အိုဘယ့်မိခင် ဧရာဝတီ (၇)
တယော(ရေသယံဇာတ)
ဧရာဝတီမြစ်နှင့် ယင်း၏မြစ်လက်တက်များသည် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်စွမ်းရှိသော်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်၊ လူမှုစီးပွားအပေါ်သက်ရောက်မှုများကို အလေးထားစဉ်းစားရပါမည်။
စဉ်ဆက်မပြတ် ရေရှည်တည်တံ့သောဖွံ့ဖြိုးရေးအတွက် သဘာဝအရင်းအမြစ်များကို အလွန်အကျူးအသုံးမချရန် အလွန်အရေးကြီးပါသည်။ လက်ရှိအချိန်တွင် ဧရာဝတီမြစ်သည် သဲတူးဖော်မှုများ၊ ရေလမ်းကြောင်းညစ်ညမ်းမှုများ၊ တရားမဝင်သတ္တုတူးဖော်မှုများ၊ သစ်တောပြုန်းတီးမှုများကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုများကို ကြုံတွေ့နေရပါသည်။
ထိုအခြေအနေများကို မထိန်းသိမ်းနိုင်ပါက အနာဂတ်တွင် စိုက်ပျိုးရေး၊ စီးပွားရေးနှင့် လူမှုစီးပွားဘဝများအပေါ် ဆိုးရွားသောသက်ရောက်မှုများ ဖြစ်ပေါ်နိုင်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ အတိတ်၊ မျက်မှောက်ခေတ်နှင့် အနာဂတ်ကိုချိတ်ဆက်ပေးနေသော သဘာဝအမွေအနှစ်တစ်ရပ်ဖြစ်သည့် ဧရာဝတီမြစ်ကိုအခြေခံသည့် Integrated River Basin Management (IRBM) ကို အကောင်အထည်ဖော်ရန်လိုအပ်နေပြီး နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကနှင့်ပြည်သူများ ပူးပေါင်းဆောင်ရွက်ခြင်းရှိမှသာ ရေရှည်တည်တံ့သော အကျိုးကျေးဇူးများ ရရှိနိုင်ပါမည်။
ဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် ဧရာဝတီမြစ်ကို ဗဟိုပြုစဉ်းစားခြင်းသည် နိုင်ငံ၏ရေရှည်စီးပွားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်ပါသည်။ ဧရာဝတီမြစ်ကို ထိန်းသိမ်းကာကွယ်ရင်း ဖွံ့ဖြိုးရေးနှင့်တိုးတက်မှုကို တစ်ပြိုင်နက်တည်းဆောင်ရွက်နိုင်မှသာ မြန်မာနိုင်ငံ၏ အနာဂတ်သည် တည်တံ့ခိုင်မာလာမည်ဖြစ်ပါသည်။
ဧရာဝတီမြစ်ကြီးကို မြန်မာနိုင်ငံသားတိုင်း အမှန်တကယ်ချစ်မြတ်နိုးကြပါသည်။ ထို့အတွက် စကားဖြင့်ပြောခြင်း၊ ခံစားချက်ပြခြင်းထက် လုပ်ဆောင်ချက်တွေကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ရပါမည်။ လူတစ်ဦးချင်းမှနေ၍ နိုင်ငံတော်အဆင့်အထိ စနစ်တကျလုပ်နိုင်ရမည့်အချက်များ များစွာရှိပါသည်။ အခြေခံအဆင့်အဖြစ် နိုင်ငံသားတစ်ဦးချင်းက မြစ်ကိုမညစ်ညမ်းစေရန် အမှိုက်၊ ပလတ်စတစ်၊ စက်သုံးဆီအညစ်ရေများကို မြစ်အတွင်းသို့ မစွန့်ပစ်ရန်နှင့် ဘုရားပွဲများ၊ ပွဲတော်များတွင် eco-friendly အလေ့အကျင့်ကို သုံးရမည်ဖြစ်သည်။
