Skip to main content

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင့်သုံးလျက်ရှိသည့် (၂၁) ရာစု မဟာဗျူဟာ ‘AI+X’ (သို့မဟုတ်) လုပ်ငန်းတာဝန်များအား ဉာဏ်ရည်တုနည်းပညာ (AI) နှင့် ပေါင်းစပ်ဆောင်ရွက်ခြင်း

မောင်မျိုးခိုင် (ကွန်ပျူတာတက္ကသိုလ်)

ယနေ့မျက်မှောက်ကာလကို ဉာဏ်ရည်တုနည်းပညာ (AI) ခေတ်ဟုခေါ်ဆိုလျက်ရှိကြပါသည်။ ထိုသို့ ခေါ်ဆိုရလောက်အောင်လည်း ကျွန်ုပ်တို့၏ နေ့စဉ် လူမှုစီးပွားဘဝကဏ္ဍစုံ၌ AI က မပါမပြီး လွှမ်းမိုးနေရာယူလျက်ရှိနေပါသည်။ အမည်မည်သောဟင်းလျာတို့ကို ချက်ပြုတ် ကြော်လှော်သည့်အခါတိုင်း “ဆား” သည် မပါမဖြစ်သကဲ့သို့ပင် ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ကြရာ၌ “AI + X” Strategy (သို့မဟုတ်) ဉာဏ်ရည်တုနည်းပညာ (AI) ပေါင်းစပ်ထားသော ဖွံ့ဖြိုး တိုးတက်ရေးမဟာဗျူဟာများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြကြောင်း လေ့လာတွေ့ရှိရပါသည်။

သင်္ချာပညာရပ်တွင် “X” သည် ကိန်းရှင်တစ်ခုဟုဆိုပါက အဆိုပါ ကိန်းရှင်၏နေရာတွင် သက်ဆိုင်ရာလုပ်ငန်းတာဝန်တစ်ရပ်ကို ထည့်သွင်းကာ “AI” နှင့် ပေါင်းစပ်ခြင်းပင်ဖြစ်ပါသည်။ ဥပမာအားဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် AI + Agriculture ၊ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍအတွက် AI + Healthcare ၊ ပညာရေးကဏ္ဍ အတွက် AI + Education ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် AI + Transportation ၊ ဘဏ္ဍာရေးကဏ္ဍအတွက် AI + Finance စသည်ဖြင့် ဖြစ်ပါသည်။

ထိုနည်းတူစွာ နေ့စဉ်အသုံးပြုနေသည့် သာမန်လူဝင်လူထွက် တံခါးတစ်ချပ်အား မျက်နှာ (သို့မဟုတ်) လက်ဗွေပုံဖမ်းစနစ် တပ်ဆင်လိုက်ခြင်းအားဖြင့် သတ်မှတ်လူပုဂ္ဂိုလ်ကိုသာ ဝင်၊ ထွက်ခွင့်ပြုစေခြင်းသည် (AI+Door System) ဖြစ်ပါသည်။ အဖွင့်အပိတ်လုပ်ပေးမည့် လူသားဝန်ထမ်း၏ တွေးခေါ်ဆင်ခြင်နိုင်စွမ်းနေရာတွင် (AI Program) က ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးခြင်းအားဖြင့် (Smart Door System) တစ်ခုဖြစ်သွားစေပါသည်။

တိုးတက်ပြောင်းလဲမှုကြီးပေါင်း လေးကြိမ်ဖြစ်ပေါ်ခဲ့

သမိုင်းတစ်လျှောက် ပြန်လည်လေ့လာသုံးသပ်ကြည့်သည့်အခါ နည်းပညာဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်ကြီးများနှင့်အတူ လူ့ယဉ်ကျေးမှုသည်လည်း လိုက်ပါပြောင်းလဲခဲ့ရပြီး ယနေ့အထိ ထင်ရှားသည့် တိုးတက်ပြောင်းလဲမှုကြီးပေါင်း လေးကြိမ်ဖြစ်ပေါ်ခဲ့ပြီးဖြစ်သည်ဟု သတ်မှတ်ထားကြပါသည်။

