Skip to main content

ငါးမွေးမြူရေးလုပ်ငန်း ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးမှသည် နိုင်ငံ့ငါးရိက္ခာ ဖူလုံရေးဆီသို့

ဒေါက်တာအောင်နိုင်ဦး(ငါးဦးစီး)

စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များမှ ပန်းတိုင်(၂)ဖြစ်သည့် “ငတ်မွတ်ခေါင်းပါးမှု အဆုံးသတ်ရေး၊ အစားအစာဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး”နှင့် စပ်လျဉ်း၍ ငါးလုပ်ငန်းဦးစီးဌာနက သင့်တော်ပြီး ရေရှည်တည်တံ့မည့် ဖမ်းဆီးမွေးမြူခြင်းကျင့်ရပ်များကို အသုံးချ ဆောင်ရွက်လျက်ရှိပါသည်။

ငါးဖမ်းလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းများမှ အကျိုးအမြတ်များနှင့် အမြင့်မားဆုံး ရလဒ်များရရှိရေးကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ငါးလုပ်ငန်းဆိုင်ရာ တိုးချဲ့ပညာ ပေးရေးစနစ် ဖွံ့ဖြိုးလာရန်၊ ငါးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ရရှိရေးအတွက် အသက်မွေးလုပ်ငန်းနှင့် တတိယအဆင့် ပညာရေးစနစ်များ ဖွံ့ဖြိုးလာရန်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များမှ ပန်းတိုင်(၁၄)ဖြစ်သည့် ဖွံ့ဖြိုးတိုးတက်မှုများ ရေရှည်ဖြစ်ထွန်းစေရေးအတွက် ပင်လယ်များ၊ သမုဒ္ဒရာများနှင့် ပင်လယ်ပြင်ရှိ သယံဇာတအရင်းအမြစ်များကိုထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရေရှည်သုံးစွဲနိုင်ရေး ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ငါးလုပ်ငန်းဦးစီးဌာနက ညွှန်ကြားချက်အမှတ်(၁၀/၉၄)ဖြင့် ငါးပြုပြင်ထုတ်လုပ်သော အအေးခန်းများနှင့် ရေခဲစက်များမှ စွန့်ပစ်ရေများကို သဘာဝရေပြင်သို့ စွန့်ထုတ်ခြင်းအား သတ်မှတ်ချက်များနှင့်အညီ စွန့်ထုတ်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားပါသည်။

စွန့်ပစ်ရေများကို သဘာဝရေပြင်သို့ သတ်မှတ်ချက်များနှင့်အညီ စွန့်ထုတ်

ငါးလုပ်ငန်းဦးစီးဌာနက ညွှန်ကြားချက်အမှတ် (၂/၉၈)ဖြင့် ရေသတ္တဝါမွေးမြူသည့်ကန်များမှ အသုံးပြုပြီးသော စွန့်ပစ်ရေများကို သဘာဝရေပြင်သို့ စွန့်ပစ်ရာ၌ သတ်မှတ်ချက်များနှင့်အညီ စွန့်ထုတ်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားပါသည်။ ထို့ပြင် ပြင်ဆင်ရေးဆွဲလျက်ရှိသော ငါးမွေးမြူရေး ဥပဒေမူကြမ်းတွင် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းမှ အသုံးပြုပြီးသော စွန့်ပစ်ရေများ စွန့်ထုတ်ခြင်းနှင့် စပ်လျဉ်း၍ ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်အောင် စောင့်ကြည့်လေ့လာသွားရန်၊ ရေသတ္တဝါမွေးမြူရေး လုပ်ငန်း၏စံနှုန်းများနှင့် ကိုက်ညီစွာမွေးမြူပြီး ပတ်ဝန်းကျင်၏ ရေအရည်အသွေးကို အကဲဖြတ် ဆန်းစစ်သွားရန်၊ အထူးသဖြင့် ပတ်ဝန်းကျင်နှင့် ရေထုညစ်ညမ်းမှုကို တိုင်းတာရန်နှင့် လိုအပ်ပါက ဇီဝမျိုးကွဲမှုကို ကာကွယ်ထိန်းသိမ်းရန်၊ ငါးသယံဇာတဇီဝမျိုးကွဲမှု၊ မျိုးပွားနေရာများ၊ ငါးသယံဇာတနှင့် ၎င်းတို့နေထိုင်ရာ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ၊ ပင်လယ်မြက်ခင်းပြင်၊ သန္တာကျောက်တန်း၊ ရေဖုံးလွှမ်းသော သစ်တောနယ်မြေနှင့် ဒီရေရောက် တောများကို ဆိုးကျိုးထိခိုက်စေမှုများ ရှောင်ရှားလျက် ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ငါးသားပေါက်များ ပွားများလာစေရန်နှင့် ငါးမျိုးစိတ်များ ပိုမိုကြွယ်ဝလာစေရန်၊ အဆိုပါနေရာများ၌ စီးပွား ဖြစ်ရေသတ္တဝါ မွေးမြူခြင်းလုပ်ကိုင်မှုကို ခွင့်မပြုရန်တို့ကို ထည့်သွင်းရေးဆွဲဖော်ပြပါရှိပါသည်။

ငါးမွေးမြူရေးလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်းပြီး အမျိုးသားအဆင့် ရေသတ္တဝါမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (National Aquaculture Development Plan-NADP)ကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှုပန်းတိုင်များကို အထောက်အကူပြုရန် (Myanmar Sustainable Development Plan- MSDP)၏ မျှော်မှန်းချက်၊ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ (Agriculture Development Strategy- ADS) အခြေခံစည်းမျဉ်းများ၊ အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy-NES)နှင့် အခြားအမျိုးသားအဆင့် စည်းမျဉ်းမူဘောင်များ၏ လမ်းညွှန်ချက်များနှင့်အညီ ငါး မွေးမြူရေးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒနှင့် ဥပဒေမူဘောင်ဆိုင်ရာ အထောက်အပံ့များပေးရန် ရည်ရွယ်ရေးဆွဲ အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ပါသည်။

စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ (၂၀၂၆-၂၀၃၀)၏ မဏ္ဍိုင်များ၌ မဏ္ဍိုင် (၁) - စီမံ အုပ်ချုပ်မှုကောင်းမွန်စေရေးအတွက် မူဝါဒ၊ ဥပဒေများ အားကောင်းစေရေး ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးခြင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး ညှိနှိုင်းဆောင်ရွက်ခြင်း၊ မဏ္ဍိုင်(၂) - ထုတ်လုပ်မှုစွမ်းအား တိုးတက်ရေးအတွက် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝနှင့် ဝင်ငွေတိုးတက်ရေးကို ဆောင်ရွက်ခြင်း၊ မဏ္ဍိုင် (၃) - ယှဉ်ပြိုင်နိုင်စွမ်းအား ကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များကို ပြည်ပသို့ တိုးမြှင့်တင်ပို့ရန်နှင့် တန်ဖိုးမြှင့်ကုန်ချောများ ပိုမိုထုတ်လုပ်ခြင်းတို့ အကောင်အထည်ဖော်ဆောင်ရွက်ရန် ချမှတ်ထားရှိပြီးဖြစ်ပါသည်။

ရေနေသတ္တဝါမွေးမြူရေးကို ရေရှည်တည်တံ့သော မွေးမြူထုတ်လုပ်မှု အရှိန်အဟုန်မြှင့်တင်

ရေနေသတ္တဝါမွေးမြူရေးကို ရေရှည်တည်တံ့သောမွေးမြူထုတ်လုပ်မှု အရှိန်အဟုန်မြှင့်တင်ခြင်း နှင့် တိုးချဲ့ခြင်းအတွက် အဓိကထောက်တိုင်တစ်ခု ပါရှိသော FAO Blue Transformation လမ်းပြမြေပုံနှင့်အညီ၊ ရေရှည်တည်တံ့သော ငါးမွေးမြူခြင်းဆိုင်ရာ လမ်းညွှန်ချက်များ(Guideline for Sustain- able Aquaculture-GSA) ကို ငတ်မွတ်ခေါင်းပါးမှု ကင်းစင်သော ကမ္ဘာကြီးအတွက်နှင့် ယင်း၏ တန်ဖိုးကွင်းဆက်ရှိ ပါဝင်သူအားလုံး၏ လူနေမှုအဆင့်အတန်းကို တန်းတူညီမျှတိုးတက်စေရန်အတွက် သိသိသာသာ အထောက်အကူပြုသည့် ရေနေသတ္တဝါမွေးမြူရေးကဏ္ဍတစ်ခုကို မျှော်မှန်းပြီးရေးဆွဲ ဖော်ဆောင်ထားပါသည်။

