ရာပြည့်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုပါ၏
မောင်မိုးယံ (အမျိုးသားစာပေဆု)
၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံ၏ အမျိုးသားနိုင်ငံရေးသမိုင်းတွင် ကမ္ပည်းတင်မည့်နှစ် (၁၀၀) ပြည့် (ရာပြည့်သဘင်ပွဲ) ကြီးလေးခု ဆင်ယင်ကျင်းပမည့် နှစ်ထူးနှစ်မြတ်ကြီး ဖြစ်သည်။
မြန်မာ့ရုပ်ရှင်ရာပြည့်၊ ရန်ကုန်တက္ကသိုလ် ရာပြည့်၊အမျိုးသားအောင်ပွဲနေ့ရာပြည့်၊ မြို့မ အမျိုးသား ကျောင်းရာပြည့်ဆိုသော နှစ် (၁၀၀) သက်တမ်းကိုပြန်လည်ပုံရိပ်ပေါ်ကာ အောက်မေ့ဖွယ် အခမ်းအနားကြီး များကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စိုင်းပြင်းခဲ့ ကြသော်လည်း ကိုဗစ်ရောဂါဆိုးကြီးကြောင့် အခမ်းအနားများကျင်းပရန်အခက်အခဲရှိသဖြင့် တေးသီချင်းများမှ တစ်ဆင့်၊ရုပ်မြင်သံကြားအစီအစဉ်များမှ တစ်ဆင့်၊ သတင်းစာ၊ ဂျာနယ်များမှ တစ်ဆင့်ထုတ်လွှင့်ပြသ၊ ရေးသားဖော်ပြနေကြသည်မှာ သမိုင်းကို မှတ်ကျောက် တင်နေကြခြင်း ဖြစ်ပါသည်။
အမျိုးသားပညာရေးလှုပ်ရှားမှုကြီး
ထိုအခမ်းအနားကြီးများအနက် အမျိုးသားအောင်ပွဲနေ့ရာပြည့်၏ မူလဇာတိ ဇာစ်မြစ်မှာ ကျွန်ပညာရေးစနစ် ဆိုးကြီးကို ကန့်ကွက်သပိတ်မှောက်သည့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ၅ ရက်မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် နေ့ဖြစ်ပါသည်။ အမျိုးသားနေ့ (National Day ) ဖြစ်ပေါ်လာပုံသည် ရန်ကုန်တက္ကသိုလ် ဖွားမြင်လာခြင်းနှင့် ဆက်စပ်နေသည်။ ရန်ကုန်တက္ကသိုလ်ကို ဗြိတိသျှအစိုးရက၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ၁ ရက်နေ့တွင် ယခု တည်ရှိနေသော ကမာရွတ်နယ်မြေထဲတွင် စတင်ဖွင့်လှစ်ပြီး တက္ကသိုလ် အက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ အဆိုပါ ရန်ကုန်တက္ကသိုလ် အက်ဥပဒေသည် ကျွန်ပညာရေးကို သက်ဆိုး ရှည်စေသော ဥပဒေဖြစ်သလို မြန်မာလူမျိုးတို့ ၏ ဘာသာသာသနာနှင့် မြန်မာတို့၏ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်မှုအား ဖိနှိပ်ချုပ်ချယ်သည့်စနစ်ကို အခြေခံကာရေးဆွဲ ထားသော ဥပဒေဖြစ်သည်။ ထိုဥပဒေကို ပြင်ဆင်ပေးရန်ယုဒသန်ကောလိပ်နှင့် ရန်ကုန် ကောလိပ်ရှိကျောင်းသားများ ကစတင် တောင်းဆိုခြင်းကို ဗြိတိသျှအစိုးရက ငြင်းပယ်ခဲ့သဖြင့် သပိတ်မှောက်ရာမှ အမျိုးသားနေ့ဆိုသော အမျိုးသားပညာရေး လှုပ်ရှားမှုကြီး ဖြစ်ပေါ် လာခဲ့သည်။
အမျိုးသားပညာရေးလှုပ်ရှားမှုသည် ကျွန်စိတ်၊ ကျွန်သွေးများကိုအမြစ်က လှန်ပစ်သော အမျိုးသား စိတ်ဓာတ် ရေးရာ လှုပ်ရှားမှုနှင့်အခြေအမြစ်မှ ယိုယွင်းပျက်စီး နေသည့်ကိုလိုနီ ပညာရေးစနစ်ဆိုးကို အမြစ်က ဆွဲနုတ် မြေလှန်ပစ်သော အမျိုးသားပညာရေးလှုပ်ရှားမှုပင် ဖြစ်သည်။ ထိုလှုပ်ရှားကြီး၏ အောင်ပွဲသည်မြန်မာနိုင်ငံမှ ကျောင်းသူ ကျောင်းသား၊ အလုပ်သမား လယ်သမား၊ သံဃာအပေါင်းမကျန် ပြည်သူတစ်ရပ်လုံး၏ ထောက်ခံ အားပေးမှုကို ရရှိခဲ့ပြီး ဗြိတိသျှအစိုးရ လက်မှိုင်ချခဲ့ရသည်။