ပထမဆုံးအပြောင်းအလဲမှာ ၁၈ ရာစုနှောင်းပိုင်းတွင် ပေါ်ပေါက်ခဲ့သည့် စက်မှုနည်းပညာအပြောင်းအလဲပင်ဖြစ်ပါသည်။ ကျောက်မီးသွေးနှင့် ရေနွေးငွေ့စွမ်းအင်မှတစ်ဆင့် လူ၏လုပ်အားနေရာတွင် စက်များဖြင့် အစားထိုးနိုင်ခဲ့သည့် အပြောင်းအလဲဖြစ်ပါသည်။ လူသားတို့၏ လုပ်ငန်းတာဝန်တိုင်းတွင် စက်မှုနည်းပညာကို ပေါင်းစပ်အသုံးပြုခဲ့ကြခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် ရွက်တပ်ကာ လေစွမ်းအား၊ လူ့လုပ်အားတို့ဖြင့် မောင်းနှင်ရသည့် လှေအစား စက်တပ်မီးသင်္ဘောများကို တည်ဆောက်အသုံးပြုလာကြခြင်း၊ မြင်းရထားများနေရာတွင် မီးရထားများ အစားထိုးလာခြင်း၊ လက်ရက်ကန်းနေရာတွင် စက်ရက်ကန်းဖြင့် အစားထိုးလာခြင်း စသည်တို့ဖြစ်ပါသည်။ နည်းပညာတိုးတက်ပြောင်းလဲမှုကြောင့် လုပ်ငန်းပုံစံများ ပြောင်းလဲခဲ့ခြင်းဖြစ်ပါသည်။ ဤသည်ကိုပင် နည်းပညာပထမလှိုင်းနှင့် ပထမစက်မှုအပြောင်းအလဲ Technology 1.0 and Industry 1.0 ဟု ခေါ်ဆိုသတ်မှတ်ကြပါသည်။ တစ်နည်းအားဖြင့် “စက်မှုနည်းပညာ+လုပ်ငန်းတာဝန်များ (Mechanical+X)” ဟု ဆိုနိုင်မည်ဖြစ်ပါသည်။

ဒုတိယအပြောင်းအလဲမှာ ၁၉ ရာစုနှောင်း၊ ၂၀ ရာစုဦးတွင် ပေါ်ပေါက်ခဲ့သည်ကို တွေ့ရှိရပါသည်။ လျှပ်စစ်စွမ်းအင်ကို ရှာဖွေတွေ့ရှိခဲ့ကြပြီး လူသားတို့ဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်အသီးသီးကိုလည်း လျှပ်စစ်စွမ်းအား ပေါင်းစပ်အသုံးပြုလာကြခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် လျှပ်စစ်စွမ်းအင်မပေါ်ပေါက်မီက မော်တော်ကားစက်နှိုးခြင်းကို လူ့ခွန်အားဖြင့်နှိုးခြင်း၊ ဟွန်းတီးခြင်းကို လေဖိအားသုံးဆောင်ရွက်ခြင်း စသည်အားဖြင့် ဆောင်ရွက်ခဲ့ကြရာမှ လျှပ်စစ်ဖြင့်စက်နှိုးခြင်း၊ လျှပ်စစ်ဟွန်း စသည်တို့ဖြင့် အစားထိုးလာကြခြင်းဖြစ်ပါသည်။ လျှပ်စစ်ရထားများ၊ လျှပ်စစ်ဓာတ်အားသုံး စက်ရုံ၊ အလုပ်ရုံများလည်း ဖြစ်ပေါ်လာကြပါသည်။ ဤသည်ကိုပင် နည်းပညာဒုတိယလှိုင်းနှင့် ဒုတိယစက်မှုအပြောင်းအလဲ Technology 2.0 and Industry 2.0 ဟု ခေါ်ဆိုသတ်မှတ်ကြပါသည်။ တစ်နည်းအားဖြင့် “လျှပ်စစ်စွမ်းအား+ လုပ်ငန်းတာဝန် (Electrical Power + X)”ဟု ခေါ်ဆိုနိုင်ပါသည်။

တတိယအပြောင်းအလဲကို ၂၀ ရာစုနှောင်းပိုင်းတွင် ထွန်းကားခဲ့သည့် ကွန်ပျူတာနှင့် အီလက်ထရောနစ် နည်းပညာတို့ကြောင့် လူသား၏ ပါဝင်ထိန်းကျောင်းမှုကိုလျှော့ချပြီး ကွန်ပျူတာပရိုဂရမ်ဖြင့် အလိုအလျောက် လည်ပတ်မောင်းနှင်သည့် စက်မှုလုပ်ငန်းစနစ် ဖွံ့ဖြိုးတိုးတက်လာခြင်းအဖြစ် တွေ့ရှိရပါသည်။ ဤသည်ကိုပင် နည်းပညာ တတိယလှိုင်းနှင့် တတိယစက်မှုအပြောင်းအလဲ Technology 3.0 and Industry 3.0 ဟု ခေါ်ဆိုသတ်မှတ်ကြပါသည်။ “Computer and Electronic Technology + X ” ဟု ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။