GSA တွင် စီးပွားရေး၊ လူမှုရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့မှုအပြင် မွေးမြူသော တိရစ္ဆာန်ကျန်းမာရေးနှင့် ကောင်းကျိုးချမ်းသာကိုမြှင့်တင်ရန် ရည်ရွယ်သည့် ရှင်းလင်းသော ရည်မှန်း ချက်များပါရှိပါသည်။ မတူညီသောရေနေသတ္တဝါမွေးမြူရေးဆိုင်ရာအခြေအနေများ၊ မွေးမြူသည့် နည်းစနစ်များ၊ မွေးမြူထုတ်လုပ်သည့် အရွယ်အစားများ၊ မွေးမြူထုတ်လုပ်သည့်ရေသတ္တဝါ မျိုးစိတ်များ၊ ပတ်ဝန်းကျင်နှင့် လုပ်ဆောင်ချက်များအတွက် အသုံးချပြီး ငါးလုပ်ငန်း၊ စိုက်ပျိုးရေး၊ သစ်တော၊ တောရိုင်းတိရစ္ဆာန်၊ ခရီးသွားလုပ်ငန်း၊ စွမ်းအင်၊ သတ္တု တူးဖော်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဲ့သို့သော ကဏ္ဍများနှင့် ချိတ်ဆက်နေမှုများကို အသိအမှတ်ပြုကာ ၎င်းတို့ကိုမတူညီသော အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် ဒေသဆိုင်ရာ အခြေအနေများနှင့် ကိုက်ညီသော ရေနေသတ္တဝါ မွေးမြူရေးဆိုင်ရာ အလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရန်၊ ၎င်းတို့ကို ရေနေသတ္တဝါ မွေးမြူရေးကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်မှုအသစ်များနှင့် ပေါ်ပေါက်လာသောပြဿနာများကို ထင်ဟပ်စေရန်အတွက် ရည်ရွယ်ပြီး ဖော်ဆောင်ထားပါသည်။

GSA သည် အုပ်ချုပ်မှုနှင့်စီမံကိန်းရေးဆွဲခြင်းအတွက် ရေရှည်တည်တံ့သော ရေနေသတ္တဝါ မွေးမြူရေး၏ အခြေခံအုတ်မြစ်ဖြစ်ပါသည်။ တာဝန်ခံမှု၊ တန်းတူညီမျှမှုနှင့် ထိရောက်မှုကဲ့သို့သော မူများကို မြှင့်တင်ပေးပါသည်။ ထိရောက်သောအုပ်ချုပ်မှုသည် လူ့အဖွဲ့အစည်းနှင့် မွေးမြူရေးသမား နှစ်ဦးစလုံးအတွက် ဘေးအန္တရာယ်များကို လျှော့ချပေးပြီး သင့်လျော်သော အရင်းအမြစ်ခွဲဝေချထားမှုကို သေချာစေပြီး ရင်းနှီးမြှုပ်နှံမှုအတွက် လုံခြုံသောပတ်ဝန်းကျင်ကို မြှင့်တင်ပေးပါသည်။ ကွဲပြားသော ရေသတ္တဝါမွေးမြူရေးစနစ်များနှင့် မျိုးစိတ်များကို အသုံးပြုခြင်းသည် သမားရိုးကျနှင့် ဆန်းသစ်သော စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များမှ အကျိုးကျေးဇူးများ ရရှိပါသည်။ အစာကျွေးရန်မလိုသော မျိုးစိတ် (ဥပမာ- ပင်လယ်ရေမှော်၊ စားကမာ၊ ဂျင်းခရု စသည့်) များကို အသုံးပြုခြင်းနှင့် အစာကျွေးရန် လိုအပ်သော မျိုးစိတ်များ (ငါး၊ ပုစွန်၊ ကဏန်း စသည့်) အစာ နှင့်အစာစီမံခန့်ခွဲမှုကို တိုးတက်ကောင်းမွန်စေခြင်းဖြင့် တာဝန်ယူမှုရှိသော ထုတ်လုပ်မှုသည် အရင်းအမြစ် အသုံးပြုမှုထိရောက်မှုကို တိုးတက်စေပြီး ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုကို လျှော့ချပေးပါသည်။