နိုင်ငံတော်ဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော်ရန်ပြင်ဆင်နေမှုများ၊ လုပ်ဆောင်နေမှု များ၊ အကောင်အထည်ဖော်နေမှုများနှင့် စီမံကိန်းကြီးများကို ခံစားချက်များဖြင့် ကြိုက်၏၊ မကြိုက်၏ ဆုံးဖြတ်ခြင်းမဟုတ်ပါဘဲ သိပ္ပံနည်းကျစွာ အချက်အလက်များအပေါ်အခြေခံပြီး ဆုံးဖြတ်ရမည်ဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် တစ်ဖက်စောင်းနင်းဖြစ်၍မရဘဲ နှစ်ဖက်မျှခြေကြည့် တည်ဆောက်ရပါမည်။ နိုင်ငံတော် ဖွံ့ဖြိုးရေးလည်း လုပ်ဆောင်ကာ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရပါမည်။
ထို့အတွက် လိုအပ်သော EIA ၊ SIA ၊ Hydrology၊ Sediment ၊ Seismic risk management အစီရင်ခံစာများအပေါ်မူတည်ပြီး စဉ်းစားရပါမည်။ ဧရာဝတီမြစ်ကို အမှန်တကယ်ချစ်သည်ဆိုလျှင် အမုန်းနဲ့မကာကွယ်ဘဲ သိပ္ပံနည်းကျစွာဖြင့် ကာကွယ်ကြရမည် ဖြစ်ပါသည်။ ဖွံ့ဖြိုးရေးနဲ့ထိန်းသိမ်းရေးကို မခွဲခြားဘဲ ပေါင်းစပ်ရပါမည်။
ဧရာဝတီမြစ်ကြီးကို သိပ္ပံနည်းကျထိန်းသိမ်းမည်ဆိုရလျှင် ခံစားချက်၊ နိုင်ငံရေးစကားလုံးများ ဖြင့် မဟုတ်ဘဲ ဒေတာအချက်အလက်၊ စနစ်၊ စံနှုန်းအပေါ်အခြေခံပြီး လုပ်ဆောင်သင့်သည့်အချက်များကို အဆင့်လိုက်စနစ်တကျလုပ်ဆောင်ရပါမည်။ River Basin–Scale Management ကို မြစ်ဝှမ်းတစ်ခုလုံးစာအမြင်ဖြင့် ပြုလုပ်ရမည်ဖြစ်ပြီး Ayeyarwady River Basin Authority အဖွဲ့ကို တည်ထောင်သင့်ပါသည်။ ရေလှောင်တမံကြီးများနှင့် အနိမ့်တမံများတည်ဆောက်၍ နှစ်စဉ်ရေစီးနှုန်း၊ ရာသီအလိုက်ရေစီးနှုန်းများကို ထိန်းသိမ်းပို့လွှတ်သင့်သလို မြစ်ကြောင်းသက်စောင့်ရေ Environmental Flow (E-flow) သတ်မှတ်ပြီး မဖြတ်တောက်ခြင်းဖြင့် ထိန်းသိမ်းရမည်ဖြစ်ပါသည်။
သဲနုန်းသယ်ဆောင်မှု၊ နုန်းတင်ပို့မှုများကို စဉ်ဆက်မပြတ်စောင့်ကြည့်ပြီး မြစ်ဝကျွန်းနှင့် မြေနုကျွန်းများကို ထိန်းသိမ်းဖို့ နုန်းအနည်ကျမှု ပြတ်တောက်ခြင်းမဖြစ်စေရန် စီမံခြင်းများလုပ်ဆောင်ရမည်ဖြစ်ပြီး သဲနုန်းအလွန်အကျွံတူးဖော်မှုကို ထိန်းချုပ်ရမည်ဖြစ်သည်။ ဧရာဝတီမြစ်ကြီးကို သိပ္ပံနည်းကျထိန်းသိမ်းခြင်းဆိုသည်မှာ ရေစီးနှုန်း၊ သဲနုန်း၊ ပတ်ဝန်းကျင်စနစ်နှင့် လူမှုအကျိုးသက်ရောက်မှုများကို အချက်အလက်များအပေါ်အခြေခံ၍ ရေရှည်အမြင်ဖြင့် စနစ်တကျ စီမံခန့်ခွဲခြင်းဖြစ်သည်။ ဧရာဝတီကို ချစ်သည်ဆိုသည်မှာ သဘာဝကိုမထိခိုက်စေဘဲ လူမှုစီးပွားဖွံ့ဖြိုးရေးကို လုပ်ဆောင်နိုင်စေရန် သိပ္ပံနည်းကျတည်ဆောက် အကောင်အထည်ဖော်ခြင်းဖြစ်ပါသည်။