မြန်မာမျိုးချစ်တို့တိုက်ပွဲဝင်ကာ ထူထောင်နိုင်ခဲ့သောအမျိုးသားပညာရေး ကျောင်းများ ပေါ်ပေါက်လာမှု သမိုင်းအစ လှုပ်ရှားမှုမှ အမျိုးသားအောင်ပွဲနေ့ဆိုသော သမိုင်းဝင်ပန်းချီကားကြီးတစ်ချပ် ယနေ့တိုင် စိုက်ထူနိုင် ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင် ဘာလတွင်နှစ် (၁၀၀)တိုင်ခဲ့လေပြီ။ အမျိုးသားရေး စိတ်ဓာတ်ရှိသူတိုင်း၏ နှလုံးသားတွင် အမျိုးသား အောင်ပွဲနေ့သည်ကားအမြဲကိန်းအောင်းလျက် ရှိနေကြပေမည်။
မြန်မာနိုင်ငံသမိုင်းတွင်အာဏာလုရင်း အချင်းချင်းစစ်ခင်းခဲ့ကြသော ပဒေသရာဇ်ခေတ်၏ အမွေဆိုးက တိုင်းပြည်ပြိုကွဲဖရိုဖရဲ ဖြစ်ရန် လမ်းစပေါ်ပေါက်မှုကို ဗြိတိသျှ၊ ပြင်သစ်၊ ပေါ်တူဂီတို့က စောင့်ကြည့်ကာ သွေးခွဲခဲ့ကြသည်။ မြန်မာဘုရင်၏ အားနည်း ချက်ကို ဗြိတိသျှအစိုးရက လက်ဦးမှုယူကာ (၁၈၂၄၊ ၁၈၅၂၊ ၁၈၈၅) ခုနှစ်တို့တွင် စစ်ပွဲကြီး သုံးကြိမ်ဆင်နွှဲကာမြန်မာတစ်နိုင်ငံလုံးကို ကျွန်အဖြစ် သိမ်းပိုက်ခဲ့သည်။ မြန်မာတို့ သူ့ကျွန်ဘဝ ကျရောက်ခဲ့ရပြီးနောက် ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့တွင် သပေါက်ဘဝ အထိ၊ အိန္ဒိယအစိုးရ၏ တစ်ဆင့်ခံ အုပ်ချုပ်ခံ ဘဝကို ကျရောက်ခဲ့ရသည်မှာ သင်ခန်းစာယူ သင့်သော သမိုင်းအလှည့် အပြောင်း ဖြစ်သည်။
ပညာမတတ်ခြင်းသည် အဆိုးဆုံးသော လူဘဝတန်ဖိုး နိမ့်ကျခြင်းဖြစ်သည်။ ယနေ့ ခေတ်ကာလ ကမ္ဘာပေါ်တွင် အင်အားပြိုင်ဆိုင်မှုများ ကြီးမားလာသောအခါ နောက်ဆုံးအဖြေ မှာပညာသာလွန်မှုက လွှမ်းမိုးလာခြင်းဖြစ် သည်။ အင်အားတောင့်တင်းခိုင်မာခြင်းက အမှန်တရားဆိုပါလျှင် ပညာအားနည်းသော၊ နည်းပညာ အစွမ်းအစ၊ တီထွင်မှုအားနည်းသော နိုင်ငံတို့ နောက်ကျကျန်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ယနေ့တိုင် Education Might ကို ရဖို့ ကြိုးပမ်း နေရဆဲဖြစ်သည်။
ဘုန်းတော်ကြီးကျောင်းပညာရေး
မြန်မာနိုင်ငံကျွန်ဘဝမရောက်မီက ဘုန်းတော်ကြီးကျောင်း ပညာရေးသည် အခရာဖြစ်သည်။ မိမိတို့ သားတော်များကို ဘုရင်က အဋ္ဌာရဿ ၁၈ ရပ်အနက် စာတတ်ရန် ဦးစွာ ဘုန်းကြီးကျောင်းဆရာတော်များထံ တွင် အပ်နှံကာ ပညာသင်ကြားစေခဲ့သည်။ ဘုန်းကြီးတို့က ဗုဒ္ဓဘာသာအခြေခံသော ပြည်သူ့နီတိ ကိုယ်ကျင့်တရား၊ မင်္ဂလာတရား တော်တို့နှင့်အညီ ကျင့်ကြံနေထိုင်တတ်ရန် သင်ကြားခဲ့ပြီး ကဗျာ၊ ဂီတ၊ ဘာသာစာပေ ယဉ်ကျေးမှုများဖြင့် မိမိတို့ မျိုးရိုး ဓလေ့အစဉ်အလာများကို ဆုံးမသွန်သင်ခဲ့ကြသည်။ သို့သော် ပြည်ပနိုင်ငံသားတို့ ဝင်ရောက်လာ ခြင်းမှအစ သာသနာပြုဖို့၊ စီးပွားရှာဖို့ဆိုသော အကြောင်းတွင် နေရာထိုင်ခင်း