ရေအရင်းအမြစ်ရရှိသုံးစွဲနိုင်မှု၊ မှန်လုံအိမ်ကဲ့သို့သောစိန်ခေါ်မှုများ ဓာတ်ငွေ့(GHG) ထုတ်လွှတ်မှုနှင့် ညစ်ညမ်းမှုအတွက် ရေပြန်လည်အသုံးပြုခြင်းနည်းစနစ်နှင့် အာဟာရပြန်လည်ရယူခြင်း နည်းစနစ် ကဲ့သို့သော ဖြေရှင်းနည်းများဖြင့် မွေးမြူထုတ်လုပ်ရန် လိုအပ်လာပါသည်။ ရေနေဇီဝမျိုးစုံမျိုးကွဲများနှင့် မျိုးရိုးဗီဇအရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲခြင်းသည် ကျန်းမာသော ဂေဟစနစ်များ၊ လူသားများ၏ ကောင်းကျိုးချမ်းသာနှင့် ထိရောက်သော ထုတ်လုပ်မှုစနစ်များအတွက် မရှိမဖြစ်လိုအပ်ပါသည်။

ရေနေသတ္တဝါမွေးမြူရေး ထုတ်ကုန်များကို အာဟာရအလေးထားသော၊ ရေရှည်တည်တံ့သော အစားအစာစနစ်များတွင် ပေါင်းစပ်ထားသင့်ပါသည်။ လူမှုရေးတာဝန်ယူမှု၊ တန်းတူညီမျှမှုနှင့် သင့်တင့်လျောက်ပတ်သော အသက်မွေးဝမ်းကျောင်းမှုများသည် ရေရှည်တည်တံ့သော ကဏ္ဍတစ်ခုအတွက် အရေးကြီးပြီး အမျိုးသမီးများ၊ လူငယ်များ၊ အားနည်းသူများနှင့် ဘေးဖယ်ခံထားရသောအုပ်စုများ၊ ဌာနေတိုင်းရင်းသားများနှင့် လူနည်းစုများ၊ အသေးစားမွေးမြူရေးသမားများနှင့် မသန်စွမ်းသူများ၏ အရေးကြီးသော အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

သဘောတူညီချက်များနှင့် စံနှုန်းများကို လိုက်နာ

မွေးမြူထုတ်လုပ်ဖမ်းဆီးပြီးနောက် ပြုပြင်ခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် အရည်အသွေး ထိန်းချုပ် မှုအပါအဝင် ယှဉ်ပြိုင်နိုင်သော တန်ဖိုးကွင်းဆက်သည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် အကျိုးကျေးဇူးများကို တန်းတူညီမျှစွာ မျှဝေခြင်းအတွက် မရှိမဖြစ်လိုအပ်ပါသည်။ သဘောတူညီချက် များနှင့်စံနှုန်းများကို လိုက်နာခြင်းဖြင့် လွယ်ကူချောမွေ့စေသော ဈေးကွက်ဝင်ရောက်ခွင့်သည် အရေးကြီးပြီး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ပါသည်။

ထုတ်လုပ်မှုနှင့် အသိပညာလွှဲပြောင်းမှုအတွက် ဒီဂျစ်တယ်နည်းပညာဖြင့် ပံ့ပိုးပေးသော တိုးချဲ့နည်းပညာပေးမှု၊ လူ့စွမ်းအားမြှင့်တင်ရေးသင်တန်း ပေးခြင်းဖြင့် လေ့ကျင့်မှု၊ ရန်ပုံငွေနှင့်နည်းပညာ ရရှိခွင့်များအတွက် ဒီဂျစ်တယ်နည်းပညာများကို အသုံးချ၍ လေ့လာသိရှိနိုင်မှုကဲ့သို့သောအဓိက ဝန်ဆောင်မှုများ၊ ထုတ်လုပ်မှုနှင့် အသိပညာ လွှဲပြောင်းမှုအတွက် ကွန်ရက်ချိတ်ဆက်မှုကိုမြှင့်တင်ရန် ပံ့ပိုးပေးနိုင်ပါသည်။ GSA ကို အကောင် အထည်ဖော်ရာတွင် နိုင်ငံများနှင့် အကျိုးတူပါဝင်သူများ နှစ်ဦးစလုံး၏ လုပ်ဆောင်ချက်များ လိုအပ်ပါသည်။