ဧရာဝတီမြစ် လက်ရှိ ရင်ဆိုင်နေရသော ပြဿနာများမှာ မိုးရာသီရေကြီးရေလျှံမှု ပိုမိုဆိုးရွားလာခြင်း၊ ပွင့်လင်းရာသီတွင် ရေစီးနှုန်းကျဆင်းလာခြင်း၊ ကမ်းပါးပြိုခြင်း၊ မြစ်ကြောင်းပြောင်းလဲလာခြင်း၊ မြစ်ဝကျွန်းပေါ်ဒေသများတွင် နုန်းအနည်ကျမှု မလုံလောက်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် မြစ်ကြောင်းအတွင်း ရေစီးဆင်းမှုပမာဏပြောင်းလဲမှုမြင့်လာခြင်း စသောအချက်များကို “မြစ်ကိုလုံးဝ မထိရ” ဆိုသော နည်းလမ်းတစ်ခုတည်းဖြင့် မဖြေရှင်းနိုင်ပါ။ အသေအချာစဉ်းစားကြည့်ပါက မြစ်ဆုံတမံကြောင့် ရေကြီးရေလျှံမှုနှင့် ရေစီးနှုန်းကို ထိန်းကျောင်းနိုင်မည်။
တမံ၏အထက်ဘက် ရေဝပ်ဧရိယာတွင် ရေစီးဝင်မှုကို အပြည့်အဝထိန်းချုပ်နိုင်ခြင်း၊ ရေကြီး ရေလျှံမှုအဆိုးရွားဆုံးအချိန်ကို ကောင်းစွာထိန်းချုပ်နိုင်ပြီး မြစ်အောက်ဘက်ဒေသနှင့် မြစ်ကြောင်းဖြောင့်နိုင်မည်။ မြစ်ရေစီးနှုန်းကို ၁၂ လရာသီပတ်လုံး ထိန်းသိမ်းနိုင်မည်။ မြစ်ကြောင်းကျဉ်းမြောင်း သောနေရာဖြစ်စေကာမူ သင်္ဘောကြီးများသွားလာ နိုင်ရေးလွယ်ကူမည်။ အနိမ့်တမံများတည်ဆောက်ပြီး ရေမျက်နှာပြင်ထိန်းညှိနိုင်မည်။ အနိမ့်တမံများကိုအခြေပြုပြီး ဧရာဝတီမြစ်၏ အနောက်ဘက်ခြမ်း ဒေသနေရာအချို့တွင် Pump Storage Type Power Plant များ တည်ဆောက်လာနိုင်မည်။
မြစ်ဝကျွန်းပေါ်ဒေသများကို ရေကြီးရေလျှံမှု အန္တရာယ်လျှော့ချနိုင်ခြင်း စသောအကျိုးကျေးဇူး များရရှိမည်ဖြစ်ပါသည်။ တမံတစ်ခု ရွေးချယ်တည်ဆောက်မှုမမှန်ကန်လျှင် အန္တရာယ်ဖြစ်စေ နိုင်သော်လည်း ကောင်းမွန်မှန်ကန်သော operation rule curve ရှိလျှင် ရေကြီးရေလျှံမှု ထိန်းချုပ်နိုင်သည့် flood risk management tool ဖြစ်နိုင်ပါသည်။ ပွင့်လင်းရာသီများတွင် မြစ်ကြောင်းအတွင်း ရေစီးဆင်းမှုနည်းပါးလာ၍ မြစ်အောက်ပိုင်းဒေသ ရေခန်းခြောက်ခြင်းကြောင့် ငါးလုပ်ငန်းနှင့် သောက်သုံးရေအတွက် အခက်အခဲများ ဖြစ်နေပါသည်။ တမံကြီးများသာရှိနေလျှင် မြစ်သက်စောင့်ရေ Environmental Flow (E-flow) ကို အနည်းဆုံးအာမခံပေးနိုင်ပါသည်။ ဤသည်မှာ “မြစ်ကို အသက်ရှင်အောင်ထားခြင်း” ဖြစ်ပါသည်။
ဧရာဝတီမြစ်ကြီးကို သိပ္ပံနည်းကျမထိန်းသိမ်း ဘဲထားလျှင် ရာသီဥတုပြောင်းလဲခြင်းကြောင့် ရေကြီးရေလျှံမှုပိုမိုဆိုးရွားပြီး ရေလွှမ်းရေမြုပ်ဧရိယာ ပိုမိုကျယ်ပြန့်လာပါမည်။ ရေခန်းခြောက်သည့်ကာလ ပိုမိုကြာရှည်လာမည်။ တရားမဝင် သဲတူးဖော်မှု၊ ဓာတ်သတ္တုတူးဖော်မှု၊ ရွှေကျင်မှုများကြောင့် မြစ်ကြောင်းပြောင်းလဲမှု မြန်ဆန်လာမည်ဖြစ်ပြီး ကမ်းပါးတိုက်စားမှု၊ ကမ်းပါးပြိုကျမှု ပိုမိုဆိုးရွားလာမည်ဖြစ်သည်။ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းသည် BOT စီမံကိန်းတစ်ခုဖြစ်ပြီး နှစ်စဉ်ထွက်ရှိသော လျှပ်စစ်ဓာတ်အားများ နိုင်ငံတော်က ရရှိမည်ဖြစ်ပါသည်။