စတုတ္ထအပြောင်းအလဲကို ၂၁ ရာစုဦးမှ ယနေ့မျက်မှောက်ကာလအထိဟု သတ်မှတ်ကြပါသည်။ ကွန်ပျူတာသိပ္ပံမှတစ်ဆင့် ဆင့်ကဲပြောင်းလဲတိုးတက်လာခဲ့သည့် ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence)၊ တစ်ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ဖြန့်ကြက်ဆက်သွယ်မှု အင်တာနက်နှင့် အင်တာနက်ပေါ်မှတစ်ဆင့် တွက်ချက်လုပ်ဆောင်နိုင်သည့် ကိရိယာတန်ဆာပလာများကြောင့် လူသားတို့၏ နေ့စဉ်လုပ်ကိုင်ဆောင်ရွက်နေရသည့် လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက် မှုပုံစံပြောင်းလဲခဲ့ရသည့် အပြောင်းအလဲပင်ဖြစ်ပါသည်။ ဤသည်ကိုပင် နည်းပညာစတုတ္ထလှိုင်းနှင့် စတုတ္ထစက်မှုအပြောင်းအလဲ Technology 4.0 and Industry 4.0 ဟု ခေါ်ဆိုသတ်မှတ်ကြပါသည်။ ယခုတင်ပြမည့် “ဉာဏ်ရည်တုနည်းပညာ+လုပ်ငန်းတာဝန် (AI+X)” ပင် ဖြစ်ပါသည်။

အတိုချုပ်အားဖြင့် နည်းပညာပြောင်းလဲမှုတစ်ခုဖြစ်ပေါ်တိုင်း အဆိုပါနည်းပညာနှင့် ပေါင်းစပ်ဆောင်ရွက်ရသည့် လူသားတို့၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရသည့်ပုံစံပြောင်းလဲခြင်း “နည်းပညာ+လုပ်ငန်းတာဝန် (Technology+Task X)” ပင်ဖြစ်ပါသည်။

လူသားတို့အပေါ်တွင် သက်ရောက်မှုကြီးများဖြစ်ပေါ်ခဲ့

ဖော်ပြပါပြောင်းလဲမှုဖြစ်စဉ်ကြီးများကြောင့် လူသားတို့အပေါ်တွင် သက်ရောက်မှုကြီးများဖြစ်ပေါ်ခဲ့ပါသည်။ အလုပ်အကိုင်သစ်များ ပေါ်ပေါက်လာခြင်းနှင့် ယခင်ရှိရင်းစွဲအလုပ်အကိုင်များမှ အချို့ပျောက်ကွယ်သွားခြင်း၊ လူသားတို့၏ အခြေချနေထိုင်မှုပုံစံပြောင်းလဲလာခြင်း၊ အသုံးပြုစွမ်းအင်နှင့် ကုန်ကြမ်းလိုအပ်ချက် ပြောင်းလဲသွားခြင်း၊ ကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက်လာခြင်း၊ ပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေသည့် အခြေခံအဆောက်အအုံများ လိုအပ်လာခြင်း၊ ပြောင်းလဲမှုနှင့်လိုက်လျောညီထွေဖြစ်စေသည့် ကျွမ်းကျင်လုပ်သား လူ့စွမ်းအားအရင်းအမြစ်သစ်များ လိုအပ်လာခြင်း၊ ရှိရင်းစွဲလုပ်သားများအား အပြောင်းအလဲနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြန်လည်လေ့ကျင့်ပေးရခြင်း၊ စံနှုန်းသတ်မှတ်ချက်များ၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ပြင်ဆင်ပြဋ္ဌာန်းရခြင်းနှင့် ကျင့်သုံးဆောင်ရွက်စေခြင်း၊ လုံခြုံရေးပိုင်းဆိုင်ရာ ပြဿနာများ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာပြဿနာများ စသည့် သက်ရောက်မှုများဖြစ်ပေါ်စေခဲ့ပါသည်။ တစ်နည်းအားဖြင့် အဆိုပါနည်းပညာနှင့် ယှဉ်တွဲလာ သည့် ဂေဟစနစ်တစ်ခုလုံး ပြောင်းလဲခဲ့ခြင်းဟု ဆိုနိုင်ပါသည်။