နှင့် ကျောထောက်နောက်ခံရှိဖို့ လိုအပ်သည်။ သာသနာပြုတို့ကဘုရင်ထံ ခစားဝင်ကြသလို စီးပွားရေးသမား ကုန်သည်များက မိဖုရားများထံ မှူးကြီးမတ်ရာမှတစ်ဆင့် ခစားဝင်ကြ သည်။ ထိုအခါ ဘာသာစကား ဆက်သွယ်ရေးသည် အရေးပါကြောင်းသိလာကြသည်။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးတွင်ဘာသာ စကားတတ်မှ အဆင်ပြေနိုင်ကြောင်း သိလာသောအခါ ဘုရင်တို့က တိုင်းတစ်ပါးသို့ ပညာသင်စေလွှတ်ရန် နိုင်ငံခြားသား သာသနာပြုများကို နန်းတော်သို့ ဖိတ်ကြားကာ အင်္ဂလိပ်စာ၊ ပြင်သစ်စာ စကားတို့ကို သင်ကြားစေခဲ့သည်။ ဤသို့ ဆရာ တင်ရခြင်းက ပညာလိုလားမှုအစဖြစ်သည်။ မင်းတုန်းမင်းသည် အင်္ဂလန်မှ ရောက်နေသော သာသနာပြုဘုန်းကြီး (ဆရာမှတ်ကြီး)ကို မန္တလေးတွင် နေရာပေးကျောင်းဖွင့်ကာသားတော်၊ တူတော်များကို အင်္ဂလိပ်ဘာသာစာပေ စကားသင်ကြားစေခဲ့သည်။ သံဒင်းကျောင်းဟု ယခုတိုင်အမည်တွင် လျက်ရှိသည်။
သာသနာပြုစာသင်ကျောင်းများ
နောင်အခါ ဆရာမှတ်ကြီးသည် ဘုရင့်ထံပါး တံခါးမရှိ၊ ဓားမရှိဝင်ခွင့်ရရာမှ ရန်ကုန်မြို့ တွင်သာသနာပြု စာသင်ကျောင်းများတစ်စ တစ်စဖွင့်လှစ်နိုင်ခဲ့သည်။ ထိုမှတစ်ဆင့်နယ် များသို့ ပျံ့နှံ့ခဲ့သည်။ ၁၈၆၈ ခုနှစ်တွင် ဗြိတိသျှ မဟာဝန်ရှင်တော်မင်းကြီး အာသာဖယ်ရာ သည် အခြေခံမူလတန်းမှ အလယ်တန်း၊ အထက်တန်းပညာ သင်ကြားနိုင်ရန် ပညာ ရေးစီမံကိန်းကို ရေးဆွဲပြီးပညာရေးဌာန စတင်ဖွဲ့စည်းခဲ့သည်။ ၁၈၇၄ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မဟာဝန်ရှင်တော်မင်းကြီး ဖယ်ရာ နေထိုင်သော အိမ်ကိုအစိုးရတန်းမြင့်ကျောင်း စတင်ဖွင့်လှစ်ခဲ့သည်။ ထိုတန်းမြင့်ကျောင်းသည် ယခုစင်ထရယ်ဟုခေါ်သော အ.ထ.က(၁) လသာ ယောကျ်ားလေး ကျောင်းဖြစ်သည်။ ထိုကျောင်းကို ၁၈၇၈ ခုနှစ်တွင် တန်းမြင့်ကျောင်း အဆင့်မှ ရန်ကုန် ကောလိပ်အဖြစ် ဖွင့်ပြီး အိန္ဒိယ ကာလကတ္တားတက္ကသိုလ်၏အုပ်ချုပ် မှု အောက်တွင်ထားခဲ့သည်။ ၁၈၈၃ ခုနှစ်တွင် ဘီအေဘွဲ့အထိ ပညာသင်ကြားခဲ့သည်။ သို့သော်အများစုမှာအင်္ဂလိပ်နှင့်အိန္ဒိယ နွယ်ဖွားများ၊ နိုင်ငံခြားသားများသာ တက်ကြရသည်။
၁၈၇၂ ခုနှစ်တွင် အမေရိကန်သာသနာပြု အဖွဲ့က အလုံမြို့နယ်ရှိ ကူရှင်ကျောင်းနေရာတွင် ဘက်ပတစ်ကောလိပ်ကို စတင်ဖွင့်လှစ်ခဲ့သည်။ ထိုအချိန်တွင် အောက်မြန်မာနိုင်ငံရှိ တနင်္သာရီ နှင့် ရခိုင်ဒေသကို အင်္ဂလိပ်တို့က သိမ်းပိုက်ကျွန်ပြုထားပြီး ဖြစ်သည်။ ကူရှင် ကောလိပ်တွင် အများစုမှာ နိုင်ငံခြားသားများသာ ပညာသင်ကြားခွင့်ရခဲ့ကြသည်။ မြန်မာတို့မှာ သုံးလေးငါး ယောက်သာ တက်ခွင့် ရခဲ့သည်။ ကူရှင်ကောလိပ်ကို ၁၈၇၈ ခုနှစ်တွင် ရန်ကုန်ကောလိပ်ဟု အမည်ပြောင်းကာ အိန္ဒိယနိုင်ငံ ကာလကတ္တားတက္ကသိုလ်၏ အုပ်ချုပ်မှုအောက်တွင် ထားရှိပြီး စာမေးပွဲစစ်ခဲ့သည်။ ၁၈၉၂ ခုနှစ်တွင် ရန်ကုန်ကောလိပ် ကိုသီးခြားတက္ကသိုလ်အဖြစ် ထူထောင်ရန် မြန်မာလူငယ်တို့က တောင်းဆိုခဲ့ကြသည်။ သို့သော်အင်္ဂလိပ်အစိုးရက မြန်မာလူမျိုးတို့ ပညာမသင်ကြားနိုင်ရန်၊ စာမတတ်စေရန် ရည်ရွယ်ချက်ဖြင့် ခွင့်မပြုခဲ့ပေ။ ၁၈၉၄ ခုနှစ် တွင်ကူရှင်ရန်ကုန်ကောလိပ်၌ဥပစာတန်း၊ ၁၉၀၉ ခုနှစ်တွင် ဘီအေတန်းများ ဖွင့်လှစ်ခဲ့ သော်လည်းကာလကတ္တားတက္ကသိုလ်မှ စစ်ဆေးသောစာမေးပွဲသာဖြစ်ပြီး မြန်မာ ကျောင်းသား၁၀ ဦးတွင်တစ်ဦး၊နှစ်ဦးသာ စာမေးပွဲ အအောင်ပေးခဲ့သည်။
အခွင့်အရေးမရ
မြန်မာတို့ တက္ကသိုလ်ကောလိပ်ပညာရေးကို တက်ရောက်ရန်ခက်ခဲသလို အသက် မွေးဝမ်းကျောင်း ပညာဖြစ်သော စက်မှုပညာ သင်ကျောင်းများတွင်လည်း တက်ရောက်ရန် အခွင့်အရေးမရခဲ့ပေ။အင်းစိန် အစိုးရစက်မှုလက်မှု သင်တန်းကျောင်းကို၁၈၉၅ ခုနှစ် တွင် ဖွင့်လှစ်တည်ထောင်ခဲ့သည်။ ၁၉၀၇ ခုနှစ်တွင် သင်တန်းသား ၆၃ ယောက်ရှိရာ အင်္ဂလိပ်ကပြား ၉ ယောက်၊ အိန္ဒိယနွယ်ဖွား ၄၀၊ မြန်မာ ၁၄ ယောက်သာ တက်ခွင့်ရခဲ့သည်။ အဓိက ရည်ရွယ်ချက်မှာ အင်္ဂလိပ်တို့၏ မီးရထားစက်ရုံ၊ သင်္ဘောကျင်းစက်ရုံ၊ သင်္ဘောလုပ်ငန်း၊ မီးရထားလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများတွင် အင်္ဂလိပ်နှင့် အိန္ဒိယနွယ်ဖွား များသာ အဓိက အလုပ်ခန့်ထားရန် ဖြစ်သည်။
မြန်မာတို့မှာ အင်းစိန်စက်မှုကျောင်းမှ သင်တန်းဆင်းပါက အောက်ဆုံးအဆင့်တွင်သာ အလုပ်ရကြသည်။ စာပေသင်ကြားရန် ခက်ခဲသလို စက်မှုလက်မှု အတတ်ပညာတွင် သင်ကြားခွင့်ရရန် ခက်ခဲခဲ့ကြသည်။
ဂျပ်ဆင်ဘာသာရေးကျောင်းဖွင့်လှစ်
၁၉၁၈ ခုနှစ်တွင် အမေရိကန်သာသနာပြု ဆရာကြီး မစ္စတာဂျပ်ဆင် ဆိုသူသည် သူ၏ သာသနာပြု ထောက်ပံ့ ငွေဖြင့် ပြည်လမ်းတွင် ဂျပ်ဆင်ဘာသာရေးကျောင်းကို စတင်ဖွင့်လှစ် ခဲ့ပြီး ဂျပ်ဆင်ကောလိပ်ကိုပါ ဖွင့်လှစ် ခဲ့သည်။ သူတို့ဘာသာ ကိုးကွယ်သူ မြန်မာလူငယ်များ ကို ဦးစားပေး ကျောင်းတက်ခွင့် ပြုခဲ့သည်။ ဂျပ်ဆင် ကောလိပ်ဖွင့်လှစ်ပြီးနောက် ဗြိတိသျှ အစိုးရက ၁၉၁၈ ခုနှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံတက္ကသိုလ်ကော်မတီကို ဖွဲ့စည်းသည်။ ထိုကော်မတီသည် တက္ကသိုလ် သင်ရိုးကိစ္စများကို အဓိကထားကာအိန္ဒိယအစိုးရ ကာလ ကတ္တား တက္ကသိုလ်မှပညာရှင် ငါးဦးနှင့် မြန်မာ ကိုယ်စားလှယ်အချို့ ပါဝင်ဖွဲ့စည်းခဲ့သည်။
ကာလကတ္တားတက္ကသိုလ်၏ အကြံပြု ချက်အရ-
(၁) တက္ကသိုလ်သည် ကောလိပ် ကျောင်းခွဲမထားသည့် ဗဟို တက္ကသိုလ်နှင့်ကျောင်းအိပ် ကျောင်းစား တက္ကသိုလ်ဖြစ်ရမည်။
(၂) ပညာရေးနှင့်ပတ်သက်သော ကိစ္စများကို ပညာရေးဆိုင်ရာ အဖွဲ့ကသာ ကိုင်တွယ်ရမည်။
(၃) ပညာရေးနှင့် အုပ်ချုပ်ရေး ပူးပေါင်း ဆက်သွယ်ဆောင်ရွက်ရမည်။
(၄) တက္ကသိုလ်၏ ရေးရာများကို အစိုးရ လက်အောက်တွင်သီးခြား ကင်းလွတ်သော အဖွဲ့အနေဖြင့် ဆောင်ရွက် ခွင့်ရှိသည်ဟုဆိုသော အကြံပြုချက်ကို ဘုရင်ခံက လက်ခံကာ ၁၉၂၀ ပြည့်နှစ် ဇူလိုင်လတွင် ဘုရင်ခံ ကောင်စီအစည်းဝေးတွင် တင်သွင်းခဲ့သည်။
