ်သွားခဲ့တဲ့ ခရီးဖြစ်တယ်ဆိုတာ သတိပြုမိလာတယ်။ ဘယ်ကိုသွားတဲ့ ရထားမှန်း မသိမယ့် လမ်းဆုံးရင် ရွာရောက်မှာပဲဆိုပြီး ရေးဖွဲ့ထားတာပါ။
“ဒီဝတ္ထုတို ရေးတဲ့အချိန်ဟာ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲ မစသေးပါဘူး။ လမ်းဆုံးတော့ရွာ ဝတ္ထုတိုကို မိုးကုတ်သဟာရစာပေဆု အဖြစ်၂၀၁၉ ခုနှစ်မှာ ရခဲ့ပါသေးတယ်။ စာပေဟာ အချိန်ကာလ ကြာညောင်းပေ့မယ့် ပြန်လည်ဖတ်ရှုခံစားလို့ရတာကြောင့် အချိန်ကာလ တိုက်စားမှုကို ခံနိုင်တဲ့ ရတနာတစ်ပါးအဖြစ် ပိုပြီးနားလည် ခံစားမိပါတယ်။ ဆုရရှိတဲ့အပေါ် ဝမ်းသာဂုဏ်ယူပါတယ်။ စာဖတ်ပရိသတ်က လက်ခံတန်ဖိုးထားတယ်ဆိုတာ သိရတဲ့အတွက် ပိုပြီးဝမ်းသာမိ ပါတယ်” ဟု ဆရာမကြီး နတ်မောက်အနီချိုက ပြောသည်။
အမျိုးသားစာပေ( စာပဒေသာဆု)
ဆရာ ဦးတင့်ထွန်းနိုင် (ဉာဏ်ဝေ-မြစ်သာမြေ)
ဆရာ တင့်ထွန်းနိုင်သည် ၁၉၉၄ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ် နတ်ချောင်းရွာတွင် အဖ ဦးအောင်ဖြိုး၊ အမိ ဒေါ်တင်တင်ဝင်းတို့မှ မွေးဖွားပြီး ၁၉၉၉ ခုနှစ်အထိ နတ်ချောင်း အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၂၀၁၀ ပြည့်နှစ် တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် ၂၀၁၂ ခုနှစ်တွင် မုံရွာပညာရေး ကောလိပ်သို့ တက်ရောက်ကာ စစ်ကိုင်းပညာရေး တက္ကသိုလ်တွင် ဆက်လက် ပညာဆည်းပူး၍ B.Ed ဘွဲ့ (ပညာရေးဘွဲ့) ကိုရရှိသည်။ ပညာရေးကောလိပ် တက်ရောက်စဉ် မင်္ဂလာမောင်မယ်တွင်ကဗျာ၊ ဆောင်းပါးများ ရေးသားကာ ပညာရေးတက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်းတွင်လည်း မောင်ငြိမ်းချမ်း (မြစ်သာမြေ)၊ တမာမြေမောင်တင်ထွန်း အမည်ဖြင့် ကဗျာရေးသား ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် မောင်ငြိမ်းချမ်း(မြစ်သာမြေ)ကလောင်ဖြင့် ပညာတန်ဆောင် ဦးသန်းညွန့် ဝတ္ထုလတ်စာမူ ပထမဆုရရှိပြီး ၂၀၁၇ ခုနှစ်၌ အထူးဆု ဆက်လက်ရရှိခဲ့သည်။ ‘နှင်းတောင် တန်းကပန်းဥယျာဉ်’ စာမူဖြင့် ၂၀၁၉ ခုနှစ် အမျိုးသားစာပေ စာပဒေသာဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ နတ်ချောင်းအထက်တန်းကျောင်းတွင် အထက်တန်းပြ ဆရာအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိ သည်။
“ဒီစာအုပ်ဟာ ကျွန်တော်တစ်ဦး တစ်ယောက်တည်းအတွက် ရရှိတာမဟုတ်ပါဘူး။ နာဂ တောင်တန်းနဲ့ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသက ဘဝတူ ဆရာ၊ ဆရာမ တွေအတွက် ရရှိတာလည်း ဖြစ်ပါတယ်။ အားလုံးကို ဂုဏ်ပြုတယ်လို့ ခံယူပါတယ်။ အဲ့ဒီဒေသကို မရောက်ဖူး သေးတဲ့ ဆရာ၊ ဆရာမတွေ လေ့လာ သိရှိနိုင်ပြီး ထိုဒေသတွေရဲ့ လူမှုဘဝတွေကို တစ်စိတ် တစ်ဒေသ မြှင့်တင်နိုင်မယ်လို့ ခံယူတယ်။ စာပေတွေ ဆက်ရေးဖို့ ခွန်အားလည်း ဖြစ်စေပါတယ်။ အမျိုးသား စာပေဆုရတဲ့အတွက် ဝမ်းသာပျော်ရွှင်မိတယ်။ မြန်မာပြည်မြောက်ပိုင်းက နာဂတိုင်းရင်းသား အကြောင်းတွေသိပြီး လူမှုစီးပွားဖွံ့ဖြိုးဖို့အတွက် အလှူရှင်တွေ ပေါ်ပေါက်ပြီး ခရီးသွားလုပ်ငန်းအနေနဲ့လည်း အကျိုးရှိစေချင်ပါတယ်။ အဲ့ဒီမှာ တာဝန် ထမ်းဆောင်ကြမယ့် ဝန်ထမ်းတွေအတွက် တစ်စိတ်တစ်ဒေသ ခွန်အားအဖြစ် ဒီစာအုပ်ကနေ ပေးနိုင်မယ်လို့ ယုံကြည် ပါတယ်။ ပေးတဲ့ဆုဟာ ဘဝတူ ဆရာ၊ ဆရာမ အားလုံးဂုဏ်ပြုတယ်လို့ခံယူပါတယ်”ဟု ဆရာတင့်ထွန်းနိုင်က ပြောသည်။
တွေ့ဆုံမေးမြန်း-မောင်မောင်မြင့်ဆွေ၊ သန်းထိုက်၊ ဓာတ်ပုံ - သန်းစိုး