Skip to main content

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့် သဘင်အခမ်းအနားတွင် ပြောကြားသည့် ဝမ်းမြောက်စကား

ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံလှတဲ့ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်၊ ရာပြည့်သဘင်အခါသမယမှာ တိုင်းရင်းသား မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပါစေ၊ ကပ်ရောဂါနဲ့ ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးကြပါစေလို့ ဆုမွန် ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ဒီနေ့အချိန်အခါဟာ မြန်မာ့ပညာရေးသမိုင်းအတွက် ထူးခြားလေးနက်ပြီး မင်္ဂလာရှိလှတဲ့ အချိန်အခါဖြစ်သလို မြန်မာ တစ်မျိုးသားလုံး အတွက် ဂုဏ်ယူ စရာအချိန်အခါလည်း ဖြစ်ပါတယ်။ ဒီလိုအချိန်အခါမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသား ဟောင်းတစ်ဦးဖြစ်တဲ့ ကျွန်တော့်အနေနဲ့ ဂုဏ်ပြုစကား ပြောကြားခွင့်ရတဲ့အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

မြန်မာနိုင်ငံဂုဏ်ဆောင် ရန်ကုန်တက္ကသိုလ်ဟာ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ လ (၁) ရက်နေ့မှာ စတင်ပေါက်ဖွားလာခဲ့တဲ့အတွက် ယခု ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှာ နှစ်ပေါင်း (၁၀၀) ပြည့်မြောက်ပြီဖြစ်လို့ ရာပြည့်ပွဲ သဘင်ကို ဆင်နွှဲနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်၊ ရာပြည့် အထိမ်းအမှတ် စတင်ကြောင်းကြေညာခြင်း အခမ်းအနားကစလို့ ယခုနှစ် ဒီဇင်ဘာလကုန်အထိ ရာပြည့်အထိမ်းအမှတ် အခမ်းအနားတွေကို မြိုင်မြိုင် ဆိုင်ဆိုင်ကျင်းပပြီး ရန်ကုန် တက္ကသိုလ်ရာပြည့်ပွဲသဘင်ကို ခမ်းနား သိုက်မြိုက် ထည်ထည်ဝါဝါကျင်းပဖို့ ရည်ရွယ်ခဲ့ တာဖြစ်ပေမယ့် ဒီအချိန် ကာလမှာ ကျွန်တော်တို့နိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ် Covid-19 ကပ်ရောဂါ ဖြစ်ပွားနေတာကြောင့် ကျန်းမာရေး အကန့်အသတ် အတွင်းကသာ ကျင်းပနိုင်ခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ် စတင်ပေါ်ပေါက်ခဲ့တဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ကိုလိုနီခေတ်မှာ ၁၉၂၀ ပြည့်နှစ် မတိုင်ခင်အထိ မြန်မာနိုင်ငံဟာ မြန်မာတိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအတွက် ကိုယ်ပိုင်တက္ကသိုလ်ရယ်လို့ မရှိသေးပါဘူး။ ကာလကတ္တား တက္ကသိုလ် လက်အောက်ခံ ရန်ကုန်ကောလိပ်နဲ့ အမေရိကန် ဘက်ပတစ် သာသနာ ပြုအဖွဲ့ရဲ့ ဘက်ပတစ်ကောလိပ်ပဲ ရှိခဲ့ပါ တယ်။ ဘက်ပတစ်ကောလိပ်ကို နောင်အခါ မှာတော့ ဂျပ်ဆင်ကောလိပ် (ယုဒသန်ကျောင်းတိုက်)လို့ အမည်ပြောင်းလဲ ခေါ်ဝေါ် ခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ၁၉၂၀ မတိုင်ခင် အဆင့်မြင့်ပညာသင်ယူနိုင်ဖို့ တက္ကသိုလ်ဆိုတာမရှိခဲ့ဘဲ ရန်ကုန်ကောလိပ်နဲ့ ဂျပ်ဆင်ကောလိပ်တို့သာရှိခဲ့တာ ဖြစ်ပါ တယ်။