ထို့ကြောင့် ဧရာဝတီမြစ်ပေါ်တွင် ရေအားလျှပ်စစ်စက်ရုံတည်ဆောက်၍ နိုင်ငံတော်ဝင်ငွေရရှိ စေသဖြင့် ရရှိသောအကျိုးအမြတ်များကို နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားလိုင်း ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အခြားသောစီးပွားရေး ရင်းနှီးမြှုပ်နှံမှုများအပေါ် ခွဲဝေအသုံးပြုသကဲ့သို့ ၁၃၇၅ မိုင်ရှည်လျားသော ဧရာဝတီမြစ်ကြီး၏ ဝဲယာမြစ်ကမ်းပါးများ ထိန်းသိမ်းခြင်း၊ မြစ်ကြောင်းဖြောင့်ခြင်း၊ ရေကြောင်းသွားလာမှု လွယ်ကူချောမွေ့စေရေးအတွက် မြစ်ကြောင်းထိန်းသိမ်းခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ ထို့ပြင် မြစ်ဆုံဒေသတစ်ဝိုက်ကို မြစ်ဆုံစီမံကိန်းပြခန်းများ၊ အပန်းဖြေစခန်းများ၊ ခရီးသွားလာရေးနေရာများ၊ စက်မှုဇုန်များနှင့် ကုန်သွယ်ရေးဇုန်များပါ ဖော်ဆောင်၍ သဘာဝနှင့်လူသားများ၏ သဟဇာတဖြစ်မှုကို လှစ်ဟပြသရင်း စီးပွားရေးဖွံ့ဖြိုးမှုကို ပုံဖော်သင့်ပါသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်မလုံလောက်မှုများ၊ ဓာတ်အားလိုင်းပြတ်တောက်မှုများ ရှိနေဆဲဖြစ်ပါသည်။ သတင်းမီဒီယာသမားများဖြစ်စေ၊ အများပြည်သူများဖြစ်စေ၊ စီးပွားရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း စသဖြင့်ဖြစ်စေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများဖြစ်စေ ခေတ်သစ်လူနေမှုစနစ်တွင် ကျင်လည်ရှင်သန်နေထိုင်နေကြသူများ ဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ လျှပ်စစ်လိုအပ်ချက် များပြား နေသော်လည်း လျှပ်စစ်ဓာတ်အားကို ဈေးနှုန်းသက်သာစွာ အသုံးပြုချင်ကြပါသည်။ ဤအချက်ကို ဖြည့်ဆည်းနိုင်သည်မှာလည်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများသာ ရှိပါသည်။
ထို့ကြောင့် ဧရာဝတီမြစ်ဆုံဒေသ မေခမြစ်နှင့်မလိခမြစ်တို့ စတင်ပေါင်းဆုံရာနေရာတွင် တမံအမြင့် ၄၅၈ ပေ၊ အလျား ပေ ၄၃၀၀၊ တမံထုထည် ကျင်းပေါင်း ၆ ဒသမ ၅၄ သန်းရှိသည့် ကွန်ကရစ်မျက်နှာပြင်ကျောက်ဖြည့်တမံအမျိုးအစား တမံတစ်ခုတည်ဆောက်ပြီး တပ်ဆင်စက်အင်အား မဂ္ဂါဝပ် ၅၆၀၀ ထွက်ရှိမည့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ရုံကို (BOT) စနစ်ဖြင့်တည်ဆောက်ပြီး နိုင်ငံတော်မှစရိတ်စိုက်ထုတ်စရာ မလိုအပ်ဘဲ အကျိုးအမြတ်များစွာရရှိမည့် စီမံကိန်းတစ်ခုကိုအကောင်အထည်ဖော်ရန် နိုင်ငံတော်အစိုးရမှ ကြိုးပမ်းနေခြင်းဖြစ်ပါသည်။
ထိုစီမံကိန်းသည် နိုင်ငံတော်လျှပ်စစ်က၏ အခြေခံဝန်အား လိုအပ်ချက်ကို ရေရှည်ဖြည့်ပေးနိုင်သော အကြီးစားစီမံကိန်းဖြစ်ပါသည်။ စီမံကိန်းတည်ရှိရာဒေသ၏ လူမှုဖွံ့ဖြိုးရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှု စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။ လျှပ်စစ်ဓာတ်အားရရှိမှု တိုးတက်လာခြင်းကြောင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်မည်ဖြစ်၍ ဒေသခံပြည်သူများ၏ ဝင်ငွေလည်း တိုးတက်လာနိုင်ပါသည်။