ထိုဥပဒေမူကြမ်းကိုမဒရပ်တက္ကသိုလ်မော်ကွန်းထိန်းဖြစ်သူ မစ္စတာဒရူးဘာရီက ရေးဆွဲခဲ့သည်။ ၁၉၂၀ ပြည့်နှစ် ဩဂုတ်လတွင် ကျင်းပသော အစိုးရအိမ်တော်ဥပဒေပြု လွှတ်တော်အစည်း အဝေးတွင် ဥပဒေမူကြမ်းကို အဆိုတင်သွင်းရာမြန်မာအမတ်များဖြစ်သည့်ဦးချစ်ဖေ၊ ဦးမြင့်၊ဦးလှဖေတို့က အကျယ်တဝင့်ကန့်ကွက် ခဲ့ကြသည်။ ကန့်ကွက်ချက်မှာ တက္ကသိုလ်ကို ယူနီထရီ စနစ်(Unitary System) မျိုးဖြင့် မတည်ထောင် ဘဲ ဖက်ဒရယ် စနစ်မျိုးဖြင့်သာ တည်ထောင်ရန် ဖြစ်သည်။ ဥပဒေပြုကောင်စီတွင်လည်း မြန်မာအများစု ပါဝင်ဖွဲ့စည်းရေး တောင်းဆိုခဲ့ကြသည်။
အတင်းအကျပ်ပြဋ္ဌာန်းခဲ့
မြန်မာတို့က တက္ကသိုလ်တစ်ခု ရရှိလို သော်လည်းဗြိတိသျှတို့ရေးဆွဲပေးမည့် ဥပဒေကြမ်းကို မလိုလားကြပေ။ အိန္ဒိယမှ အကြံပြုရေးဆွဲသည့် ဥပဒေမူကြမ်း ပေါ်ပေါက် လာကတည်းကပင် ကန့်ကွက်ခဲ့ကြသည်။ မြန်မာ နိုင်ငံကို အဆင့်အတန်းမြင့်မားသော အုပ်ချုပ်ရေးစနစ်ရရှိရေး တောင်းဆိုရန် အင်္ဂလန်တွင် ရောက်ရှိနေသော မြန်မာ ကိုယ်စားလှယ် ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန်တို့က အင်္ဂလိပ်မိတ်ဆွေများမှတစ်ဆင့် ဗြိတိသျှ အောက်လွှတ်တော်တွင် ကန့်ကွက်ပေးရန် မေတ္တာရပ်ခံခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ် ဇူလိုင်လတွင် ကျင်းပသော မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအသင်းကြီးမှလည်း တက္ကသိုလ် ဥပဒေကို ကန့်ကွက် ခဲ့ကြသည်။ သို့သော် အင်္ဂလိပ်တို့က ခွင့်မပြုဘဲ မြန်မာတို့အပေါ် ကျွန်သက်ရှည်ရေးသာ စဉ်းစားခဲ့ကြသည်။ မြန်မာတို့လိုလားသော ပညာရေးဥပဒေကြမ်း ပြုပြင်ရေးဆွဲရေးကို ခွင့်မပြုဘဲ ၁၉၂၀ ပြည့်နှစ်ဒီဇင်ဘာလ၁ရက်နေ့တွင် ရန်ကုန် ကောလိပ်ဥပဒေကိုအတင်းအကျပ် ပြဋ္ဌာန်းခဲ့ကြသည်။ မြန်မာနိုင်ငံသားတို့သည် တက္ကသိုလ်ကောလိပ် ပညာ သင်ကြားရေးတွင် အခက်အခဲ အကျပ်အတည်းဖြစ်ရုံမက အလယ်တန်း၊ အထက်တန်းကျောင်းများ ဖွင့်လှစ်ခွင့် ရရေး၊ ပညာသင်ကြားရေးပါ နစ်နာဆုံးရှုံးခဲ့ကြသည်။ ဘုန်းတော်ကြီးပညာသင်ကြားရေး စနစ်သည် မူလတန်း အဆင့်သာရှိရာ အင်္ဂလိပ်တို့ကအထက်တန်းပညာရေးဖွင့်ခွင့်မပေးသဖြင့် ကိုယ်ပိုင်အိမ်များတွင် အထက်တန်း ပညာကို သင်ကြားကြပြီး တက္ကသိုလ်တက်ခွင့်ရရှိရေး ကြိုးစားခဲ့ကြသည်။ သို့သော်ကာလကတ္တားတက္ကသိုလ်၏ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်မှသာ တက်ခွင့်ရခဲ့ကြသည်။ တစ်နှစ်လျှင် သုံးလေး ဦးသာ ခွင့်ပြုခဲ့ကြသည်။