ဥပမာအားဖြင့် စက်မှုနည်းပညာမထွန်းကားခင်က မော်တော်ကားမရှိပါ။ ထို့ကြောင့် လောင်စာအတွက် စက်သုံးဆီလိုအပ်ချက်လည်းမရှိပါ။ ရေနံတူးဖော်ထုတ်လုပ်ရေးမှသည် စက်သုံးဆီရောင်းဝယ်ရေးအထိ လုပ်ငန်းစဉ်အဆင့်ဆင့်လည်းမရှိပါ။ မော်တော်ကား ထုတ်လုပ်သည့်လုပ်ငန်း၊ ထုတ်လုပ်ရေးပညာရှင်နှင့် လုပ်သား၊ ကားပြင် အလုပ်ရုံနှင့် ကားပြင်ဆရာ၊ ယာဉ်မောင်း စသည့်အလုပ်အကိုင်များ မပေါ်ပေါက်သေးပါ။ မော်တော်ကားလမ်းများ မရှိသေးသကဲသို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေများလည်း မပေါ်ပေါက်သေးပါ။ ယာဉ်မတော်တဆမှုများလည်း မရှိသေးပါ။ မော်တော်ယာဉ်သယ်ယူပို့ဆောင်ရေးစနစ်နှင့် ထိုစနစ်ကို ထိန်းကျောင်းပေးမည့်အဖွဲ့အစည်းများ၊ ယာဉ်ထိန်းရဲများလည်းမရှိသေးပါ။ အဆိုပါအရာအားလုံးသည် စက်မှုနည်းပညာပြောင်းလဲခြင်းတည်းဟူသော အရွေ့ကြောင့်သာ တစ်ပါတည်း ဖြစ်ပေါ်လာရသည့် ဂေဟစနစ်ကြီးပင် ဖြစ်ပါသည်။

အခွင့်အလမ်းအသစ်များနှင့် စိန်ခေါ်မှုအသစ်များကို ယူဆောင်လာမြဲပင်ဖြစ်

နည်းပညာသစ်တစ်ခု ဖြစ်ပေါ်ပြောင်းလဲတိုင်း လူ့ယဉ်ကျေးမှုကြီး တစ်ခုလုံးထံသို့ အခွင့်အလမ်းအသစ်များနှင့် စိန်ခေါ်မှုအသစ်များကို ယူဆောင်လာမြဲပင်ဖြစ်ပါသည်။ ယခု ဉာဏ်ရည်တုနည်းပညာ (AI) တွင် မြောက်မြားလှစွာသော အချက်အလက်များ၊ သိုလှောင် သိမ်းဆည်းမှုနှင့် တွက်ချက်မောင်းနှင်ပေးမည့် ကွန်ပျူတာစွမ်းအားများနှင့် ဆုံးဖြတ်ချက်ချပေးသည့် ဉာဏ်ရည်တုမော်ဒယ်များသည် အခြေခံအုတ်မြစ်များပင် ဖြစ်ပါသည်။ ဤစနစ်ကြီးတစ်ခုလုံးကို ဖန်တီးမောင်းနှင်ရန်အတွက် ကျွမ်းကျင်လုပ်သားများ လိုအပ်သကဲ့သို့ လမ်းကြောင်းမှန်ပေါ်တွင် ဘေးကင်းစွာရှိနေစေရန်၊ ဘက်လိုက်မှုကင်းပြီး တာဝန်ယူမှုရှိစေရန်၊ အလွဲသုံးစားလုပ်ခြင်းမှ ကာကွယ်ရန်တို့အတွက် ကျင့်ဝတ်နှင့် ဥပဒေစံနှုန်းများဖြင့် ထိန်းကျောင်းပေးရမည် ဖြစ်ပါသည်။ နောက်ဆုံးတွင် ဘေးကင်းလုံခြုံသည့် AI နည်းပညာကို လူမှုစီးပွားနယ်ပယ်အသီးသီး၌ လက်တွေ့အသုံးချခြင်းဖြင့် လူ့ယဉ်ကျေးမှုအရွေ့သစ်တစ်ခုကို ဖန်တီးပေးရန်မှာ မျက်မှောက်ကာလ၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုပင်ဖြစ်ပါသည်။

အဆိုပါအခွင့်အလမ်းများကို အမိအရဆုပ်ကိုင်ပြီး စိန်ခေါ်မှုများကို ထိရောက်ငြင်သာစွာ ကိုင်တွယ်ဖြေရှင်းနိုင်မှသာလျှင် ၂၁ ရာစု ကမ္ဘာကြီးနှင့် လိုက်လျောညီထွေ လိုက်ပါဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် ၂၀၁၀ ပြည့်နှစ်ဝန်းကျင်ခန့်မှစတင်ကာ နိုင်ငံအလိုက် အမျိုးသားအဆင့် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာစီမံကိန်းများ၊ ဥပဒေများကို ရေးဆွဲပြင်ဆင်လာခဲ့ကြပါသည်။