ဂုဏ်သတင်းထင်ရှားခဲ့

ဒါကြောင့်မို့ မြန်မာအမျိုးသားခေါင်းဆောင်တွေနဲ့ မြန်မာပြည်သူပြည်သား တစ်ရပ်လုံးက မြန်မာနိုင်ငံမှာ ကာလကတ္တားတက္ကသိုလ်ရဲ့ ဩဇာအာဏာ ကင်းလွတ်တဲ့ နိုင်ငံပိုင် သီးခြားတက္ကသိုလ်တစ်ရပ် ပေါ်ပေါက်ဖို့တောင်းဆိုခဲ့ကြပါတယ်။ ဒီလိုတောင်း ဆိုမှုတွေဟာ အရှိန်အဟုန် မြင့်သထက် မြင့်လာ တဲ့အတွက် အာဏာပိုင်တွေ မတတ်သာ တော့ဘဲ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှာ ရန်ကုန်ကောလိပ် (တက္ကသိုလ်ကောလိပ်) နဲ့ ဂျပ်ဆင်ကောလိပ် တို့ကို ပူးပေါင်းပြီး ရန်ကုန်တက္ကသိုလ်ကို တည်ထောင် ပေးခဲ့ရပါတယ်။ စတင်တည်ထောင်စဉ်က ဝိဇ္ဇာပညာရပ်အချို့ကိုသာ သင်ပေးနိုင်ခဲ့ပေမယ့် ဒုတိယကမ္ဘာစစ်မတိုင်မီ ရန်ကုန်တက္ကသိုလ်မှာ ပညာရပ်နယ်ပယ် ကျယ်ပြန့် လာပြီး ကောလိပ်တွေ ပွားများလာခဲ့ပါတယ်။ ၁၉၄ဝ-၁၉၅ဝ ခုနှစ်များအတွင်း မှာ ရန်ကုန်တက္ကသိုလ်ဟာ ပညာရပ်ပိုင်းမှာ အဆင့်မြင့်မားပြီး တက္ကသိုလ်ရဲ့ သာယာလှပတဲ့ သဘာဝအလှတရားတွေကြောင့် အရှေ့တောင်အာရှရဲ့ အကောင်းဆုံး တက္ကသိုလ် အဖြစ် ဂုဏ်သတင်းထင်ရှားခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ ပညာရေးဥပဒေ ပြောင်း လဲမှု တွေနဲ့အတူ ရန်ကုန် တက္ကသိုလ်မှာရှိတဲ့ ပညာရပ်အသီးသီးဟာ သီးခြား တက္ကသိုလ်အဖြစ် ခွဲထွက်သွားပြီး ရန်ကုန်တက္ကသိုလ်ရဲ့ ဂုဏ်သိမ်ညှိုးမှိန်ခဲ့ရသလို ပညာရပ်အဆင့် အတန်းဟာလည်း နိမ့်ပါးကျဆင်းခဲ့ရပါတယ်။

ရန်ကုန်တက္ကသိုလ်ကိုအခြေခံပြီးမြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ် အသီးသီး ပေါ်ပေါက်လာ တာဖြစ်လို့ ရန်ကုန်တက္ကသိုလ်ဟာ မြန်မာပြည် တစ်ဝန်းမှာရှိတဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အားလုံးတို့ရဲ့ မိခင်ကြီး လို့ ဆိုနိုင်ပါတယ်။ ယခင်က ရန်ကုန် တက္ကသိုလ်ဟာ မြန်မာနိုင်ငံရဲ့ တစ်ခုတည်း သော တက္ကသိုလ်ဖြစ်ပါတယ်။ မြန်မာ့ ပညာရေးရဲ့အခြေခံအုတ်မြစ် ဖြစ်ပြီး မြန်မာ့ပညာရေးကြိုးပမ်းမှု၊ လွတ်လပ်ရေးကြိုးပမ်းမှု၊ အမျိုး သားရေး လှုပ်ရှားမှု၊ သမိုင်းကြောင်းနဲ့အတူ ရှင်သန်လာခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့ ပညာရေးတိုးတက် ဖြစ်ထွန်းလာမှုကို ပြောမယ်ဆိုရင် ရန်ကုန်တက္ကသိုလ်ကို ချန်လှပ်ထားလို့ မရသလို မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၊ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုသမိုင်းနဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ သမိုင်းကိုလည်း ခွဲခြားလို့ မရနိုင်ပါဘူး။