GSA ကို သက်ဆိုင်ရာ အာဏာပိုင်ထံ GSA အကောင်အထည်ဖော်မှုအပေါ် စောင့်ကြည့်ခြင်း၊ အကဲဖြတ်ခြင်းနှင့် အစီရင်ခံခြင်းအတွက် အရည်အချင်းပြည့်မီသော အာဏာပိုင် သို့မဟုတ် လုပ်ငန်းအဖွဲ့တစ်ခုကို သတ်မှတ်ခြင်းဖြင့် အကောင်အထည် ဖော်နိုင်ပါသည်။ အကောင်အထည်ဖော်မှုတွင် နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း၊ မိတ်ဖက်များတည်ဆောက်ခြင်း၊ ငွေကြေးအကူအညီ၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှု၊ အသိပညာမျှဝေခြင်းနှင့် အတွေ့အကြုံများ ဖလှယ်ခြင်းတို့ကို ထည့်သွင်းစဉ်းစားသင့်ပါကြောင်း ဖော်ပြထားပါသည်။

နိုင်ငံများသည် ထိရောက်သော မူဝါဒနှင့်စီမံကိန်းရေးဆွဲခြင်း၊ ဥပဒေနှင့်အဖွဲ့အစည်းဆိုင်ရာ မူဘောင်များရေးဆွဲပြီး အကောင်အထည်ဖော်သင့်ကြောင်း၊ ၎င်းတွင် နေရာချထားရေးစီမံကိန်း ဖော်ထုတ်မှုများကို အသုံးပြုခြင်းနှင့် အစားအစာစနစ်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အများ ပြည်သူဆိုင်ရာ မူဝါဒများတွင် ရေသတ္တဝါမွေးမြူရေး လုပ်ငန်းကို ပေါင်းစပ်ခြင်းပါဝင်သင့်ကြောင်း၊ နိုင်ငံများသည် သဘာဝအရင်းအမြစ်များနှင့် မွေးမြူရေး လုပ်ငန်းများကို ရေရှည်တည်တံ့စွာ စီမံခန့်ခွဲသင့်ပြီး ဂေဟစနစ်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ခြင်းနှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် ထိခိုက်မှုများ လျှော့ချခြင်းနှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည်ရှိမှုကို ထည့်သွင်းစဉ်းစားသင့်ကာ ရေနေ ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ခြင်း၊ မျိုးရိုးဗီဇအရင်းအမြစ်များကို စီမံခန့်ခွဲခြင်း၊ ရေနေသတ္တဝါ မျိုးသားပေါက်များနှင့် အစာထောက်ပံ့မှု၏ ရေရှည်တည်တံ့မှုကို မြှင့်တင်ခြင်း၊ ဇီဝလုံခြုံရေးကို အားကောင်းစေခြင်းနှင့် တိရစ္ဆာန်များ သက်‌သောင့် သက်သာစွာ နေထိုင်စားသောက်နိုင်ရေး(သို့) တိရစ္ဆာန်ဘဝသာယာဝပြောရေး (Animal Welfare)ကို တိုးတက်ကောင်းမွန်စေခြင်းတို့ ပါဝင်ပါသည်။

နိုင်ငံများသည် ရေနေသတ္တဝါမွေးမြူရေးတွင် လူမှုရေးတာဝန်ယူမှု၊ သင့်လျော်သောအလုပ်၊ လူငယ်များအတွက် အလုပ်အကိုင်နှင့် အမျိုးသမီးများအား အခွင့်အာဏာပေးအပ်ခြင်း အပါအဝင် ကျား၊ မ တန်းတူညီမျှမှုကို မြှင့်တင်သင့်ကြောင်း၊ နိုင်ငံများသည် ရေရှည်တည်တံ့သော ရေနေသတ္တဝါ မွေးမြူရေး တန်ဖိုးကွင်းဆက်များ၊ ပွင့်လင်းမြင်သာပြီး ခန့်မှန်းနိုင်သော ဈေးကွက်ဝင်ရောက်ခွင့်နှင့် ကုန်သွယ်မှုတို့ကို တည်ထောင်သင့်ပြီး အစားအစာဆုံးရှုံးမှုနှင့် အစားအစာဖြုန်းတီးမှုကို လျှော့ချရန် လုပ်ဆောင်သင့်ကြောင်း GSA က လမ်းညွှန်ထား ပါသည်။