ထိုကာလတွင်တက္ကသိုလ်တက်ခွင့်ရ နေသော ကျောင်းသားများအနက်ကိုဘရှင်၊ ကိုညီပိတ်၊ ကိုဖိုးကွန်း၊ ကိုဧ၊ ကိုလှတင်၊ ကိုဖေသိန်း၊ကိုထွန်းဝင်း၊ ကိုဘရှင်(MA)၊ ကိုဘခင်၊ ကိုအောင်ဒင်၊ ကိုဘဦးတို့၁၁ ဦး သည် ကောလိပ်ဥပဒေကြမ်းကို ကန့်ကွက်ရန် ဆုံးဖြတ်ခဲ့ကြပြီး ၁၉၂၀ ပြည့်နှစ်ဒီဇင်ဘာလ၁ ရက်နေ့တွင် ရွှေတိဂုံဘုရားကုန်းတော်ရှိ စနေထောင့်တွင် စတင်စုဝေး ခဲ့ကြသည်။ တက္ကသိုလ်အက်ဥပဒေကို သပိတ် မှောက်ရေး လျှို့ဝှက်စွာ နှစ်နာရီနီးပါး ဆွေးနွေးကြပြီးနောက် ရန်ကုန်တက္ကသိုလ်ထဲသို့ ပြန်လည် ဝင်ရောက် ခဲ့ကြသည်။ ဒီဇင်ဘာလ၄ ရက်နေ့တွင် ရန်ကုန်ကောလိပ်ရှိ ကျောင်းသား ခေါင်းဆောင်၁၁ ဦးနှင့် ယုဒသန်ကောလိပ်မှ ကိုဖိုးကျား၊ ကိုမြင့်၊ ကိုဖိုးလတ် အစရှိသော ကျောင်းသားခေါင်းဆောင်တို့ ပူးပေါင်းကြကာ ကောလိပ် ကျောင်းသား ၆၀၀ ကျော် စုဝေးပြီး သပိတ်မှောက်ရေး ဆွေးနွေးခဲ့ကြသည်။
ကျောင်းသားသပိတ်အဖွဲ့က ဆွေးနွေးရာတွင် တက္ကသိုလ်အက်ဥပဒေကို ပြုပြင်ပေးရန်အတွက် သပိတ်မှောက် ကြရန် ယေဘုယျ သဘောတူကြသည်။
(၁) တက္ကသိုလ်ဥပဒေကို ပြင်ဆင်ပေးရန်နှင့် ဘုရင်ခံထံလျှောက်ထားရာ လိုက်လျောခြင်း မပြုသမျှ သပိတ် မှောက်ရန်၊
(၂) မကျေနပ်မှုများကို ထိထိရောက်ရောက်ပြသည့် အနေဖြင့် သပိတ်မှောက်ပြီးမှ လိုလားချက် တောင်းဆို လွှာကိုတင်ရန်ဟု ညှိနှိုင်းကြပါသည်။
သဘောထားနှစ်ရပ်ကွဲလွဲ
ညှိနှိုင်းမှုတွင် သဘောထားနှစ်ရပ် ကွဲလွဲ ခဲ့ကြပါသည်။ မဲခွဲဆုံးဖြတ်ကြရာ သပိတ် မှောက်ပြီးမှ တောင်းဆိုလွှာကို တင်ရန်ဘက်မှ အနိုင်ရပါသည်။ ယုဒသန်ကောလိပ်မှ ကိုဖိုးကျား (နောင်တွင် ပညာဝန်) က ရှုံးသော်လည်း အနိုင်ရရှိသောအဖွဲ့နှင့် ပူးပေါင်းကာ သပိတ်မှောက် လှုပ်ရှားမှုတစ်လျှောက်လုံး အမျိုးသားပညာရေး ခရီးစဉ် တစ်လျှောက်လုံး၊ မဖောက်မပြန် အတူလက်တွဲ တိုက်ပွဲဝင်ခဲ့ကြ ပါသည်။
ထိုသပိတ်မှောက်အဖွဲ့သည်အချက် သုံး ချက်ကို ဆုံးဖြတ်ချက်ချမှတ်ကာ ရန်ကုန်တက္ကသိုလ်မှ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ၅ ရက်နေ့တွင် ကျောင်းကိုစွန့်ခွာ၍ ဗဟန်းကြားတောရ၊ ဦးအရိယဘုန်းကြီးကျောင်းတွင် စုဝေးခဲ့ကြပြီးအဖွဲ့ဝင် ၂၆ ဦးပါဝင်သော သပိတ်မှောက်ကောင်စီကို ဖွဲ့စည်းခဲ့ကြ ပါသည်။
သပိတ်မှောက်ကျောင်းသားများသည် -
(က) ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၇)ရက်အင်္ဂါနေ့တွင် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ရန်ကုန်ကောလိပ် ကျောင်းသို့ လာရောက်ပြီး မြန်မာနိုင်ငံတွင် ရန်ကုန်တက္ကသိုလ် ဖွင့်လှစ်ကြောင်း ကြေညာသောအခါ ယုဒသန် ကောလိပ်နှင့် ရန်ကုန်ကောလိပ်မှ ကျောင်းသား များကမိမိတို့ စာအုပ်များကို ပိုက်ပြီး ရန်ကုန်တက္ကသိုလ်ကို သပိတ်မှောက်ပြီဟု အော်ဟစ်ကာ ကျောင်းမှ ထွက်လာရန် ၊
(ခ) သပိတ်မှောက်ပြီးမှရန်ကုန် တက္ကသိုလ် အက်ဥပဒေသည် မြန်မာများ၏ အထက်တန်းပညာ ရေး အတွက် နစ်နာအောင်ချုပ်ချယ် သည့် ဥပဒေသများဖြစ်၍ ပြုပြင် ပေးရန်၊