မဟာဗျူဟာစီမံကိန်းတစ်ရပ်ချမှတ်

မျက်မှောက်ကာလမှာ နိုင်ငံတော်အနေနဲ့ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်တင်ရေးကို ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ်နဲ့ အကောင် အထည်ဖော် ဆောင်ရွက် နေပြီ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးကို နိုင်ငံတကာအဆင့်မီ တက္ကသိုလ် ကြီးအဖြစ် ပြန်လည်ဖြစ်ထွန်းလာစေရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်မယ့် တက္ကသိုလ်ဖြစ်လာစေရေးတို့ကို အရေးကြီးတဲ့ လုပ်ငန်းစဉ် ကြီးများအဖြစ် ချမှတ်အကောင်အထည်ဖော်လျက်ရှိပါတယ်။ ရန်ကုန်တက္ကသိုလ် နဲ့ပတ်သက်တဲ့ မဟာစီမံကိန်း (Master Plan) တစ်ရပ်ကိုချမှတ်ပြီး အကောင် အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးမှာပညာရေးဟာ အဓိကအခန်းကဏ္ဍက ပါဝင်နေတာ ဖြစ်ပါတယ်။ အခြေခံပညာအဆင့်မှာ ပညာအခြေခံကောင်း တွေကို ဖြည့်ဆည်းပေးနိုင်ဖို့လိုသလို အဆင့်မြင့်ပညာအဆင့်မှာ နိုင်ငံတော်ကို အကျိုးပြုမယ့် ပညာအရည်အသွေးတွေ၊ ၂၁ ရာစုမှာ ကမ္ဘာကြီးနဲ့ သဟဇာတ ဖြစ်မယ့် အရည်အချင်းတွေ ပြည့်ဝစေရန် ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတော်အနေနဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ အမျိုးသား ပညာရေးဥပဒေကို ရေးဆွဲအတည်ပြုခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အမျိုးသားပညာရေး ဥပဒေကို ထပ်မံ ပြင်ဆင်ဖြည့်စွက် အတည်ပြုနိုင်ခဲ့ပါတယ်။ အမျိုးသားပညာရေး ဥပဒေအရ မြန်မာ့ပညာရေးစနစ်ဟာ နိုင်ငံတော်က ဆောင်ရွက် လျက်ရှိတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များနဲ့ လိုက်လျောညီထွေဖြစ်အောင် ဖော်ဆောင်နိုင် မှာဖြစ်ပြီး အရည်အသွေးအာမခံမှုကိုလည်း ပိုမိုခိုင်မာလာစေမှာ ဖြစ်ပါတယ်။ မြန်မာ့ပညာရေး ကိုဖော်ဆောင်ရာမှာ အစဉ်အလာကြီးမားပြီး မြန်မာနိုင်ငံရဲ့ သက်တမ်း အရင့်ဆုံးဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်အနေနဲ့ မြန်မာ့ပညာရေးအကောင်အထည်ဖော်မှု လုပ်ငန်းတွေမှာ ရှေ့တန်းက ဦးစီးဦးဆောင်ပြုသွားရမှာ ဖြစ်ပါတယ်။

ဦးဆောင်ဦးရွက်ပြုနေ

မြန်မာ့ပညာရေးကို ပြုပြင်ပြောင်းလဲအကောင်အထည် ဖော်ဆောင်ရာ မှာ အခြေခံပညာမှာ သူငယ်တန်းနဲ့ ၁၂ တန်း စနစ် (KG+12) ကို စတင်နေပြီ ဖြစ်ပါတယ်။ စနစ်သစ် အခြေခံ ပညာသင်ရိုးညွှန်းတမ်းတွေ ရေးဆွဲရာမှာ ရန်ကုန်တက္ကသိုလ်က ဘာသာရပ်ပါမောက္ခကြီးတွေက ဘာသာရပ်သင်ရိုး ကော်မတီဥက္ကဋ္ဌများအဖြစ်နဲ့ ဦးဆောင်ဦးရွက်ပြုနေကြတယ်လို့ သိရပါတယ်။ စနစ်သစ်အခြေခံပညာမှာ ဒွါဒသမတန်း (၁၂ တန်း) ပြီးဆုံးလို့ တက္ကသိုလ် ရောက်ရှိလာမယ့် ကျောင်းသူကျောင်းသားတွေအတွက် စနစ်သစ်အခြေခံ ပညာနဲ့ အချိတ်အဆက်မိပြီး လက်တွေ့ဘဝမှာ အသုံးချနိုင်မယ့်ပညာရပ်တွေကို အဆင့်မြင့်မြင့် သင်ကြားနိုင်မယ့် တက္ကသိုလ်သင်ရိုးညွှန်းတမ်းတွေကို ပြည်တွင်း ပြည်ပပညာရှင်များရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ ရန်ကုန်တက္ကသိုလ်မှာ ရေးဆွဲ ဆောင်ရွက်နေတာကို သိရတဲ့အတွက်လည်း များစွာ အားရဝမ်းမြောက် မိပါတယ်။

နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေဖို့ ဘက်ပေါင်းစုံက တည်ဆောက်တဲ့ နေရာမှာ တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်ဖို့၊ နိုင်ငံတော်ကြီး ထာဝရ ငြိမ်းချမ်းဖို့ဆိုတာ အလွန်ပဲအရေးကြီးပါတယ်။ ဒါကြောင့် ရန်ကုန် တက္ကသိုလ်ရဲ့ ရာပြည့်အခမ်းအနား ဦးတည်ချက်တွေထဲမှာ “ထာဝရငြိမ်းချမ်း ရေးနှင့် အမျိုးသား စည်းလုံးညီညွတ်မှုကို ထိရောက်စွာ ဖော်ဆောင်နိုင်မည့် ပညာရေးစနစ် တိုးတက်ဖြစ်ထွန်းလာစေရေး” ဆိုတဲ့ ဦးတည်ချက်တစ်ရပ် ပါရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် မြန်မာ့ပညာရေးကို ရန်ကုန်တက္ကသိုလ်က ဦးဆောင်ဦးရွက်ပြုပြီး သင်ရိုးညွှန်းတမ်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ဒီဦးတည်ချက်နဲ့အညီ ဖော်ဆောင်နိုင် လိမ့်မယ်လို့ ယုံကြည် မျှော်လင့်ပါတယ်။ ရာပြည့် ကာလအတွင်းမှာ ရန်ကုန်တက္ကသိုလ်၊ မနုဿဗေဒ ဌာနအနေနဲ့ မြန်မာ့ တိုင်းရင်း သားပညာကို တိုင်းရင်းသားများရဲ့ ဘာသာ စကား၊ သမိုင်း၊ ပထဝီဝင်၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ဆိုင်ရာ ဒီပလိုမာသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဦးစီးဆောင်ရွက် နေတယ်ဆိုတဲ့ သတင်းကောင်းတစ်ရပ်ကိုလည်း ကြားသိခဲ့ရပါတယ်။

ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော်ကြီးဟာ မြန်မာတစ်မျိုးသားလုံး မြန်မာ့ပညာရေးလောက တစ်ခုလုံးနဲ့သက်ဆိုင်တဲ့ အထိမ်းအမှတ်အခမ်းအနားတစ်ခု လည်းဖြစ်ပါတယ်။ ကျွန်တော်ဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းသားဟောင်း တစ်ယောက်ဖြစ်တဲ့အတွက် ရန်ကုန်တက္ကသိုလ်ဟာ ကျွန်တော်တို့ရဲ့ မိခင်ကြီးပါပဲ။ ဒါကြောင့် ဒီနေ့ကျရောက်တဲ့ မိခင်ရန်ကုန် တက္ကသိုလ်ကြီးရဲ့ နှစ်(၁၀၀)ပြည့် မွေးနေ့၊ အနှစ်သာရပြည့်ဝလှတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ရာပြည့် အခါသမယမှာ ရန်ကုန်တက္ကသိုလ်ရဲ့ ကောင်းမြတ်တဲ့ သမိုင်းကြောင်း နဲ့ ကြီးမားတဲ့အစဉ်အလာကို ပြန်လည်သတိရပြီး မြန်မာတစ်မျိုးသားလုံး ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူနေကြမှာ ဖြစ်ပါတယ်။ ရာပြည့်အလွန်ကာလ တွေမှာ ရန်ကုန်တက္ကသိုလ်ဟာ ကြီးမားတဲ့ အစဉ်အလာကောင်းနဲ့ မြင့်မား တဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်ရင်း ရန်ကုန်တက္ကသိုလ် ရာပြည့်မှသည် နှစ်ပေါင်းအသင်္ချေ တည်တံ့ခိုင်မြဲစေရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြပါ စို့လို့ ပြောကြားရင်း ကျွန်တော့်ရဲ့ ဂုဏ်ပြုဝမ်းမြောက်စကားကို နိဂုံးချုပ်လိုက်ပါတယ်။