မိမိတို့၏ အိမ်နီးချင်းနိုင်ငံများကို လေ့လာကြည့်ရာတွင် အိန္ဒိယနိုင်ငံက သူ၏ “National Strategy for Artificial Intelligence” ကို ၂၀၁၈ ခုနှစ် ဇွန်လတွင်လည်းကောင်း၊ တရုတ်နိုင်ငံက ကမ္ဘာ့အဆင့် AI ဦးဆောင်နိုင်ငံဖြစ်ရေး “The Development Plan of the New Generation of Artificial Intelligence”ကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင်လည်းကောင်း၊ ထိုင်းနိုင်ငံက “Thailand National AI Strategy and Action Plan (2022 – 2027)” ၂၀၂၂ ခုနှစ် ဇူလိုင်လတွင်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက “National Strategy for Artificial Intelligence Bangladesh” ကို ၂၀၂၀ ပြည့်နှစ် မတ်လတွင်လည်းကောင်း အသီးသီးပြဋ္ဌာန်းခဲ့ကြပါသည်။

ဒေသတွင်းနိုင်ငံများကို လေ့လာရာတွင် ဗီယက်နမ်နိုင်ငံက “The National Strategy on Research, Development and Application of Artificial Intelligence until the Year 2030”ကို ၂၀၂၁ ခုနှစ်တွင်လည်းကောင်း၊ စင်ကာပူနိုင်ငံက AI မဟာဗျူဟာ စီမံကိန်း “Singapore National AI Strategy 1.0”ကို ၂၀၁၉ ခုနှစ်တွင်လည်းကောင်း၊ “Singapore National AI Strategy 2.0” ကို ၂၀၂၃ ခုနှစ်တွင်လည်းကောင်း၊ မလေးရှားနိုင်ငံက AI လမ်းပြ မြေပုံ “Malaysia National Artificial Intelligence Roadmap 2021-2025” ကို ၂၀၂၁ ခုနှစ်တွင်လည်းကောင်း အသီးသီးပြဋ္ဌာန်းခဲ့ကြသည်ကို တွေ့ရှိရပါသည်။

ဥရောပနိုင်ငံများကို လေ့လာကြည့်ရာတွင် European Union (EU) အဖွဲ့ဝင် နိုင်ငံ ၂၇ နိုင်ငံလုံးအတွက် “EU AI Act” ကို ၂၀၂၁ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် စတင်အဆိုပြုခဲ့ပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် တရားဝင်အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံအားလုံး၌ တစ်ပြေးညီ စတင်ကျင့်သုံးမည်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

အိန္ဒိယသမုဒ္ဒရာထဲရှိ ကျွန်းနိုင်ငံဖြစ်သည့် မောရစ်ရှနိုင်ငံအား လေ့လာကြည့်ရာတွင် “Mauritius AI Strategy”ကို ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး အာဖရိကနိုင်ငံများအနက် AI မဟာဗျူဟာကို ပထမဆုံးထုတ်ပြန်ခဲ့သည့် နိုင်ငံများထဲတွင် ပါဝင်သည်ကို တွေ့ရှိရပါသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် ဖြစ်ပေါ်ပြောင်းလဲတိုးတက်လာသည့် AI နည်းပညာကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင် အသုံးချနိုင်ရေး၊ AI နည်းပညာ၏ ဘေးထွက်ဆိုးကျိုးများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးတို့အား အမျိုးသားရေးအသွင်ဖြင့် ပြင်ဆင်နေကြသည်ကို လေ့လာတွေ့ရှိရပါသည်။

အိန္ဒိယနိုင်ငံ၏ပြင်ဆင်ထားရှိမှု

ထိုသို့ပြင်ဆင်ထားကြသည့် နိုင်ငံများအနက်မှ မိမိတို့နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ၏ ပြင်ဆင်ထားရှိမှုကို ၂၀၁၈ ခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့သည့် သူ၏ “အမျိုးသားအဆင့် ဉာဏ်ရည်တုနည်းပညာ မဟာဗျူဟာစီမံကိန်း” (National Strategy for Artificial Intelligence) ကို ကိုးကား၍ သာဓကတစ်ခုအနေဖြင့် တင်ပြလိုပါသည်။ အဆိုပါ မဟာဗျူဟာစီမံကိန်းကို အိန္ဒိယအစိုးရ၏ အဆင့်အမြင့်ဆုံး အများပြည်သူဆိုင်ရာ မူဝါဒရေးရာလေ့လာအကြံပြုအဖွဲ့ဖြစ်သည့် NITI Aayog (National Institution for Transforming India)မှ ဦးဆောင်ရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါစီမံကိန်း၏ အဓိကရည်မှန်းချက်မှာ “အိန္ဒိယနိုင်ငံအား AI နည်းပညာတွင် ကမ္ဘာ့ဦးဆောင်နိုင်ငံတစ်ခုဖြစ်လာစေရန်၊ AI နည်းပညာကိုအသုံးပြု၍ စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် ကဏ္ဍပေါင်းစုံကိုမြှင့်တင်ရန်” ဖြစ်ပါသည်။