ဧရာဝတီမြစ်ကြီးပေါ်တွင် ယခုကဲ့သို့ စီမံကိန်းများနှင့် အနိမ့်တမံများတည်ဆောက်ပြီး ရေအား လျှပ်စစ်ထုတ်လုပ်နိုင်ပါက ရေကြောင်းကုန်စည် ကူးသန်းရေး၊ ရေကြောင်းခရီးသွားလာရေးနှင့် ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများကိုပါ တစ်ပါတည်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကာကွယ် မြှင့်တင်နိုင်ရေးနှင့် စီးပွားရေးခိုင်မာတောင့်တင်း လာစေရေးစသော ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် ရေအားလျှပ်စစ်စီမံကိန်းများသည် နိုင်ငံတော်အတွက် ဘက်စုံကစုံ ဖွံ့ဖြိုးရေး စီမံကိန်းများအဖြစ် နိုင်ငံတော်၏တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြမည်ဖြစ်သလို မိခင်ဧရာဝတီမြစ်ကြီးသည်လည်း အစဉ်ထာဝရ ရှင်သန်စီးဆင်း နေမည်ဖြစ်ပါကြောင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြစ်ဧရာမတိမ်ကောရေးတို့အတွက် စာဖတ်ရှုသူပြည်သူများ ဗဟုသုတအမှန်ရရှိစေရန် ရည်ရွယ်မျှော်ကိုး ရေးသားတင်ပြလိုက်ရပါသည်။
ကိုးကားချက်
၁။ တမံများ၏အနာဂတ် ဆရာဝင်းကျော်
၂။ နှလုံးသားထဲကမြကန်နှင့် ပုဂံလွမ်းချင်း ဆရာမြင့်စိုး(နတလ)
၃။ The Ayeyarwady River (Myanmar): Washload Edgardo M Latrubesse transport and its global role among river in the Anthropocene
၄။ "Milestones: Kurobe River No. 4 Hydropower Plant, 1956 - 63" IEEE Archived from the original on 6th March 2012. Retrieved 4th October 2010.
၅။ Nature Communications - Role of dams in reducing global flood exposure under climate change (Dec. 12nd 2025)
၆။ Myanmar National Building Code (MNBC-2020)
၇။ International Commission on Large Dams ICOLD (2016) Selecting Seismic Parameters for Large Dams.
၈။ Myanmar Hydropower Standards (March, 2017)
၉။ Myanmar River Basin Management Assessment World Bank (2018)
၁၀။ Wikipedia
၁၁။ မြန်မာ့အလင်းသတင်းစာ (၁၇.၁၂.၂၀၂၅)
၁၂။ Final ESIA Report with ESMP Subproject 1, ESA ICEM ASIA (March,2018) for Stretch 1 and ESMP Monitoring and Repor- ting during Construction of Subproject1
၁၃။ Myanmar National Building Code (MNBC-2025)
၁၄။ ရိုင်းမြစ်မှသည် ဆရာစည်သူ