အချုပ်အားဖြင့် GSA မှ အကြံပြုလမ်းညွှန်ထားသည်မှာ နိုင်ငံများအနေဖြင့် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်မှုနှင့် တိုင်ပင်ဆွေးနွေးမှု လုပ်ငန်းစဉ်များကို ဆက်စပ်သူများနှင့်အတူ အားလုံးလွှမ်းခြုံခြင်းနှင့် ပေါင်းစည်းဆောင်ရွက်ခြင်းကို နည်းလမ်းများဖြင့် စီမံအုပ်ချုပ်မှု မူဘောင်များအား ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည် ဖော်ဆောင်မှုကို ရှေ့နောက်ညီညွတ်စေရန်၊ စောင့်ကြည့်အကဲဖြတ်ခြင်း အစီအမံများထားရှိရန်၊ ထိရောက်သောစီမံချက်များ ချမှတ်ဖော်ဆောင်ရန်၊ ရေရှည်တည်တံ့သော အရင်းအမြစ်များကို အသုံးပြုခြင်း၊ ရေထုဂေဟစနစ်များနှင့် ဇီဝမျိုးကွဲကြွယ်ဝမှု ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မွေးမြူနည်းစနစ်များ တီထွင်ဆန်းသစ်မှုများကို ဦးစားပေးသည့် မူဝါဒများနှင့် မဟာဗျူဟာများ တိုးမြှင့်လုပ်ဆောင်ရန်၊ လူမှုရေးဆိုင်ရာ တာဝန်သိမှုနှင့် တာဝန်ခံမှု၊ ရိုးသားပွင့်လင်းသောအလုပ်ဖြစ်မှု၊ သာတူညီမျှရှိမှု၊ ရေသတ္တဝါမွေးမြူရေးလုပ်ငန်းနယ်ပယ်များ၌ အမျိုးသမီးများနှင့် လူငယ်လူရွယ်များအား လုပ်ပိုင်ခွင့်များပေးမှု၊ မသန်စွမ်းသူများအပါအဝင် ထိခိုက်လွယ်သော အစုအဖွဲ့များ၏ အခန်းကဏ္ဍကို အသိအမှတ် ပြုခြင်းတို့ကို သိရှိဆောင်ရွက်ရန်နှင့် ယှဉ်ပြိုင်မှု၊ ထိရောက်မှုနှင့် ရေသတ္တဝါမွေးမြူရေးထုတ်လုပ်မှု လုပ်ငန်းစဉ် တန်ဖိုးကွင်းဆက်တစ်လျှောက် အားလုံးပါဝင်စေမှု၊ သင့်တင့်မျှတသော လုပ်ထုံးလုပ်နည်းများကို ဦးစားပေးဆောင်ရွက်မှု၊ ဈေးကွက်ဝင်ရောက်မှုကို ပွင့်လင်းမြင်သာရှိစေမှု၊ ရေသတ္တဝါမွေးမြူရေး ထွက်ကုန်များအတွက် စံနှုန်းများ ကိုက်ညီမျှတစေရန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို တိုးတက်အောင် ဆောင်ရွက်ရန် လမ်းညွှန်ထားပါသည်။

အသိအမှတ်ပြုစနစ် (Certification Scheme) အနေဖြင့် ရေရှည်တည်တံ့သော ငါးမွေးမြူရေးကန်များအတွက် “မြန်မာနိုင်ငံရေရှည်တည်တံ့ငါးမွေးမြူရေးအမှတ်တံဆိပ်” သတ်မှတ်၍ အသိအမှတ်ပြုလက်မှတ် များထုတ်ပေးရေး၊ ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ်များဖြင့် လိုက်နာမွေးမြူ ထုတ်လုပ်သူများအား အားပေးအားမြှောက် ပြုလုပ်ရေး တိုးမြှင့်ဆောင်ရွက်နိုင်ရန် နည်းပညာလွှဲပြောင်း ရေးဌာနများကို ဒေသအလိုက် ရေရှည်တည်တံ့သော ငါးမွေးမြူနည်းပညာများ သင်ကြားပေးသည့် စင်တာများ ဖွင့်လှစ်ရန် လိုအပ်ပါကြောင်း အကြံပြု ရေးသားတင်ပြလိုက်ရပါသည်။      ။

ရည်ညွှန်းကိုးကား

https://www.fao.org/guidelines-sustaina-bleaquaculture/en