ဦးစွာ နိုင်ငံ၏ အခြေခံအချက်အလက်များအပေါ်တွင် လေ့လာဆန်းစစ်၍ စိန်ခေါ်မှုအများဆုံးကဏ္ဍကြီး (၅) ရပ်ကို ဉာဏ်ရည်တု နည်းပညာ (AI) ဖြင့် ပေါင်းစပ်မြှင့်တင်ရန် ဆောင်ရွက်ထားသည်ကို တွေ့ရှိရပါသည်။

အဆိုပါကဏ္ဍကြီး(၅)ရပ်မှာ-

(၁) ကျန်းမာရေးကဏ္ဍ၊

(၂) စိုက်ပျိုးရေးကဏ္ဍ၊

(၃) ပညာရေးကဏ္ဍ၊

(၄) မြို့ပြနှင့် အခြေခံအဆောက်အအုံ၊

(၅) သယ်ယူပို့ဆောင်ရေးကဏ္ဍ တို့ဖြစ်ပါသည်။

၂၀၃၅ ခုနှစ်အရောက်တွင် ဉာဏ်ရည်တုနည်းပညာ(AI)၏ ပံ့ပိုးမှုကြောင့် အိန္ဒိယစီးပွားရေးသည် အမေရိကန်ဒေါ်လာ တစ်ထရီလီယံအထိ တိုးတက်လာလိမ့်မည်ဟု အိန္ဒိယအနေဖြင့် တွက်ဆထားကြောင်း အဆိုပါမဟာဗျူဟာတွင် ဖော်ပြထားသည်ကိုလည်း တွေ့ရှိရပါသည်။ ဤသည်မှာ အိန္ဒိယစီးပွားရေး ‘X’ ကို AI ပေါင်းထည့်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးပင်ဖြစ်ပါသည်။

ပထမဦးဆုံးအနေဖြင့် ကျန်းမာရေးကဏ္ဍဖြစ်ပါသည်။ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် လူအများစုသည် ကျန်းမာရေးဝန်ထမ်း၊ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းနှင့် လူဦးရေအချိုးအစား မမျှတမှု၊ ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုကို နိုင်ငံဧရိယာ၏ ဒေသတိုင်းရှိလူတိုင်း လက်လှမ်းမမီနိုင်မှု၊ ဆေးကုသမှုကုန်ကျစရိတ် စသည့်စိန်ခေါ်မှုများကို ရင်ဆိုင်ရလျက်ရှိပါသည်။

အဆိုပါ အခက်အခဲများကို ဖြေရှင်းကျော်လွှားနိုင်ရန်အတွက် AI အခြေပြုရောဂါရှာဖွေရေးစနစ်၊ လူတစ်ဦးချင်းစီနှင့်ကိုက်ညီသော ကုသမှုများ၊ ဖြစ်ပွားလာနိုင်သည့် ကမ္ဘာ့ကပ်ရောဂါများကို ကြိုတင်ဖော်ထုတ်ခြင်းနှင့် ပုံရိပ်ဖော်ရောဂါရှာဖွေခြင်း စသည့် AI နည်းပညာ အထောက်အကူပြု ကျန်းမာရေးစောင့်ရှောက်မှုစနစ်များဖြင့် အားဖြည့်ဖြေရှင်းရန် ရည်ရွယ်ထားသည်ကို တွေ့ရှိရပါသည်။

ထို့ကြောင့် နေမကောင်းမှသာ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ကုသမှုခံယူသောစနစ်မှ အချိန်ပြည့်စောင့်ကြည့်ဝန်ဆောင်မှုပေးနိုင်သည့် (True Health Care) စနစ်သို့ AI ၏ အကူအညီဖြင့် ပြောင်းလဲနိုင်ရန်ရည်ရွယ်ပါသည်။ ဥပမာအားဖြင့် နေမကောင်းမှသာ ဆေးခန်းသို့သွား၍ သွေးပေါင်ချိန်တိုင်းခြင်းမှ သွေးပေါင်ချိန်တိုင်း လက်ပတ်နာရီကို ဝတ်ဆင်ထားခြင်းဖြင့် အချိန်ပြည့် မိမိ၏သွေးပေါင်ချိန်ကို စောင့်ကြည့်နေနိုင်ခြင်းသို့ ပြောင်းလဲခြင်းကဲ့သို့ပင် ဖြစ်ပါသည်။