(ဂ) ပြုပြင်ပေးရန် တောင်းဆိုသော အချက်များကိုပြုပြင်မပေးသမျှ ကာလပတ်လုံး ကျောင်းပြန် မတက်ရန် ဆိုသော (၃)ချက်ကို ဆုံးဖြတ်ခဲ့ကြသည်။
သပိတ်မှောက်အဖွဲ့သည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ဆန္ဒပြရန်ရည်ရွယ်ခဲ့သော် လည်း အခြေအနေအရ ၁၉၂၀ပြည့်နှစ်ဒီဇင်ဘာလ၅ ရက် နေ့တွင်စတင်သပိတ် မှောက်ခဲ့ကြပါသည်။ အကြမ်းမဖက်သောနည်းဖြင့် ကျယ်ပြန့် လှသော လူထုတိုက်ပွဲ တစ်ရပ်ကို မြန်မာ မျိုးချစ်ကျောင်းသားများ စတင်ကာ သပိတ်မှောက်ရာမှ နိုင်ငံတစ်ဝန်းရှိ ကျောင်းသားထုတစ်ရပ်လုံး၊ ပြည်သူတစ်ရပ် လုံးပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ဦးအရိယ ကျောင်း၌ပင်ဒီဇင်ဘာလ ၁၇ရက်နေ့၌ အမျိုးသား ကျောင်းများ စတင်ဖွင့်လှစ်ခဲ့ကြပြီး ကျောင်းသားကြီးများက ကိုယ်ကျိုးစွန့် အနစ်နာခံကာ မိမိတို့တတ်သိ ပညာများကို ဖြန့်ဝေကြပါသည်။ ကျောင်းလခမယူဘဲ၊ ကျောင်းမတက်ဘဲ အမျိုးသားပညာရေး သပိတ်တိုက်ပွဲနဲ့ အတူ အမျိုးသားကျောင်း ၉၃ ကျောင်းတွင် ဆရာများဝင်လုပ်ကြရင်း အမျိုးသားပညာရေး သမိုင်းသစ်ကို ဖွင့်လှစ်နိုင်ခဲ့ကြပါသည်။
အမျိုးသားပညာရေး၏အမြင့်ဆုံး ရည်မှန်းချက်သည် အမျိုးသားလွတ်မြောက် ရေးဖြစ်သည်။ မျိုးချစ်ပုဂ္ဂိုလ်တို့က အင်္ဂလိပ် တို့ဖွင့်သော ကောလိပ်ကိုတက်မှ တက္ကသိုလ် ပညာသင်ကြား ရသည် မဟုတ်၊ တို့အမျိုးသား ကောလိပ်ကိုတို့အင်အားနှင့်တို့ တည်ဆောက် မည်ဟုဆိုကာ ၁၉၂၁ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင်ဗဟန်းရွှေကျင်ကျောင်းတိုက် ကြီး၌ စတင်ဖွင့်လှစ် ခဲ့ကြသည်။ အမျိုးသား ကောလိပ်ဟု အမည်တပ်ပြီးဥက္ကဋ္ဌ MA မောင်ကြီး၊ သခင်မြ၊ သခင် ကိုယ်တော်မှိုင်း၊ ဆာဦးသွင် အစရှိသော ပုဂ္ဂိုလ်တို့ ဦးဆောင် ကာကောလိပ်ကျောင်းသား တို့ကစာပေ သင်ကြားခဲ့ကြသည်။
ထို့နောက် ၁၉၄၇ခုနှစ်တွင် မြို့မ ဆရာကြီးဦးဘလွင်က မြို့မအမျိုးသား ကျောင်းကြီးကို အမျိုးသား ကောလိပ်ဖွင့်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ရာ ၁၉၄၇ ခုနှစ် စက်တင်ဘာလတွင် ဦးဖေမောင်တင်ကို ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခဲ့ကြသည်။ ဆာဦးသွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ကြသည်။ အမျိုးသားကောလိပ် ကို မြို့မ ကျောင်းသားဟောင်းဦးနု (ဝန်ကြီးချုပ်) က ဖွင့်လှစ်ပေးခဲ့သည်။ မြို့မအမျိုးသား ကျောင်း အပါအဝင်ကျောင်းပေါင်း ၉၃ကျောင်း ပေါ်ထွန်းခဲ့သော အမျိုးသားပညာရေးတိုက်ပွဲ အစ၁၉၂၀ပြည့်နှစ်သည် မြန်မာတို့၏ ပိတ်ထားခြင်းခံရသော ပညာရေးတံခါး ဖွင့်နိုင် ခဲ့သည်။အညှောက်မထွက်နိုင်အောင် ပိတ်ထားခံရသော ပညာရေးမျိုးစေ့ကို နိုင်ငံ တစ်ဝန်း ကြဲချနိုင်ခဲ့ကြသည်။ထို့ကြောင့် ဂျီစီဘီအေအသင်းကြီးက၁၉၂၀၊ ၁၉၃၆ ၊ ၁၉၃၈ ၊ ကျောင်းသား သပိတ်၊ ၁၃၀၀ ပြည့် အရေးတော် ပုံတို့အနက် ၁၉၂၀ ဒီဇင်ဘာလ၅ ရက်နေ့ ကျောင်းသား သပိတ်သည် အမျိုးသားရေးအသွင်ကို ဆောင်သောလှုပ်ရှားမှုဖြစ်သဖြင့်ဗြိတိသျှကို တော်လှန်သောနေ့အဖြစ် အမျိုးသား နေ့ဟု သတ်မှတ် ခဲ့ကြပါသည်။