ဒုတိယအနေဖြင့် စိုက်ပျိုးရေးကဏ္ဍဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ၏ အခြေခံပင်မစီးပွားရေးဖြစ်ပြီး ၄၉ ရာခိုင်နှုန်းသော နိုင်ငံ့လုပ်သား အင်အားစုကြီး ပါဝင်လုပ်ကိုင်လျက်ရှိသည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍအား မိရိုးဖလာစိုက်ပျိုးရေးမှ AI နည်းပညာပေါင်းစပ်ထားသော ခေတ်မီစိုက်ပျိုးရေးသို့ပြောင်းလဲကာ များပြားလှသော နိုင်ငံ့လူဦးရေအတွက် စာရေရိက္ခာဖူလုံရေးပင်ဖြစ်ပါသည်။

အိန္ဒိယအစိုးရ၏ “တောင်သူလယ်သမားများ၏ ဝင်ငွေအား နှစ်ဆမြှင့်တင်ပေးနိုင်ရေး” ရည်မှန်းချက်ကိုလည်း အကောင်အထည်ဖော်နိုင်ရေးဖြစ်ပါသည်။ ဥပမာအားဖြင့် မြေဆီလွှာအရည်အသွေး စောင့်ကြည့်ထိန်းသိမ်းခြင်း၊ ထိရောက်သောရေပေးဝေမှုနှင့် ရေသုံးစွဲမှု၊ ပိုးမွှားအန္တရာယ်စောင့်ကြည့်ရေး၊ ရိတ်သိမ်းခြွေလှေ့လုပ်ငန်းများတွင် အလေအလွင့်နည်းပါးစေရေး စသည်တို့အတွက် AI နည်းပညာသုံး အထောက်အကူပြုစနစ်များအသုံးပြု၍ ခေတ်မီလယ်ယာဆောင်ရွက်ခြင်း၊ တောင်သူလယ်သမားလက်မှ စားသုံးသူလက်ဝယ်သို့ ရောက်ရှိ သည်အထိ စိုက်ပျိုးထုတ်လုပ်ရောင်းချမှု လုပ်ငန်းစဉ်ကြီးတစ်ခုလုံး အဆင်ပြေချောမွေ့စေရေးအတွက် AI နည်းပညာ၏ အထောက်အကူ ရယူရေးပင်ဖြစ်ပါသည်။

တတိယအနေဖြင့် ပညာရေးကဏ္ဍဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ၏ များပြားလှစွာသော လူငယ်ဦးရေကို အရည်အသွေးပြည့် လူ့စွမ်းအားအရင်းအမြစ်အဖြစ် ပြုစုပျိုးထောင်ပြီး နိုင်ငံ့ကုန်ထုတ်လုပ်မှုလုပ်ငန်းအတွက် ထိရောက်စွာ အသုံးချနိုင်ရေးမှာ ကြီးလေးသောတာဝန်ဖြစ်ပါသည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း စသည်အားဖြင့် ပညာရေးအဆင့်အလိုက် ကျောင်းဆက်လက်တက်ရောက်နိုင်ရေး၊ ဆရာ မလုံလောက်မှုနှင့် ဆရာ၊ ကျောင်းသား အချိုးမျှတရေး၊ စာသင်ကျောင်းနှင့် သင်ထောက်ကူပစ္စည်း လုံလောက်ရေး၊ သက်မွေးပညာသင်ကြားရေး၊ ကျေးလက်မြို့ပြ နေရာဒေသအနှံ့ ပညာရေးလက်လှမ်းမီစေရေး စသည့် စိန်ခေါ်မှုများကို ပညာရေးအထောက်အကူပြု AI နည်းပညာသုံးစနစ်များ (EdTech – Educational Technology) ဖြင့် ပေါင်းစပ်ဖြေရှင်းရေးပင်ဖြစ်ပါသည်။

စတုတ္ထအနေဖြင့် ခေတ်မီမြို့ပြနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ရေးဖြစ်ပါသည်။ လက်ရှိ အိန္ဒိယနိုင်ငံတွင် မြို့ပြ၌ အခြေချနေထိုင်သူမှာ နိုင်ငံလူဦးရေ၏ ၄၅ ရာခိုင်နှုန်းရှိပြီး ၂၀၅၀ ပြည့်နှစ်အရောက်တွင် ၆၀ ရာခိုင်နှုန်းရှိလိမ့်မည်ဟု ခန့်မှန်းထားပါသည်။ ထိုသို့ ထူထပ်များပြားလှသော မြို့ပြနေလူဦးရေကြောင့် ယာဉ်ကြောကျပ်ခြင်းနှင့် လမ်းပိတ်ဆို့ခြင်း၊ လျှပ်စစ်မီးနှင့် သောက်သုံးရေလိုအပ်ချက်၊ မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်၊ အမှိုက်သိမ်းစနစ်၊ စာပို့စနစ်၊ မီးသတ်စနစ်ကဲ့သို့သော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ ကူးစက်ရောဂါ၊ ရာဇဝတ်ပြစ်မှုများ၊ ကျပ်တည်းကျဉ်းမြောင်းသော အိမ်ရာများ၊ ဥယျာဉ်နှင့် ပန်းခြံကဲ့သို့သော အစိမ်းရောင်ဧရိယာ လိုအပ်ချက် စသည့် ပြဿနာများကို ရင်ဆိုင်လာရပါသည်။

မြို့ပြစီမံခန့်ခွဲမှုလုပ်ငန်းများကို ယခုကပင် ကြိုတင်စီမံခန့်ခွဲမှုမရှိပါက မြောက်မြားလှစွာသော ပြဿနာများကို ထပ်မံကြုံတွေ့ရမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါပြဿနာများကို ဖြေရှင်းရန်အတွက် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးပေါင်း ၉၉ မြို့ကို AI နည်း ပညာသုံးမြို့ပြစီမံခန့်ခွဲမှုစနစ်များ အသုံးပြုသည့် ခေတ်မီမြို့တော် (Smart City) များအဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

ပဉ္စမအနေဖြင့် သယ်ယူပို့ဆောင်ရေးကဏ္ဍဖြစ်ပါသည်။ သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးသည် ခေတ်သစ်စီးပွားရေးအတွက် အဓိကပင်မကျောရိုးပင်ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံတွင် လူအများစု မှီခိုအားထားရသည့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးမှာ ကားလမ်းနှင့် ရထားလမ်းတို့ဖြစ်သည်။ ယာဉ်ကြောပိတ်ဆို့မှုနှင့် လမ်းအန္တရာယ်ဖြစ်ပွားမှုများ၊ ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေ မြင့်မားခြင်း၊ အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် အခြေခံအဆောက်အအုံလိုအပ်ချက်များ စသည်တို့ကို ဖြေရှင်းတည်ဆောက်နိုင်ရန်အတွက် AI နည်းပညာသုံး အလိုအလျောက်မောင်းနှင်သည့် ကုန်တင်ယာဉ်စနစ်၊ သယ်ယူပို့ဆောင်ရေးစနစ်များ၊ ခရီးစဉ်လမ်းကြောင်းနှင့် ယာဉ်စီးဆင်းမှု အကောင်းဆုံးဖြစ်အောင် စီမံခန့်ခွဲခြင်း၊ AI နည်းပညာရထားလမ်းစနစ်၊ လူမှုအသိုက်အဝန်း အခြေပြုယာဉ်ရပ်နားမှုစနစ်တို့ဖြင့် ဖြေရှင်းသွားရန်ရည်ရွယ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

ဤသို့ဖြင့် အိန္ဒိယနိုင်ငံသည် “AI for All” (အားလုံးအတွက် AI) ဟူသော ဆောင်ပုဒ်ကိုချမှတ်ကာ အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

ဤသည်ကို လေ့လာကြည့်ခြင်းအားဖြင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတို့က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဉာဏ်ရည်တုနည်းပညာ (AI) ကို မပါမပြီး ပေါင်းစပ်အသုံးပြုသွားရမည့် အရှိန်မြှင့်ကိရိယာအဖြစ် အသုံးချလျက်ရှိကြသည်ကို တွေ့ရှိရပါသည်။ ဉာဏ်ရည်တုနည်းပညာ (AI) က ယူဆောင်လာမည့် အခွင့်အလမ်းများကို မည်သို့ဖမ်းဆုပ်မည်နှင့် ဘေးထွက်ဆိုးကျိုးများကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ကိုလည်း အလေးအနက်ထား ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြကြောင်းကိုလည်း တွေ့မြင်ရပါသည်။

သို့ဖြစ်ပါ၍ ၂၁ ရာစု ကမ္ဘာကြီးနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြရာတွင် ဉာဏ်ရည်တုနည်းပညာ (AI) သည် မဖြစ်မနေ ပေါင်းစပ်အသုံးချရမည့် နည်းပညာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

ကိုးကား

“National Strategy for Artificial Intelligence”, NITI Aayog, The Government of India, June 2018.

“The Development Plan of the New Generation of Artificial Intelligence”, State Council, The People’s Republic of China, 8 July 2017.

“Thailand National AI Strategy and Action Plan (2022 – 2027)”, Thailand, July 2022.

“National Strategy for Artificial Intelligence Bangladesh”, Bangladesh, March 2020.

“National Strategy on AI research, Development and Application to 2030”, January 2021, Vietnam.

“Singapore National AI Strategy 1.0, 2019” and “Singapore National AI Strategy 2.0, 2023”, Singapore.

“Malaysia National Artificial Intelligence Roadmap 2021-2025”, August 2021.

“EU AI Act”, European Union, 13 June 2024.

“Mauritius AI Strategy”, 2018.