အမျိုးသားပညာရေး တိုက်ပွဲသည် လွတ်လပ်ရေးတိုက်ပွဲဖြစ်သည်။ ကျွန်စနစ်ကို တော်လှန် သော တိုက်ပွဲဖြစ် သည်။ ၁၉၂၀ သပိတ်မှသည် ၁၉၃၆၊ ၁၉၃၈ ခုနှစ် ဗိုလ်ချုပ် အောင်ဆန်း တို့လည်း ကျွန်ပညာရေးကို တော်လှန်ကာ ဆန့်ကျင်ရေး လှုပ်ရှားဆင်နွှဲ ခဲ့ကြသည်။ ကျွန်ပညာရေး သပိတ်တိုက်ပွဲ များသည် လွတ်လပ်ရေး အတွက် အရေးပါ လှပေသည်။
“ဗမာပြည်ကိုချစ်ပါ ဗမာစာကိုချီးမြှင့်ပါ၊ ဗမာစကားကို လေးစားပါ”ဆိုသော လှုံ့ဆော်ကြွေးကြော် မှုများက “သခင်မျိုးဟေ့ ဒို့ဗမာ”ဆိုသော အမျိုးသားရေးစိတ်ဓာတ်ကို လှုံ့ဆော်ခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ၅ရက်မှ စခဲ့သော ကျွန်ပညာရေးတိုက်ပွဲသည် အမျိုးသားအောင်ပွဲနေ့အဖြစ် ကမ္ဘာတည် သရွေ့ မြန်မာတို့မမေ့သင့်သော လွတ်လပ်ရေး ကြိုးပမ်းမှုဖြစ်ကြောင်းသတိချပ်သင့် ပါသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရန် အသက် သွေး ချွေး များစွာ ပေးဆပ်ခဲ့သလိုမိမိတို့၏ အကျိုးစီးပွားကို စွန့်လွှတ်ပြီး အမျိုးသားပညာရေးတိုက်ပွဲ ဆင်နွှဲရင်း ကျွန်ဘဝ လွတ်မြောက်ရေး ကြိုးပမ်းခဲ့ကြသည်။ ယနေ့ ကာလသည် တိုင်းတစ်ပါးသား မလိုမုန်းထား သူများ၏ ရန်စွယ်၊ ရန်စ ဖိအားများ ဝန်းရံ နေချိန်တွင် လွတ်လပ်ရေးအဓွန့်ရှည်ရေး၊ အမျိုးကိုထိလျှင် မချည့်အောင်နာကြဖို့အရေး အားလုံး ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ဖြင့် မြန်မာ့အမျိုးသားစိတ်ဓာတ်ကိုပြကြဖို့ တိုက်တွန်းရင်း ရာပြည့်အမျိုးသားအောင်ပွဲ နေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။ ။
ဆောင်းပါးရှင်၏ ကိုယ်ရေးအကျဉ်း
အမည်ရင်း -ဦးမျိုးသန့်
မိဘ -ဦးတင်အေး (ခရိုင်လဝက မှူး)
မွေးဖွားရာဇာတိ -ကျိုင်းတုံ
ပညာသင်ကြား - အ.ထ.က (၄) တောင်ငူ၊ အ.ထ.က(၂)ဒဂုံ (မြို့မ)၊
ခဲ့သောကျောင်း ပုသိမ်ကောလိပ်မှ ကပ်ပါးဗေဒ (Parasitology) ဘွဲ့ရရှိ (၁၉၇၈)
စာပေဆု -စာပေဗိမာန် စာပေဆု (၂) ဆု
-ပခုက္ကူ ဦးအုန်းဖေ စာပေဆု
-အမျိုးသားစာပေဆု
- မြဝတီဝတ္ထုရှည်အကောင်းဆုံးဆု
တာဝန်ထမ်းဆောင် - မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း၊
ခဲ့သောဌာနများ (ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးဌာန၊ အထူးအရာရှိ) ဒေါပုံသင်္ဘောကျင်းစက်ရုံမှူး၊
- လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
လက်ရှိတာဝန် - မြို့မအမျိုးသားကျောင်း ရာပြည့်သဘင်ကျင်းပရေးလုပ်ငန်းကော်မတီ၊ ဒု ဥက္ကဋ္ဌ
-မြို့မရာပြည့်သဘင်မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ
ကလောင်ခွဲ -မောင်မာန်ရိုး၊ တေးရေး-မိုးယံထိုက်